သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင် အရေးပေါ်အကူအညီလိုအပ်သူ သန်း ၂၀ ကျော်အတွက် ကုလအထောက်အပံ့


ယီမင်နိုင်ငံက လူသားချင်းစာနာမှု အကူညီလိုအပ်နေသူ ၂၂ သန်းကျော်အတွက် အရေးပေါ် ကယ်ဆယ်ကူညီမှု အဖြစ် ဒေါ်လာငွေ သန်း ၅၀ ပေးအပ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ကူညီရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှုးချုပ် Mark Lowcock က ယီမင်နိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေနေတွေ သိပ်ကို ဆိုးဝါးနေတာအတွက် အလွန်စိုးရိမ်နေရဆဲ ဖြစ်ကြောင်း ပြောကြားလိုက်ပြီး မကြာသေးခင်က တိုးလာခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အခြေနေကို ပိုပြီး ဆိုးဝါးစေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခြေအနေ ဆိုးဝါးမလာစေဖို့အတွက် ဝေဟင်ကရော မြေပြင်မှာပါ တိုက်ခိုက်မှုတွေ လျော့ပါးအောင် လုပ်ရမှာ ဖြစ်သလို လူသားချင်းစာနာမှု အထောက်အကူတွေ ပို့ပေးဖို့ ဆိပ်ကမ်းတွေကို ဖွင့်ပေးထားရမှာ ဖြစ်ပြီး ထောက်ပံ့ငွေ အများအပြားကို အမြန် လှုဒါန်းကြမှ ဖြစ်မယ်လို့ လည်း မစ္စတာ Lowcock က ပြောကြားလိုက်ပါတယ်။

ယီမင်မှာ တိုက်ပွဲတွေကြောင့် လူအများစုဟာ အခုအခါမှာ လူသားချင်းစာနာမှု အထောက်အကူကိုပဲ အားကိုးပြီး ရှင်သန်ရပ်တည် နေကြရတယ် လို့ ဆိုပါတယ်။ အသစ်ချထားပေးမယ့် ရံပုံငွေဟာ ယီမင်မှာ အစာရေစာ ငတ်မွတ်မယ့် အန္တရယ်ကြုံနေတဲ့ ဒေသ ၂၇ ခုနဲ့ မကြာသေးခင်ကမှ တိုက်ပွဲတွေ အရှိန်မြင့်လာတဲ့ နေရာတွေအတွက် ထောက်ပံ့ဖို့ ုဖြစ်ကြောင်းလည်း ပြောပါတယ်။

ယီမင် ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ Abdulmalik Al-Mekhlafi ကတော့ ယီမင်က သူပုန်တွေအနေနဲ့ အရပ်သား တွေနဲ့ နိုင်ငံရေး သမားတွေ အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ အားလုံး ချက်ခြင်း ရပ်ဆိုင်း ပစ်ရမယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ ၂၀၁၄ ကတည်းက မြို့တော်ကို သိမ်းထားတဲ့ သူပုန်တွေ အနေနဲ့ ဖမ်းထားသူ အားလုံးကို လွှတ်ပေးဖို့၊ ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေ ရပ်ဆိုင်းဖို့ အပြင် အရပ်သားတွေ အတွက် လူသားချင်းစာနာမှု အကူညီပေးခွင့်ပြုဖို့ လည်း ပန်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG