သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေသမ္မတကို အရေးယူဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်ဆင်


ဇင်ဘာဘွေသမ္မတ Robert Mugabe
ဇင်ဘာဘွေသမ္မတ Robert Mugabe

ဇင်ဘာဘွေ နိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်နေတဲ့ သမ္မတ Robert Mugabe က ရာထူးက ဆင်းပေးဖို့ နောက်ဆုံးအချိန် သတ်မှတ်ချက်ကို လက်မခံဘဲ လစ်လျူရှုခဲ့ပြီးနောက် ဒီကနေ့ အင်္ဂါနေ့မှာတော့ လွှတ်တော်အမတ်တွေက သမ္မတကို အရေးယူနိုင်မယ့် လုပ်ငန်းစဉ် စတင်ဖို့ စီစဉ်နေပါတယ်။

သီတင်းတပတ် အတွင်းမှာ ဒီလုပ်ငန်းစဉ် ပြီးဆုံးသွားဖို့ အာဏာရ ZANU-PF ပါတီဝင်တွေက မျှော်လင့်ထားကြပါတယ်။ သမ္မတကို တရားစွဲဆို အရေးယူမယ့် အစီအစဉ်မှာတော့ သူ့ကို ဆက်ခံမယ့်သူ အဖြစ် ဇနီးဖြစ်သူ Grace Mugabe ကို ခန့်အပ်ဖို့ အတွက် အာဏာအလွဲသုံးစားလုပ်မှု စွဲချက်လည်းပါနိုင်ပါတယ်။

စစ်တပ်က သဘောကျတဲ့၊ ဒုတိယသမ္မတဟောင်း အီမာဆန် မနန်ဂါဂွါကို ရာထူးက ဖယ်ရှားလိုက်ပြီးနောက် မူဂါဘီဘက်က အခုလို လုပ်ဆောင်ခဲ့တာပါ။ ဒုသမ္မတဟောင်း မနန်ဂါဂွါကတော့ ဒီကနေ့ အင်္ဂါနေ့ထုတ်တဲ့ ကြေညာချက်ထဲမှာတော့ နိုင်ငံ အနေနဲ့ ရှေ့ကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ အတွက် သမ္မတ မူဂါဘီ ရာထူးက ဆင်းပေးဖို့ ပန်ကြားထားပါတယ်။သူ့အနေနဲ့တော့ လုံခြုံရေး အာမခံချက် မရှိမချင်း နိုင်ငံကို ပြန်လာမှာ မဟုတ်ဘူးလို့လည်း မစ္စတာ မနန်ဂါဂွါက ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။အသက် ၉၃ နှစ် အရွယ် သမ္မတ မူဂါဘီ အနေနဲ့တော့ နှစ်ပေါင်း ၄၀ လောက် ရယူထားတဲ့ သမ္မတ ရာထူးကို စွန့်လွှတ်လိုတဲ့ အရိပ်အယောင် မပြသလို ဒီကနေ့ အင်္ဂါနေ့မှာ အစိုးရ အဖွဲ့ ဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်ခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက သမ္မတ မူဂါဘီကို နေအိမ်အကျယ်ချုပ်ချထားပြီး အရေးပါတဲ့ နိုင်ငံတော်ဆိုင်ရာ ဌာနကြီးတွေကို စစ်တပ်က ထိန်းချုပ်ထားပါတယ်။ နိုင်ငံကို မကြာခင် ပြန်လာမယ်လို့ ခန့်မှန်းထားတဲ့ ဒုသမ္မတဟောင်း မနန်ဂါဂွါနဲ့ သမ္မတ မူဂါဘီတို့ အဆက်အသွယ်ရှိတယ်လို့လည်း မနေ့ တနလာၤနေ့က ထိပ်တန်း စစ်တပ် အရာရှိတဦးက ပြောပါတယ်။

သမ္မတ မူဂါဘီ ရာထူးက ဆင်းပေးဖို့ နောက်ဆုံးအချိန် သတ်မှတ်ချက်ကို ZANU –PF ပါတီက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အစည်းအဝေးမှာ ချမှတ်ခဲ့ပြီး သမ္မတကို ပါတီ အကြီးအကဲ အဖြစ်ကနေပါ ထုတ်ပယ်ခဲ့တာပါ။ ဒုသမ္မတဟောင်း မနန်ဂါဂွါကို ပါတီ ခေါင်းဆောင်သစ် အဖြစ်လည်း တင်မြှောက်ထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကတော့ ဇင်ဘာဘွေနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမေရိကန်ဘက်က ထောက်ခံကြောင်း၊ ဇင်ဘာဘွေရဲ့ အနာဂတ်ကို ဇင်ဘာဘွေ ပြည်သူတွေကသာ ဆုံးဖြတ် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG