သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ရန်ကင်းမြို့နယ်တွင်း ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွား


ရန်ကုန်မြို့ လမ်းတခုမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၁၉၊ ၂၀၂၁)
ရန်ကုန်မြို့ လမ်းတခုမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းမှာ ဒီနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး မြို့နေရာအနှံ့မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် တောင်ဒဂုံမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာလည်း ဒီနေ့မှာ ဘတ်စ်ကားတွေ မီးလောင်ကျွမ်းတာတွေ၊ ပေါက်ကွဲတာတွေ ရှိခဲ့ပါတယ်။ အခုလို ပေါက်ကွဲမှုတွေကြောင့် မြို့ခံတွေကြားမှာတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်နဲ့ ဗဟန်းမြို့နယ်ကြားမှာရှိတဲ့ မြန်မာပလာဇာအနီးမှာတော့ ဒီနေ့ နေ့လယ်ပိုင်းက ဗုံး ၃ လုံးထက်မနည်း ပေါက်ကွဲခဲ့ပါတယ်။ မြန်မာပလာဇာအနီးက စက်မှု ၁ လမ်းပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ အဲဒီအနီးအနားမှာရှိနေသူ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“၃ လုံးပေါ့၊ ၃ လုံးပေါက်တာ၊ ၂ လုံးက ၂ နာရီလောက်က။ အိမ်ပေါ်ကနေ ကြားရတာ။ ပထမ ၁ လုံးပေါက်တယ်၊ နောက်ထပ် ၁ လုံး ထပ်ပေါက်တယ်။ ၂ နာရီခွဲလောက်မှာ နောက်ထပ် ၁ လုံး ထပ်ပေါက်တယ်။ အဲဒါ နောက်ဆုံးအလုံးပဲ ပေါက်သွားတာ။ ၃ လုံးပေါက်တာ။ အသံကျယ်တယ်။ ကျနော်တို့ အိမ်မှာနေတယ်ဆိုတော့လေ အဲယားကွန်းလည်းဖွင့်၊ မှန်လည်း ပိတ်ထားတယ်ဆိုတော့။ အထဲထိတောင် ကြားရတယ်။”

ပေါက်ကွဲမှုကြောင့် ဘယ်နှစ်ယောက် ထိခိုက်ဒဏ်ရာရတယ် ဆိုတာတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘဲ အဲဒီ စက်မှု ၁ လမ်းမကြီးကိုတော့ ပိတ်ထားပြီး ရန်ကင်းမြို့နယ်အတွင်းမှာလည်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ အဆိုပါမြို့ခံက ပြောပါတယ်။ ဒီနေ့မနက် အစောပိုင်းကတည်းကလည်း ရန်ကင်း ဘောက်ထော်က မှတ်တမ်းရုံးနေရာမှာ အသစ်ဆောက်လုပ်ထားတဲ့ စစ်ကောင်စီရဲ့ ဆေးရုံအသစ်တခုကို ဖွင့်လှစ်ဖို့ရှိနေတဲ့အတွက် မြို့နယ်အတွင်းမှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ ပြောပါတယ်။

တောင်ဒဂုံမြို့နယ်အတွင်းမှာ ရပ်နားထားတဲ့ YBS ဘတ်စ်ကား ၂ စင်း ဒီနေ့ အစောပိုင်းက မီးလောင်သွားခဲ့ပါတယ်။ ဘာကြောင့် မီးလောင်ကျွမ်းတာလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာလည်း ဒီနေ့ ညနေပိုင်းက ခရီးသည်တင် ဘတ်စ်ကားတစင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဘာကြောင့်ပေါက်ကွဲတယ် ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန်မြို့အတွင်း နေရာအတော်များများမှာ စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် BOC ဘက်က သမာဓိလမ်းသွယ်တွေမှာလည်း ဒီနေ့ လူ ၁ ဒါဇင်ကျော် ဖမ်းဆီးခံရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သမာဓိ ၃ လမ်း လမ်းထိပ်မှာ ကွမ်းယာဆိုင်လေးရှိတယ်။ အိမ်ရဲ့အကာ အမှီလေးမှာ အမိုးလုပ်ပြီး ကွမ်းယာရောင်းတာ။ အဲဒီကောင်လေးက နိုင်ငံရေးလည်း မလုပ်ဘူး။ သူ့ကို ပါးရိုက် ထိုးကြိတ်ပြီးတော့ ဖမ်းသွားရော၊ သူ့အမေက မနက်ဆို ဈေးရောင်းတယ်။ အဲဒီအချိန်မှာ သူ့အမေက မလုပ်ပါနဲ့၊ အဲဒါ ကျမသားပါ၊ မလုပ်ကြပါနဲ့၊ ကျမသားက အေးအေးဆေးဆေးပဲနေတာ ဘာညာနဲ့ ဆိုပြီးပြောတော့ အဲဒါဆို ခင်ဗျားပါလိုက်ခဲ့ဆိုပြီး သူ့အမေပါ ခေါ်သွားတယ်။ ခေါ်လည်းခေါ်သွားပြီးရော စစ်သားတွေက ဘာပြောလဲဆိုတော့ မဆိုင်တဲ့သူတွေ ထွက်မလာနဲ့၊ ထွက်လာရင် အကုန်ပစ်သတ်မှာဆိုပြီး အဲဒီလိုပြောတယ်။ သူတို့မှာ စာရွက်ပါတယ်၊ နာမည်စာရင်းတွေပါတယ်။ အဲဒီအချိန်မှာ သမာဓိ ၂ လမ်းမှာ ရောက်တော့ သူတို့က သူတို့ဆရာကို ကျနော်တို့ သမာဓိ ၂ လမ်းရောက်နေပြီ ဗိုလ်ကြီး၊ ကျနော်တို့ ဘာဆက်လုပ်ရမလဲဆိုတော့ အဲဒါဆိုလည်း မင်းတို့ ၁၆/ခ ကို သွားဖမ်းလိုက်တဲ့။ နာမည်ဘယ်သူ ဘယ်သူပေါ့။ အဲဒီမှာ ၁၃ ယောက်ပါသွားတယ်။ အတိအကျ ၁၃ ယောက် ပါသွားတယ်။”

ဒါ့အပြင် လှိုင်သာယာမြို့နယ်တွင်းက ရွှေလင်ပန်းအိမ်ရာဘက်မှာ လူငယ် ၇ ဦးကိုလည်း မနေ့ညက စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ ရန်ကုန်မြို့တွင်းမှာ လုံခြုံရေးတွေဘက်က ဖမ်းဆီး စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်နေတာတွေအပြင် ပေါက်ကွဲမှုတွေလည်း ဖြစ်လာနေတာကြောင့် သွားရလာရတာ လုံခြုံမှုမရှိတော့သလို မြို့ရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အပြင်သွားတာတော့ တကယ်တမ်း ပြောရမယ်ဆိုရင်တော့ လုံခြုံမှုမရှိဘူး၊ Safe မဖြစ်ဘူးပေါ့နော်။ ကလေးတွေတောင် အပြင်မခေါ်ရဲဘူး။ တခုခုဖြစ်မှာစိုးလို့လေ။ ကိုယ်တွေတောင် လန့်လန့် လန့်လန့်နဲ့ သွားနေရတယ်။ သိပ်ပြီးတော့ မလုံခြုံဘူးပေါ့နော် သွားနေရတာ။ အဆင်မပြေဘူးပေါ့နော်။ သွားတော့ သွားနေရတယ်၊ လူတွေကတော့ ထွက်တာကကျတော့ လုံးဝ မဖြစ်မနေ ထွက်ရတယ်။ မနက်ဆိုထွက်တယ်။ အခု ညနေ ၄ နာရီ၊ ၅ နာရီ၊ ၆ နာရီလောက်ဆို ရန်ကုန်မှာ လုံးဝ လူရှင်းသွားပြီ။ ပိုက်ဆံတွေဘာတွေဆိုရင်လည်း အများကြီးတွေ မထည့်သွားရဲဘူးပေါ့။ ဟိုဝှက် ဒီဝှက်ပေါ့နော်။ တခါတခါ အပြင်သွားမယ်ဆိုရင် အကုန်လုံး ကားတွေကို စစ်ရတယ်။ စစ်လို့ တခုခု ခဲလုံးလေးများရှိရင် သူတို့ ပြဿနာရှာမှာစိုးလို့။ သိပ်ပြီးတော့ လုံခြုံမှုမရှိဘူး၊ ထွက်ရတာလည်း အရမ်းအလုပ်ရှုပ်တယ်။ ဖုန်းတောင် တခါတလေဆိုရင် ယူတောင်မယူသွားတော့ဘူး၊ အိမ်မှာထားခဲ့ရတယ်။”

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကလည်း ရန်ကင်းမြို့နယ်အတွင်းက အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာလည်း ရန်ကုန်မြို့နယ်တချို့ အပါအဝင် နိုင်ငံတဝန်းက တခြားနေရာတွေမှာလည်း ပေါက်ကွဲမှုတွေ အတော်များများ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)












XS
SM
MD
LG