သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူနန်စက်ရုံတွေမှာ မြန်မာအလုပ်သမားတွေ ခွဲခြားခံနေရ


(ဓာတ်ပုံ- Honbo စက်ရုံ(၁)/ ဓာတ်ပုံ NLF-Myanmar)
(ဓာတ်ပုံ- Honbo စက်ရုံ(၁)/ ဓာတ်ပုံ NLF-Myanmar)

တရုတ်နိုင်ငံ ယူနန်နယ်စပ်က စက်ရုံတွေမှာ သွားအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို တရုတ် အလုပ်ရှင်တွေက တရားမဝင် အလုပ်သမားတွေလို သဘောထားဆက်ဆံနေတယ်လို့ပြောပါတယ်။ တရုတ်-မြန်မာ ၂ နိုင်ငံ အလုပ်သမားစေလွှတ်ရေး MoU သဘောတူစာချုပ်ကို လက်မှတ်ရေးထားတဲ့ ကြားက ခုလို ပြုမူဆက်ဆံနေတာဟာ အလုပ်သမားအခွင့်အရေး ချိူးဖောက်ရာရောက်တယ်လို့ အလုပ်သမားရေးရာ အဖွဲ့တွေက ပြောပါတယ်။ တရုတ်နိုင်ငံထဲမှာ မြန်မာအလုပ်သမားတွေ ကြုံတွေ့ နေရတဲ့ အခြေအနေသတင်းပေးပို့ချက်ကို အခြေခံပြီး တင်ပြထားပါတယ်။

တရုတ်မြန်မာနယ်စပ်က စက်ရုံ၊ အလုပ်ရုံတွေမှာ မြန်မာအလုပ်သမားတွေ လစာအပြည့်မရဘဲ အချိန်ပြည့်စေခိုင်းခံနေရတဲ့အတွက် နှစ်နိုင်ငံရေးထိုးထားတဲ့ အလုပ်သမားစေလွှတ်ရေး နားလည်မှု (MoU) ရေးထိုးထားတဲ့ကိစ္စကို အလုပ်သမားတွေက ဝေဖန်လာကြပါတယ်။ လုပ်ခနဲ့အလုပ်ချိန်တွေမှာ ဘယ်လိုနားလည်မှုနဲ့ ညှိနှိုင်းထားလဲဆိုတာ ပွင့်လင်းမှုမရှိသလို မြန်မာအလုပ်သမားတွေကို တရားမဝင် အလုပ်သမားသဘောမျိုး အလုပ်ရှင်တွေက သတ်မှတ်ထားကြောင်း မြန်မာအလုပ်သမားတဦးက ဗွီအိုအေကို ပြောပါတယ်။

"MoUစာချုပ်ကို သေသေချာချာ ချုပ်တဲ့သဘောမျိုးမဟုတ်ဘဲနဲ့ MoU ချုပ်လို့ အလုပ်သမား ဘယ်နှစ် ယောက် စေလွှတ်လို့၊ ဘယ်နှစ်ယောက်က အဆင်ပြေသွားတယ်ဆိုတဲ့ research တွေလည်း မရှိဘူး။ အဲဒီတော့ အလုပ်သမားအခွင့်အရေး ဘာတခုမှ တောင်းဆိုလို့ရမှာ မဟုတ်ပါဘူး။ ဒီထဲရောက်သွားရင် ကျနော်တို့က နားထောင်မကောင်းတဲ့ စကားတွေမျိုး ခေတ်သစ်ကျွန်လိုမျိုး ဖြစ်သွားတယ်။ သူတို့က ထိုင်ဆိုထိုင်၊ ထဆိုထ။ အဲလိုမျိုးပဲပြောရမယ်။ ဥပမာ ထိုင်းဆိုရင် AAC ကိုရဲမင်းတို့ကူညီတဲ့ပုံစံ ဒီတရုတ်ပြည်မှာ ကူညီမဲ့အဖွဲ့မရှိဘူး။ ဒီထဲမှာရှိနေတယ်ဆိုတာကလည်း ပြည်တော်ပြန်မဲ့သူတွေကို ကူညီမဲ့ ပရဟိတအသင်းလောက်ပဲရှိတာ။ ဒါမျိုးကူညီမယ်ဆို ဒီထက်နည်းနည်း အခွင့်အာဏာပိုရှိမှ အဆင်ပြေမယ်ပေါ့။ ယိုးဒယားကတော့ ထားပါတော့၊ နည်းနည်း အလုပ်သမား၊ လူ့အခွင့်အရေး တောင်းဆိုလို့ရတယ်။ ဒီတရုတ်ပြည်မှာတော့ ဒါတွေတောင်းဆိုလို့ လုံးဝ၊ လုံးဝ မရပါဘူး။"

တရုတ်အစိုးရဟာ ကိုဗစ်နောက်ပိုင်း အရှိန်ကျနေတဲ့ ယူနန်ပြည်နယ်ထဲက ကုန်ထုတ်လုပ်ငန်းတွေ ပြန်ပြီးလည်ပတ်အောင် မြန်မာအလုပ်မားတွေကို MoU စာချုပ်နဲ့ တရားဝင်ခေါ်ယူဖို့ ၂၀၂၄ နှစ်စမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ မြန်မာဘက်နဲ့ ယူနန်အစိုးရ တာဝန်ရှိသူတွေက နှစ်နိုင်ငံနားလည်မှုစာချုပ် MoU ကို ရေးထိုးလိုက်ပါတယ်။ ဒီကိစ္စကို စစ်ကောင်စီရဲ့ မြန်မာအလုပ်သမား ရေး ဌာနဘက်က ဗွီအိုအေကို အတည်ပြုပြောပါတယ်။

"တရုတ်ကတော့ ယူနန်ပြည်နယ်ထဲက တယ်ဟုန်ပြည်နယ်ခွဲပေါ့။ အဲဒီမှာရှိတဲ့ စက်မှုဇုံကို ကျနော်တို့ မြန်မာအလုပ်သမားတွေ လာလုပ်ဖို့ဆိုပြီး သူတို့နဲ့ ကျနော်တို့ ရှမ်းပြည်နယ်အစိုးရနဲ့ MoU ထိုးပြီးပါပြီ။ ပြည်ဝင်ဗီဇာဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်မှုဆိုင်ရာကိစ္စရပ်တွေ ဒါတွေကတော့ process ကို ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။ ပြောရရင် တရုတ်နိုင်ငံရဲ့ မူဝါဒအရကလည်း ဗဟိုအစိုးရက ချုပ်ကိုင်ထားတဲ့ ပြည်ဝင်ခွင့်နဲ့ ဗီဇာကန့်သတ်မှုဆိုင်ရာ ပတ်စ်ပို့ အတည်ပြုချက်ဆိုင်ရာတွေက အောက်ပြည်နယ်ခွဲတွေမှာ လုပ်ကိုင်ခွင့်မရှိဘူး၊ အဲဒီတော့ (တရုတ်) ဗဟိုအစိုးရရဲ့ သဘောထားနဲ့ သူတို့ရဲ့ အတည်ပြုချက် သဘောတူညီမှုက ပိုပြီးတော့ အခရာကျတယ်လို့ ဒီလိုပဲပြောရမှာ ဖြစ်ပါတယ်ဗျ။"

အလုပ်သမားရေးဌာနက ပြောပြသလိုပဲ တရုတ်ဗဟိုအစိုးရက တရားဝင် အလုပ်သမားတွေရဲ့ ဗီဇာ ကိစ္စတွေကို ထိန်းချုပ်ထားပြီး တာဝန်ယူလုပ်ဆောင်ပေးတာ မရှိသလို အောက်ကပြည်နယ်တွေ ကလည်း လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါကြောင့် တပတ်နေထိုင်ခွင့်၊ တနှစ်နေထိုင်ခွင့်နဲ့ အလုပ်လာလုပ်တဲ့ မြန်မာနိုင်ငံသားမှန်သမျှ တရားမဝင် အလုပ်သမားသဘောမျိုး သတ်မှတ်ခံထားနေရတဲ့အကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့က ပြောပါတယ်။

ယူနန်ပြည်နယ် မန်စီမြိုက Honbo အထည်ချုပ် ရုံ(၁) ရဲ့ စက်လိုင်း ၃၂ လိုင်းကို မြန်မာလုပ်သား ၁,၀၀၀ ကျော်နဲ့လည်ပတ်နေပါတယ်။ အလုပ်သမားတယောက်ကို လစာ ယွမ် ၁,၈၀၀ ကနေ ၄,၀၀၀ ကြားပေးမယ်လို့ စာချုပ်ချုပ်ခဲ့ပေမဲ့ စက်ရုံဖွင့်ပြီး တနှစ်ပြည့်တဲ့အထိ ယွမ် ၁,၅၀၀ ပဲပေးခဲ့တာပါ။ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ တွဲဖက်ဥက္ကဋ္ဌ မတင်တင်ဝေက အခုလိုပြောပါတယ်။

"လက်ရှိအချိန်အထိ တရုတ်ပြည်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ (အခွင့်အရေး) ချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းနိုင်မဲ့နည်းလမ်းက မရှိသေးဘူးပေါ့နော်။ ပြန်ပြောတဲ့ စူပါတွေကို ရဲကခေါ်ပြီး အချုပ်ထဲထည့်ပြီး တညအိပ်ခိုင်းတယ်ပေါ့။ နောက်ရက်ကျရင် မြန်မာပြည် ပြန်ပို့တာမျိုးတွေရှိတယ်။ ယူနန်ပြည်နယ် ရင်ကျန်းမြို့မှာဆိုရင်လည်း ဆန္ဒပြတောင်းဆိုကြတယ်။ အလုပ်သမား ၃၀၀ က။ ဦးဆောင်တဲ့ အလုပ်သမား ၇ ယောက်ကိုလည်း ဒီအတိုင်း မြန်မာပြည် ပြန် အပို့ခံရတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လမှာဆိုရင် အလုပ်သမား ၉၀၀ ကျော်က လုပ်ခလစာ တောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ ဆေးကျတယ်ဆိုပြီး အကြောင်းပြချက်နဲ့ အလုပ်သမား ၂၀၀ ကျော်၊ ၃၀၀ ကျော်ကို ပြန်ပြီး လွှတ်တာတွေလည်း ရှိတယ်ပေါ့နော်။"

ရွှေလီ၊ ရင်ကျန်း၊ မန်စီ၊ ကျန်းဖုန်း၊ ထိန်ချုံး စတဲ့ ယူနန်နယ်စပ်မြို့တွေမှာ မြန်မာတွေ အများဆုံး အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ တချို့အထည်ချုပ် စက်ရုံတွေဟာ မြန်မာနိုင်ငံထဲမှာ ရပ်တည်လို့ မရတာကြောင့် တရုတ်နယ်စပ်မှာ ပြောင်းရွှေ့ဖွင့်လှစ်ပြီး လုပ်ငန်းကျွမ်းကျင်တဲ့ မြန်မာအလုပ်သမား တွေကို ပြန်ပြီး ခေါ်နေကြတာလို့ အလုပ်သမားတွေက ဗွီအိုအေကို ပြောပြခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG