သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကိုကို ချီတက်နေတဲ့ ရုရှားကြေးစားတပ်ဖွဲ့ ဘယ်လ်လာရုစ်ရဲ့ ပန်ကြားမှုကြောင့် ပြန်ဆုတ်ခွါ


A serviceman stands atop an armored vehicle of the Wagner Group military company, guarding an area at the HQ of the Southern Military District, Rostov-on-Don, Russia, June 24, 2023.
A serviceman stands atop an armored vehicle of the Wagner Group military company, guarding an area at the HQ of the Southern Military District, Rostov-on-Don, Russia, June 24, 2023.

ရုရှားကြေးစားတပ်ဖွဲ့ Wagner အဖွဲ့ခေါင်းဆောင် Yevgeny Prigozhin က မော်စကိုကို ချီတက်နေတဲ့ သူ့တပ်တွေကို ပြန်လှည့်ဖို့နဲ့ သွေးထွက်သံယိုမှုတွေ ရှောင်ရှားနိုင်အောင် ယူကရိန်းမှာရှိတဲ့ သူတို့ရဲ့ အခြေစိုက်စခန်းကို ပြန်လာဖို့ စနေနေ့မှာပဲ အမိန့်ပေးလိုက်ပါတယ်။

မော်စကိုကို ချီတက်နေတဲ့ ရုရှားကြေးစားတပ်ဖွဲ့ ဘယ်လ်လာရုစ်ရဲ့ ပန်ကြားမှုကြောင့် ပြန်ဆုတ်ခွါ

ရုရှားကြေးစားတပ်ဖွဲ့ Wagner အဖွဲ့ခေါင်းဆောင် Yevgeny Prigozhin က မော်စကိုကို ချီတက်နေတဲ့ သူ့တပ်တွေကို ပြန်လှည့်ဖို့နဲ့ သွေးထွက်သံယိုမှုတွေ ရှောင်ရှားနိုင်အောင် ယူကရိန်းမှာရှိတဲ့ သူတို့ရဲ့ အခြေစိုက်စခန်းကို ပြန်လာဖို့ စနေနေ့မှာပဲ အမိန့်ပေးလိုက်ပါတယ်။


ဘယ်လာရုစ်သမ္မတ Alexander Lukashenko ရုံးကတော့ သမ္မတ Lukashenko က ရုရှားသမ္မတ Vladimir Putin ရဲ့ ခွင့်ပြုချက်နဲ့ Wagner အဖွဲ့ခေါင်းဆောင်ကို ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး အဖွဲ့ခေါင်းဆောင် Prigozhin ကလည်း ပြန်ဆုတ်ဖို့ သဘောတူခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

Prigozhin ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်လွှင့်တဲ့ အသံဖိုင်ထဲမှာတော့ Wagner ကုမ္ပဏီကို သူတို့က ဖျက်သိမ်းချင်နေတာကြောင့် တရားမျှတမှုအတွက်ချီတက်တဲ့ အနေနဲ့ ဇွန်လ ၂၃ ရက်နေ့မှာ စချီတက်ခဲ့တာ ဖြစ်ကြောင်း၊ ၂၄ နာရီအတွင်း မော်စကိုနဲ့ မိုင် ၁၂၅ အကွာကို ချီတက်နိုင်ခဲ့ကြောင်း ပြောခဲ့တဲ့အပြင် ဒီတချီမှာ သူ့တပ်သားတွေတယောက်မှ သွေးမြေမကျခဲ့ကြောင်း Prigozhin က တယ်လီဂရမ်ကနေ ပြောပါတယ်။ ဒါပေမယ့် Prigozhin က သူ့ ရဲ့ တောင်းဆိုမှုဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး Sergei Shoigu နှုတ်ထွက်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ရုရှားအစိုးရဘက်က တုန့်ပြန်မှုရှိမရှိ ဆိုတာကိုရော ဘယ်လာရုစ်သမ္မတ Lukashenko က တစုံတရာ ကတိပေးမပေးကိုပါ ထုတ်မပြောပါဘူး။

စနေအစောပိုင်းမှာ ရုရှားကြေးစားတပ်ဖွဲ့ဟာ သူတို့ သိမ်းထားပုံရတဲ့ ယူကရိန်းနယ်စပ်က ရော့ဗ်စတောဗ် မြို့ကလေးကနေ မော်စကိုကို ချီတက်ခဲ့ရာမှာ Voronezh မြို့ကို ကျော်သွားပြီဖြစ်ပါတယ်။ ရောစ်တောဗ်မြို့ဟာ ယူကရိန်းကိုဝင်တိုက်တဲ့ ရုရှားတပ်တွေအတွက် ထောက်ပံ့ပို့ဆောင်ရေး အဓိက လုပ်ဆောင်ပေးနေတဲ့ မြို့ဖြစ်ပါတယ်။ Wagner အဖွဲ့က တပ်သားတွေဟာ သံချပ်ကာကားတွေ၊ တင့်ကားတွေမှာ နေရာတွေယူထားတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။ Wagner အကြီးအကဲ Yevgeny Prigozhin ကတော့ သူတပ်သားတွေဟာ ရုရှားတောင်ဘက်က ရောဗ်စတော့ဗ်မြို့ကို သေနတ်တချက် မပစ်ဖေါက်ရပဲ ဝင်သိမ်းနိုင်ပြီး လူလည်း တယောက်မှ သေဆုံးတာ မရှိဘူးလို့ ပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin ကတော့ ဒါဟာ လွန်ခဲ့တဲ့ နှစ်တရာလောက်က ရုရှားပြည်တွင်းစစ်တုန်းကလို လက်နက်ကိုင် ပုန်ကန်မှု တခု အဖြစ်သူက ပြောကြားခဲ့ပါတယ်။ ရည်မှန်ချက်လွန်သွားပြီး နိုင်ငံတော် သစ္စာဖေါက်ဖို့ လုပ်တော ဖြစ်ကြောင်း သမ္မတ Putin က ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

မော်စကိုကနေ မိုင် ၃၂၀ ကျော်လောက်မှာရှိတဲ့ Voronezh မြို့ကို Wagner တပ်ဖွဲ့တွေ ကျော်ဖြတ်သွားချိန်မှာ ရုရှားစစ်တပ် ရဟတ်ယာဉ်တွေဟာ Wagner တပ်ဖွဲ့ တွေကို ပစ်ခတ်တာတွေ့ရတယ်လို့ ရိုက်တာသတင်းထောက်ကပြောပါတယ်။

မော်စကိုမြို့တော်က လမ်းမတွေ ပေါ်မှာတော့ လုံခြုံရေးတွေ တိုးမြှင့်ချထားတာပါ။ ရင်ပြင်နီတဝိုက်ကိုလည်း သတ္တုအကာအရံတွေနဲ့ တားဆီးထားပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan က သမ္မတ Putin ကို ထောက်ခံကြောင်းနဲ့ ရုရှားအစိုးရနဲ့ Wagner အဖွဲ့ကြား တင်းမာမှုတွေ ပြေလည်အောင်ကူညီဖြေရှင်းဖို့ အသင့်ရှိကြောင်း ကမ်းလှမ်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အီးယူ ဥရောပသမ္မတ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ရုရှားရဲ့ လက်ရှိ အခြေနေကို ဆွေးနွေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG