သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ လူထုစိတ်ဝင်စားမှုနည်း


ရန်ကုန်စည်ပင်ရွေးကောက်ပွဲ အတွက် ပိုစတာတခု

ရန်ကုန် စည်ပင်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာ လိုတော့ပေမယ့် လူထုစိတ်ဝင်စားမှုကတော့ မြင့်တက်မလာဘူးလို့ ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ရွေးကောက်ပွဲအပေါ် လူတွေ စိတ်ဝင်စားပြီး မဲပေးလာအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်လို့လည်း ထောက်ပြကြပါတယ်။ ကိုကောင်းစံဟိန်းက အပြည့်စုံ တင်ပြပေးပါမယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို မကြာခင်ရက်ပိုင်းမှာ ကျင်းပကြတော့မှာမို့ ကိုယ်စားလှယ်တွေဟာ မဲဆန္ဒနယ်အလိုက် မဲဆွယ်စည်းရုံးရေးတွေကို အကြိတ်အနယ် ပြုလုပ်နေကြပါပြီ။

နေ့စဉ်ပြည်သူလူထုရဲ့ နေထိုင်စားသောက်ရေးတွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ စည်ပင်သာယာရေး ဌာန ရွေးကောက်ပွဲကို မတ်လ ၃၁ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုအောင်ခန့်ကတော့ ပြည်သူလူထုကို ရွေးကောက်ပွဲ အသိပညာပေးမှု အားနည်းနေတယ်လို့ ပြောပါတယ်။

“ကျနော်အခု လှည်းတန်းမှာ ရောက်နေပြီပေါ့နော်၊ ကျနော့်နောက်မှာ ရှိတဲ့ လူတပုံကြီးက ကျနော်တို့ရွေးကောက်ပွဲရှိမှန်းတာင် မသိကြဖူးဗျ။ ကျနော်တို့ အများစုကလည်း သိထားတဲ့ Data အရဆို လုထုဟာ ၁၀ရာခိုင်နှုန်းတောင်မရှိကြဖူး ဒီရွေးကောက်ပွဲရှိတဲ့အကြောင်းကို။ မဲဆွယ်ကာလကလည်း တစ်လဆိုတဲ့အတွက် နည်းပါတယ်ခင်ဗျ။ ကျနော်တို့ ကိုယ်စားလှယ်လောင်းအနေနဲ့ ကတော့ ရတဲ့အချိန်မှာ ရအောင် အခွင့်အရေးယူ ရမှာပေါ့နော်။သို့သော်လည်း ပြည်သူလူထုကို အသိတရားပေးရမှာ အားနည်းပါတယ်။ ဘာလို့လည်းဆိုတော့ ထုံးစံအရကလည်း ၂ခါ ၃ခါ ဒီလောက်ဘဲ ရှိသေးတယ်ဆိုတော့ လူထုအနေနဲ့ မဲပေးရမယ့်တာဝန် မဲပေးရမယ့်အသိတရား ၊ မဲပေးရင်တောင်မှ စည်ပင်ရွေးကောက်ပွဲဆိုတာ ဘာအတွက်လဲဆိုတာချပြထားတာ ကျနော်တို့နည်းသေးတယ်ဗျ။”

စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးအောင်ခိုင်ကတော့ ပြည်သူလူထုကိုယ်တိုင် စိတ်ဝင်စား လာစေဖို့ အတွက် ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ရမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဥပဒေပြင်မလား ဒါကနိုင်ငံတော်အဆင့်နဲ့ ဖြစ်သါားပီ။မဲမပေး မနေရ ဥပဒေပြင်မလား။ဒါဆိုရင် မဖြစ်မနေအကုန်လုံး မဲပေးလာကြလိမ့်မယ်။ တခြားနိုင်ငံတွေလိုလေ။ဒါက တော်တော်လေး အရေးကြီးတဲ့ကိစ္စထဲမှာပါလို့ ကျနော်က ထည့်သွင်းပြောကြားခြင်း ဖြစ်ပါတယ်။ လူတွေစိတ်ဝင်စားအောင်ဆိုတာက ပြောနေလို့မရဘူးလေ။ဒါကသူ့ရဲ့ လုပ်ပိုင်ခွင့်ကို မဲပေးချင်လည်း ပေးလို့ရတယ်။မပေးချင်လည်း မပေးလို့ရတယ်ဆိုတော့ မင်းစားချင်စားကွာ ၊ မစားချင်လည်း နေကွာဆိုတော့ မစားချင်တဲ့လူက မစားဘူးပေါ့”

မတ်လ ၃၁ ရက်နေ့ကျရင် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၃ မြို့နယ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၆ ဦး၊ မြို့နယ် အသီးသီးက စည်ပင်သာယာရေး ကော်မတီတွေ အတွက် တမြို့နယ်ကို ၃ ဦးနှုန်းနဲ့ စုစုပေါင်း ၉၉ ဦးကို သက်ဆိုင်ရာ ရန်ကုန်မြို့တော်သူ မြို့တော်သားတွေက မဲပေး ရွေးချယ်ကြရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဒေါက်တာစံလှကျော် စည်ပင်ရွေးကောက်ပွဲ နဲ့ပက်သက်ပီး ပြည်သူတစ်ဦးအနေနဲ့ ခုလိုပြောပါတယ်။

“လူတွေက အရင်ကလည်း ရန်ကုန်မှာ စည်ပင်ရွေးကောက်ပွဲတွေ လုပ်ပြီးပြီ။ ဘာမှ ထူးခြားမှုမရှိတော့လေ ၊ စည်ပင်ကို လူတွေက ငါတို့ရွေးကောက်လိုက်လည်း အဲလူတွေက အလကားပဲ သိပ်ပြီးတော့ ထိထိရောက်ရောက်မလုပ်ကြပါဘူးဆိုတဲ့ အမြင်တွေရှိနေကြလို့ ထင်ပါတယ်။”

ရွေးကောက်ခံရတဲ့ မြို့တော်စည်ပင်ကော်မတီဝင် ၆ ဦးနဲ့ တိုင်းအစိုးရက ခန့်ထားတဲ့ မြို့တော်ဝန်အပါအဝင် လက်ရှိ ကော်မတီဝင် ၅ ဦးပူးပေါင်းပြီး ကျန်ရှိတဲ့ သက်တမ်း ၂ နှစ်တာအတွက် တာဝန်ထမ်းဆောင်ကြရမှာပါ။ ဥပဒေအသစ်အရ ထူးခြားချက်တခုက တော့ ရွေးကောက်ခံ ၆ ဦးထဲက တဦးကို ဒုတိယမြို့တော်ဝန်အဖြစ် ကော်မတီဝင်တွေအားလုံးက လျှို့ဝှက်မဲပေး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ လာမယ့်ဧပြီလအတွင်းမှာ စတင်အသက်ဝင်လာမယ့် စည်ပင်ကော်မတီဝင် အသစ်တွေအနေနဲ့ နောက် ၂နှစ်တာကာလအတွင်း ရန်ကုန်မြို့ကြီး ပြောင်းလဲသွားအောင်၊ လူထုအတွက် စည်ပင် ဖြစ်လာအောင် ဘယ်လောက် စွမ်းဆောင်နိုင်ကြပါမလဲ … ရန်ကုန်သူရန်ကုန်သားတွေ အားလုံးက စောင့်ကြည့် အကဲဖြတ်နေကြမှာပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG