သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ NLD ကိုယ်စားလှယ်တွေအနိုင်ရ


YCDC ရွေးကောက်ပွဲ
YCDC ရွေးကောက်ပွဲ

တနင်္ဂနွေနေ့က ကျင်းပတဲ့ ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေက အများစု အနိုင်ရထားတဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ကြေညာပါတယ်။ မနေ့က ရွေးကောက်ပွဲမှာ မဲပေးသူဦးရေကတော့ အတော့်ကို နည်းပါးခဲ့ပါတယ်။ ဒါဟာ လူထုစိတ်ဝင်စားမှု နည်းပါးတာကြောင့်အပြင် ရွေးကောက်ပွဲ စီစဉ်ဆောင်ရွက်ရာမှာ အားနည်းချက်တွေ ရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။ အပြည့်စုံကို ကိုကောင်စံဟိန်းက သတင်းပေးပို့ထားပါတယ်။

နေ့စဉ် ပြည်သူလူထုရဲ့ နေထိုင်စားသောက်ရေးတွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ စည်ပင်သာယာရေးဌာန ရွေးကောက်ပွဲကို မနေ့က တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့တာပါ။ မဲရလဒ်တွေအရကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၆ နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကပဲ အနိုင်ရခဲ့တဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

မြို့နယ် စည်ပင်ကော်မတီ နေရာတွေကိုလည်း NLD ကိုယ်စားလှယ်လောင်းတွေကပဲ အများစု အနိုင်ရထားပါတယ်။

မနေ့က တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် မဲရုံအမှတ် (၃)မှာ လာရောက် မဲပေးခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ ရွေးကောက်ခံရမယ့် ကော်မတီဝင်အသစ်တွေ အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အလေးပေးဆောင်ရွက်ဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

"အားလုံးကို တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ပေးဖို့ပဲ နိုင်ငံသူ နိုင်ငံသားတွေ နှလုံးစိတ်ဝမ်း အေးချမ်းအောင် ဆောင်ရွက်ပေးဖို့ပါ။"

မနေ့က စည်ပင်ရွေးကောက်ပွဲမှာ မဲလာပေးသူ အရေအတွက်ကတော့ အလွန်ကို နည်းပါးခဲ့ပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ မဲပေးခွင့်ရှိသူ ဦးရေရဲ့ ၁၀ ရာခိုင်နှုန်း လောက်ပဲ လာရောက် မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလို မဲပေးမှု နည်းပါးရတာဟာ ရွေးကောက်ပွဲအပေါ် လူတွေရဲ့ စိတ်ဝင်စားမှု နည်းပါးတာ၊ ရွေးကောက်ပွဲ အသိပညာပေးမှု နည်းပါးတာတွေအပြင် ရွေးကောက်ပွဲ စီစဉ်ရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ထောက်ပြကြပါတယ်။

မဲစာရင်းမှာ နာမည်မပါလို့ မဲထည့်ခွင့်မရတဲ့ ပြည်သူလူထုတွေ ရှိခဲ့တာလိုမျိုး ကော်မရှင်ဘက်က အားနည်းချက်တွေ ရှိခဲ့တယ်ဆိုတာကို စမ်းချောင်းမြို့နယ် လင်းလွန်းမြောက် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်စိုးနိုင်က အခုလို ပြောပါတယ်။

"အားနည်းတယ် ဆိုတာတော့ မှန်ပါတယ်။ အခု လက်ရှိ စည်ပင်သာယာ ရွေးကောက်ပွဲ လုပ်တဲ့နေရာမှာ ကျနော်တို့ နံပါတ် ၁ အချက် ကြော်ငြာအားတွေလည်း နည်းတယ်။ နောက်ပြီးတော့ အခု စာရင်းလိုက်ကောက်တဲ့၊ သန်းခေါင်စာရင်း လိုက်ကောက်တဲ့ ဒီ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေမှာလည်း အားနည်းတယ်။ နောက်ပြီးတော့ တချို့ဆိုလို့ရှိရင် အိမ်ကျော်ပြီး ကောက်သွားတာတွေ ရှိတယ်။ တချို့ဆိုလို့ရှိရင် ဒီမှာ သေချာပေါ့နော်.... သန်းခေါင်စာရင်းမှာ မိတ္တူပေးလိုက်တယ်.... တမိသားစုလုံး မပါတာတွေလည်း ရှိတယ်။ ကျနော်တို့ အကုန် Record ယူထားပါတယ်။ ကျနော်တို့ အထက်ကို တင်ပြပါ့မယ်။"

ကမာရွတ်မြို့နယ် (၈) ရပ်ကွက်က မဲရုံမှာ လေ့လာစောင့်ကြည့်နေ New Myanmar Foundation အဖွဲ့က ဒေါ်မူမူသန်းကတော့ ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ဝင်စားမှု အားနည်းတာနဲ့ ပတ်သက်လို့ ခုလို ထောက်ပြပါတယ်။

"ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုကတော့ တော်တော်နည်းနေတာ တွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ စည်ကော်ရွေးကောက်ပွဲက ဒီဟာ ပထမဆုံး အကြိမ်လို့ပဲ ထင်တယ်ပေါ့နော်။ အဲ့ဒါကြောင့်လည်း ပြည်သူလူထုက စည်ပင်ကိုပဲ စိတ် မဝင်စားတာလား၊ ဒီမဲရုံကိုပဲ လာဖို့ကို စိတ်မဝင်စားတာလား ဆိုတာကို ခွဲခြားလို့မရဘူး ဖြစ်နေတယ်ပေါ့နော်။"

လူထု ယုံကြည်မှုနည်းပါးတဲ့ စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေအတွင်းမှာလည်း ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တဲ့ မဲဆွယ်မှုတွေ ရှိခဲ့ပြီး တိုင်းအစိုးရက NLD အဖွဲ့ဝင် ကိုယ်စားလှယ်တွေဘက်ကနေ အင်အားသုံး မဲဆွယ်တာတွေက ကျန်တဲ့ ယှဉ်ပြိုင်ဘက်တွေအတွက် မျှတမှုမရှိဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ရွေးကောက်ခံရတဲ့ မြို့တော် စည်ပင်ကော်မတီဝင် ၆ ဦးနဲ့ တိုင်းအစိုးရကခန့်ထားတဲ့ မြို့တော်ဝန် အပါအဝင် လက်ရှိ ကော်မတီဝင် ၅ ဦးပူးပေါင်းပြီး ကျန်ရှိတဲ့သက်တမ်း ၂ နှစ်တာအတွက် တာဝန် ထမ်းဆောင်ကြရမှာပါ။ ဥပဒေအသစ်အရ ထူးခြားချက် တခုကတော့ ရွေးကောက်ခံ ၆ ဦးထဲက တဦးကို ဒုတိယမြို့တော်ဝန်အဖြစ် ကော်မတီဝင်တွေ အားလုံးက လျှို့ဝှက်မဲပေး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီလအတွင်းမှာ စတင်အသက်ဝင်လာမယ့် စည်ပင်ကော်မတီ အသစ်တွေအနေနဲ့ နောက် ၂ နှစ်တာကာလအတွင်း ရန်ကုန်မြို့ကြီး ပြောင်းလဲသွားအောင်၊ လူထုအတွက် စည်ပင် ဖြစ်လာအောင် ဘယ်လောက် စွမ်းဆောင်နိုင်ကြပါမလဲ … ရန်ကုန်သူ ရန်ကုန်သားတွေ အားလုံးက စောင့်ကြည့် အကဲဖြတ်နေကြမှာပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG