သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဂါဘီ နုတ်ထွက်မှုကြောင့် ဇင်ဘာဘွေ နိုင်ငံသားတွေ ပျော်ပွဲဆင်နွှဲ


တိုင်းပြည်ရဲ့ အာဏာကို ၃၇ နှစ် ချုပ်ကိုင်ထားခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ သမ္မတ Robert Mugabe ကတော့ မနေ့ကပဲ ရာထူး ကနေ နုတ်ထွက်ပေးခဲ့ပါပြီ။ ဒုသမ္မဟောင်း Emmerson Mnangagwa က ၄၈နာရီအတွင်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ ရှိနေပါတယ်။ အာဏာအကူးအပြောင်း ကာလ ချောချောမွေ့မွေ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိနိုင်ပါ့မလား။ အာဏာရှင်လက်အောက်က လွတ်လာတဲ့ ဇင်ဘာဘွေရဲ့ အနာဂတ်က ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲတော့မှာလား။ အခြေအနေတွေကို ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

ကြားနေရတာတွေကတော့ ဇင်ဘာဘွေနိုင်ငံရဲ့မြို့တော် ဟာရာရီက လမ်းမတွေပေါ်မှာ သမ္မတမူဂါဘီ ရာထူးကဆင်းပေးခဲ့လို့ နေ့ရောညရော ဝမ်းသာပျော်ရွှင်နေကြတဲ့ ဇင်ဘာဘွေပြည်သူတွေရဲ့ အသံတွေပါ။ လက်ရှိအာဏာရ ZANU-PF ပါတီရဲ့ ထိပ်တန်းအရာရှိတွေရဲ့ ပြောဆိုချက်အရ အရင် ဒုသမ္မတဟောင်း Emmerson Mnangagwaက ဒီနေ့ ဗုဒ္ဓဟူးနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိမ့်မယ်လို့ ဆိုပါတယ်။ မနေ့တုန်းက သမ္မတ မူဂါဘီ နုတ်ထွက်ရေး တောင်းဆိုမှုတွေကို လွှတ်တော်အမတ်တွေက လုပ်ခဲ့ပြီး မကြာခင်မှာပဲ သမ္မတ မူဂါဘီရဲ့ နုတ်ထွက်စာကို ဇင်ဘာဘွေ လွှတ်တော် သဘာပတိ Jacob Mudenda က ဖတ်ပြခဲ့ပါတယ်။

“ ကျနော် Robert Gabriel Mugabe ဟာ ဇင်ဘာဘွေ ဖွဲ့စည်းပုံရဲ့ အပိုဒ်၉၆၊ အပိုဒ်ခွဲ ၁ အရ ကျနော့ရဲ့ နုတ်ထွက်စာကို တရားဝင် တင်သွင်းပါတယ်။ ဒီနုတ်ထွက်မှုက ချက်ချင်း အသက်ဝင်မှာ ဖြစ်ပါတယ်။”

မစ္စတာ မူဂါဘီရဲ့ နုတ်ထွက်စာက သူ့ဆီက တိုက်ရိုက်လာတာလား။ သူ့ရဲ့ရုံးက ပို့တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အတိုက်အခံပါတီ (MDC)ရဲ့ဒုဥက္ကဌ Nelson Chamisa ကတော့ အခု အဖြစ်အပျက်ကို လူထုရဲ့ အောင်ပွဲလို့ ဆိုပါတယ်။

“ ဒါက ပြည်သူလူထုရဲ့ အောင်ပွဲပါ။ ပါတီတခုရဲ့ အောင်ပွဲ မဟုတ်ပါဘူး။ လူငယ်ထုရဲ့ အောင်ပွဲ။ ဇင်ဘာဘွေ ပြည်သူတွေရဲ့ အောင်ပွဲ။ ပါတီတွေရဲ့ အောင်ပွဲပါ။ တကယ်တော့ ဒါက မစ္စတာ မူဂါဘီ အတွက် အောင်ပွဲတရပ်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသက်ကြီးလှပါပြီ။ အနားယူဖို့ လိုနေပါပြီ။ နိုင်ငံကို ထူထောင်ခဲ့တဲ့ တိုင်းပြည်ရဲ့ ဖခင်တဦးအနေနဲ့ သိက္ခာရှိရှိနဲ့ အနားယူတာမျိုး လိုပါတယ်။ သူ့ကို ကျနော်တို့ လေးစားသမှု ပြုရပါလိမ့်မယ်။ သူက ကျနော်တို့ပြည်သူတွေ အတွက် အများကြီး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ဆိုးတာတွေကိုလည်း လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒါပေမဲ့ အခုအချိန်မှာက သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ပုံကြီးချဲ့နေရမှာ မဟုတ်ပါဘူး။ သူ့ရဲ့ တိုင်းပြည် ကောင်းကျိုး လုပ်ခဲ့တဲ့ ကာလတွေကိုကြည့်မယ်။ မကောင်းတာတွေကိုလည်း ကြည့်ပြီး ကျနော်တို့က ပြုပြင်ရမယ်။ တိုင်းပြည် ရှေ့ကို ခရီးဆက်ရပါလိမ့်မယ်။”

မစ္စတာ မူဂါဘီ ရာထူးက နုတ်ထွက်ပြီး အပြောင်းအလဲတွေ ဇင်ဘာဘွေမှာ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး Boris Johnson ကတော့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

“ အခုလို ပြောင်းလဲမှု ဖြစ်လာတာကို ကျနော်တို့စောင့်ကြည့်သွားရမှာကတော့ အသေအချာပါပဲ။ ဒါပေမဲ့ အခုစပြီး မြင်နေရ တာတွေကတော့ ဇင်ဘာဘွေ နိုင်ငံနဲ့ပြည်သူတွေအတွက် မျှော်လင့်ချက်တွေ ဖြစ်ပေါ်နေတယ် ဆိုတာပါပဲ။ အာဏာရှင်တ ဦးရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ၃၇ နှစ်ကြာ ခံခဲ့ရတဲ့ ဇင်ဘာဘွေပြည်သူတွေအတွက် အခုအချိန်က အလှည့်အပြောင်း တခုဖြစ်တော့ မယ့်ကာလလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ လာမယ့်နှစ်ကျရင် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ တွေကို ပြည်သူတွေက ဆင်နွဲ့နိုင်မယ့် အပြောင်းအလဲလို့ မျှော်လင့်ပါတယ်။ ဒီလို အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင်လည်း ဒေသတွင်းက ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့အတူ အားပေး တိုက်တွန်းလိုက်ပါတယ်။”

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကလည်း မနေ့က ကြေညာချက်တစောင်ထုတ်ပြန်ပြီး ဇင်ဘာဘွေ ပြည်သူတွေအတွက် အားပေးခဲ့ပါတယ်။ မစ္စတာ မူဂါဘီ နုတ်ထွက်တဲ့ ကိစ္စဟာ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ရေး လမ်းကြောင်းတခုကို ဖန်တီးဖို့ အခွင့်အလမ်းတခု ပေးလိုက်တာပဲလို့ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဇင်ဘာဘွေနိုင်ငံက ဗြိတိသျှ အင်္ဂလိပ် ကိုလိုနီလက်အောက်က ၁၉၈၀ ခုနှစ်မှာ လွတ်မြောက်လာတာဖြစ်ပြီး အဲဒီအချိန်က တည်းကစလို့ မစ္စတာမူဂါဘီက တိုင်းပြည်ကို တောက်လျှောက် အုပ်ချုပ်လာခဲ့တာ မနေ့က အထိပါပဲ။ အခုဆို သူ့အသက်က ၉၃နှစ်ရှိနေပါပြီ။ သူ့ရဲ့နိုင်ငံရေး အတိုက်အခံတွေကို နှိပ်စက်ညှဉ်းပမ်းတာတွေ၊ သတ်ဖြတ်တာတွေ အပါအဝင် လူ့အခွင့် အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ မကြာခဏ အပြစ်တင် ဝေဖန်ခံခဲ့ရသူဖြစ်ပြီး အနောက်နိုင်ငံတွေကလည်း သူ့ကို ပြစ်ဒဏ်ခတ် အရေးယူမှုတွေ လုပ်ထားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုကတော့ ဇင်ဘာဘွေရဲ့ အခု အပြောင်းအလဲနဲ့ ပတ်သက်ပြီး အာဏာရှင်လက်အောက်မှာ အထီးကျန်ဖြစ်ခဲ့ရ တဲ့နိုင်ငံတခုအတွက် နိုင်ငံတကာနဲ့ ပြန်ပြီး ဆက်ဆံခွင့်ရမယ့် သမိုင်းတင်မယ့် အခွင့်အခါကို ဇင်ဘာဘွေ ပြည်သူတွေ ကြုံနေ ရပြီလို့ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မနေ့ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုး သမီး Heather Nauertက သတင်းထောက်တွေကိုပြောခဲ့တာပါ။

“ မစ္စတာ မူဂါဘီ ရာထူးက နှုတ်ထွက်တဲ့ဖြစ်ရပ်ကို ကျမတို့ ဒီကနေ့မြင်တွေ့ခဲ့ရပါတယ်။ ဒါက ဇင်ဘာဘွေပြည်သူတွေ အတွက် သမိုင်းဝင်ဖြစ်ရပ်တခု၊ သမိုင်းဝင် အခွင့်အလမ်းတခုပါ။ ဇင်ဘာဘွေနိုင်ငံရဲ့ အထီးကျန်ဖြစ်မှုကို အဆုံးသတ်ပြီး နိုင်ငံတကာနဲ့ ပြန်ပြီးဆက်စပ်နိုင်ဖို့ပြည်သူတွေက သူတို့ရဲ့ ဆန္ဒတွေကို အခိုင်အမာ ထုတ်ဖေါ်ခဲ့ကြတာပါ။ ဇင်ဘာဘွေရဲ့ အနာဂတ်ကတော့ ဇင်ဘာဘွေပြည်သူတွေရဲ့အပေါ်မှာ မူတည်နေပါပြီ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ့်အရေးကို ကျမတို့ မျှော်လင့်နေပါတယ်။”

ဇင်ဘာဘွေနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကလည်း ဇင်ဘာဘွေရဲ့ သမိုင်းဝင်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ကိုယ့်တိုင်းပြည်ရဲ့ ခေါင်းဆောင်ကို လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကနေတဆင့် ရွေးချယ်ကြဖို့ မနေ့က တိုက်တွန်းခဲ့ပါ တယ်။

မကြာခင်မှာပဲ ဇင်ဘာဘွေနိုင်ငံရဲ့ သမ္မတဖြစ်လာတော့မယ့် ဒုသမ္မဟောင်း Emmerson Mnangagwa က ဘယ်လိုလူလဲ ဆိုတာကြည့်ရအောင်ပါ။ သူက မစ္စတာ မူဂါဘီရဲ့ ယုံကြည်စိတ်ချရတဲ့ ညာလက်ရုံးတဦးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ဒီနှစ် အစော ပိုင်းတုန်းက လူထုစုဝေးပွဲတခုမှာ မစ္စတာ မူဂါဘီ ခေါင်းဆောင်တဲ့ အာဏာရ ZANU-PF ပါတီက ကြောက်စရာကောင်းတဲ့ ပါတီတခုပဲလို့ မစ္စတာ Mnangagwa က ပြောခဲ့ပါတယ်။

ဒီပါတီရဲ့အုပ်ချုပ်မှုက ဆုံးနိုင်မှာမဟုတ်ဘူးလို့လည်း သူကပြော ခဲ့ပါတယ်။ မကြာခင်မှာပဲ သူဟာ ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။ ဇင်ဘာဘွေ စစ်တပ်ကတော့ မစ္စတာ Mnangagwa ကို သဘောကျပုံရပါတယ်။ မစ္စတာ Mnangagwa ရဲ့လူတွေကို ပါတီကနေ ထုတ်ပယ်နေတာတွေကို မရပ်ရင် စစ်တပ်က ကြားဝင်ရလိမ့်မယ်လို့ မစ္စတာမူဂါဘီကို နေအိမ်အကျယ်ချုပ် မထားခင်မှာ စစ်တပ်က သတိပေးခဲ့တာပါ။ မစ္စတာ Mnangagwa ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုကာလက သူ့ရဲ့ပညာပါတဲ့ ပျောက်ကြား တိုက်စစ်တွေကြောင့် သူ့ကို မိချောင်းလို့ အများက ခေါ်ကြပါတယ်။ မစ္စတာ Mnangagwa က အသက် ၇၅ နှစ် ရှိပါပြီ။ ဇင်ဘာဘွေမှာ ၉၃ နှစ်အရွယ် သမ္မတ နှုတ်ထွက်ပြီး မိချောင်း တက်လာတော့မယ့် အခြေအနေပါပဲ။ လောလောဆယ်မှာတော့ ဇင်ဘာဘွေပြည်သူတွေရဲ့ ပျော်ရွှင်မှုတွေက မနားတမ်း ဆက်ပြီး ရှိနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG