သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဝန်ကြီးတဦးလို အမေရိကန်က ကြိုဆို ဆက်ဆံ (ဒေါ်ဇင်မာအောင်၊ NUG နိုင်ငံခြားရေးဝန်ကြီး) 


အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး (ဝဲ)နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်(ယာ) တို့ မေရီလဲန်းပြည်နယ်မှာ အမေရိကန်ကန်ရောက် မြန်မာအသိုင်းအဝိုင်းနဲ့တွေ့ဆုံပွဲ (ဓာတ်ပုံ ဝင်းခန့်မောင် /ဗွီအိုအေ)
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး (ဝဲ)နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်(ယာ) တို့ မေရီလဲန်းပြည်နယ်မှာ အမေရိကန်ကန်ရောက် မြန်မာအသိုင်းအဝိုင်းနဲ့တွေ့ဆုံပွဲ (ဓာတ်ပုံ ဝင်းခန့်မောင် /ဗွီအိုအေ)

[[Zawgyi/Unicode]]

အမေရိကန် အာဆီယံ ထိပ်သီးစည်းဝေးပွဲ ကျင်းပခဲ့တဲ့ ကာလအတွင်း ထိပ်သီးအစည်းအဝေးပြင်ပ သီးခြား အစည်အဝေး တက်ရောက်တဲ့ အစိုးရဝန်ကြီးတဦးလို အမေရိကန်ပြည်ထောင်စုဘက်က ကြိုဆိုခဲ့တာကို အားရမိတဲ့အကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က VOA ကို ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ ဒေါ်ဇင်မာအောင်က မနေ့က ဝါရှင်တန်မြို့တော်တဝိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲခဲ့ပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

NUG ရဲ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံပွဲဖြစ်ပါတယ်။ ဒေါ်ဇင်မာအောင် အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့အချိန်အတွင်းမှာ မအားလပ်တဲ့ကြားထဲက အချိန်တိုအတွင်း ကျင်းပရတာဖြစ်တဲ့အတွက် အထူးသဖြင့် မေရီလန်း၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာတွေအပြင် တခြားပြည်နယ်က မြန်မာတွေလည်း အဝေးကနေပြီးတော့ လာရောက်ပြီး တွေ့ဆုံကြပါတယ်။

“ကျမ ဆွေးနွေးခဲ့တာရှိပါတယ်။ ဒီစစ်တပ်ကို သူတို့နားလည်တဲ့ဘာသာစကားနဲ့ပြောတာ။ ရိုးရိုးသားသား အေးအေးဆေးဆေး တရားဟောနေလို့မရတော့ဘူး။ နည်းနည်း ကမ္မဝါဖတ်တာနဲ့မရတော့ တခြားနည်းနဲ့ ကျိန်စာတိုက်တာတွေလုပ်ရသလိုမျိုးပဲ။ ဒါပါပဲ။ အခု တော်လှန်ရေးနည်းကလည်း လက်နက်ကိုင်ပြီးသွားတယ်ဆိုတာ သူက ကောင်းကောင်းပြောနေလို့မရတော့လို့ ဒီလိုပြောမှရမယ်ဆိုပြီးတော့ သူတို့နားလည်တဲ့ဘာသာစကားနဲ့ပြောတယ်။ ဒါပေမယ့် ဒီတနည်းကိုပဲရွေးပြီး ကျန်တာကို စွန့်လွှတ်လိုက်မှာလားဆိုတော့ မဟုတ်ဘူး။ စွန့်လွှတ်လို့တော့ မရဘူးပေါ့နော်။ အဲဒီတော့ by possible means ပေါ့နော်။ ဖြစ်နိုင်သမျှ နည်းပေါင်းစုံတွေထဲက တခုကိုပဲ ရွေးခြယ်ထားတာဖြစ်တယ်။ ဒါပဲရွေးပြီး ကျန်တာတွေကို စွန့်လွှတ်လိုက်မယ်လို့ မဟုတ်ဘူးဆိုတဲ့ သဘော ကျမတို့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဒါကိုလည်းပဲသူတို့ သဘောပေါက်ကြပါတယ်။ ဒါကြောင့်လည်းပဲ သူတို့ သဘောပေါက်လို့လည်းပဲ ကျမတို့နဲ့ ဆက်သွယ်ဆောင်ရွက်ရမယ်၊ စကားပြောရမယ်ဆိုတဲ့အနေအထားမျိုး နိုင်ငံတကာက ဖြစ်လာတာ ဖြစ်ပါတယ်။ ဖြစ်နိုင်သမျှ နည်းပေါင်းစုံသုံးပြီးတော့ ကျမတို့ အဆုံးသတ်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးအဆုံးသတ်ဖို့ကိုလည်း အခုနကပြောသလို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ဆိုတာလည်း ASEAN 5 points consensus (အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်) မှာလည်း ပါပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ သံတမန်နည်းအရရော၊ နောက် စီးပွါးရေးအရ ပိတ်ဆို့တဲ့နည်းတွေအရရော နည်းပေါင်းစုံနဲ့ စီးပွါးရေးအရ၊ သံတမန်နည်းအရ၊ စစ်ရေးအရ၊ နိုင်ငံရေးအရ နည်းပေါင်းစုံနဲ့ ကျမတို့ကြိုးစားပြီးတော့ အဆုံးသတ်သွားမှာဖြစ်ပါတယ်။”

(လက်ခုပ်သံများ)

အင်ကြင်းနိုင်။ ။ အမေရိကန်အစိုးရက ဒေါ်ဇင်မာအောင်ကို ဖိတ်ခေါ်တဲ့နေရာမှာ အခုဆိုရင် လုံခြုံရေးအပြည့်နဲ့ ဝန်ကြီးအဆင့်နေရာထားပြီးဖိတ်ခေါ်တာကို ကြည့်ရမယ်ဆိုရင် အမေရိကန်အစိုးရက ဒေါ်ဇင်မာအောင်ကိုဆက်ဆံတာဟာ တကယ့်ကို တရားဝင် ဝန်ကြီးအနေနဲ့ ဆက်ဆံတယ်လို့ ပြောလို့ရလားရှင့်။

ဒေါ်ဇင်မာအောင်။ ။ ဟုတ်ကဲ့။ ဒါ ပုံမှန်ခရီးစဉ်မျိုးတော့မဟုတ်ဘူးပေါ့နော်။ State Department (နိုင်ငံခြားရေးဝန်ကြီးဌာန) ကနေပြီးတော့ လုံခြုံရေးပေးထားတဲ့အနေအထားမျိုးတော့ တွေ့ရတယ်ဆိုတော့ ဒါက သာမန်လည်းမဟုတ်ဘူး။ သို့သော်လည်းပဲ အခု ထိပ်သီးအစည်းအဝေးမှာ side meeting (ဘေးပန်းအစည်းအဝေး) တွေမှာ တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတယောက်ကို ဆက်ဆံသလို ဆက်ဆံဆောင်ရွက်တာမျိုးတွေ့ရပါတယ်။

အင်ကြင်းနိုင်။ ။ အာဆီယံ-အခု အမေရိကန်နဲ့ထိပ်သီးဆွေးနွေးပွဲရလဒ်ပေါ့နော်။ အခု မြန်မာအပေါ်သူတို့...နောက်ပြီးတော့ သူတို့ရဲ့ကြေညာချက်မှာလည်း မြန်မာနဲ့ပတ်သက်ပြီး focus လုပ်သွားတယ်ပေါ့လေ။ အဲဒီအပေါ်မှာရော ကျေနပ်အားရမှုရှိလား၊ ဘယ်လိုမြင်လဲ။

ဒေါ်ဇင်မာအောင်။ ။ ဟုတ်ကဲ့။ ကျေနပ်အားရမှု ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မှာ အစည်းအဝေးမလုပ်ခင်မှာ ဆွေးနွေးခဲ့တာတွေ၊ ကျမတို့ စာရေးသားပေးပို့ခဲ့တာတွေရှိတယ်။ Statement တွေ ပေးခဲ့တာတွေ ရှိတယ်ပေါ့နော်။ တောင်းဆိုချက်တွေပါတယ်။ အဲဒီတောင်းဆိုချက်တွေထဲမှာ တော်တော်များများအချက်အလက်တွေကို သူတို့ reflect (ဆင်ခြင်သုံးသပ်) လုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်ရှင့်။

ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်ရောက်မြန်မာတွေရဲ့တွေ့ဆုံပွဲကို တက်ရောက်လာသူ Anti-Dictatorship in Burma အဖွဲ့ဦးဆောင်သူ ဦးရင်အေးကလည်း အခုလို ပြောပါတယ်။

“ဒီနေ့ပွဲကတော့ ပြောရလို့ရှိရင် အင်မတန်လည်း ထူးခြားပါတယ်။ ကျနော်တို့နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတရပ်ပါ။ ဒီတနှစ်ကျော်ကာလအတွင်းမှာ အမေရိကန်ကနေပြီးတော့ State visit နိုင်ငံတော်ဧည့်သည်အနေနဲ့ခေါ်ယူပြီးတော့ NUG ရဲ့ အမျိုးသားညီညွတ်ရေး (အစိုးရ) နိုင်ငံခြားရေးဝန်ကြီးကို ခေါ်ယူတွေ့ဆုံတယ်ဆိုတာ အင်မတန် အောင်မြင်မှုတရပ်ပါ။ ဒီလို အောင်မြင်မှုရရှိတဲ့ဝန်ကြီးအနေနဲ့ အချိန်ပေးပြီးတော့ ကျနော်တို့ community မှာ လှုပ်ရှားနေကြတဲ့အင်အားစုတွေနဲ့ တွေ့ပေးတယ်ဆိုတာလည်း ကျနော်တို့ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့၊ မြန်မာပြည်သမိုင်းမှာ ကျနော်တို့အစိုးရအဆက်ဆက်၊ အာဏာရှင်အစိုးရအဆက်ဆက်မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ NUG ရဲ့ ထူးခြားချက်တရပ်ပါ။ ဒါကို ကျနော်တို့ပြည်သူပြည်သားတွေ၊ community က အင်အားစုတွေကလည်း ဝမ်းသာတယ်။ ဒီအတွက်လည်း ကျနော်တို့ အဖွဲ့က အောင်မယ်ဆိုတာကို ခံစားချက်ရတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး မရှိခဲ့ဖူးဘူး။”

ဒေါ်ဇင်မာအောင်နဲ့ မြန်မာအသိုင်းအဝိုင်းတို့တွေ့ဆုံပွဲမှာ အခမ်းအနားစီစဉ်သူဖြစ်တဲ့ မိုင်ရိုစီကလည်း အခုလို ပြောပါတယ်။

“ကျမနာမည်က မိုင်ရိုစီဖြစ်ပါတယ်။ ချင်းလူမျိုးတယောက်ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံပွဲကို လုပ်လိုက်တဲ့ အချိန်တိုတိုလေးအတွင်းမှာ ဒီဟာကို မြန်မြန်စီစဉ်လိုက်တဲ့အခါမှာ လာပြီးတော့ တုံ့ပြန်တာအများကြီး ကျနော်တို့ တွေ့ရပါတယ်။ မထင်မှတ်ဘဲနဲ့ လူတွေ အများကြီး အများကြီး ရောက်လာတာကို တွေ့ရတဲ့အတွက်ကြောင့် ရလဒ်ကတော့ အရမ်းကျေနပ်စရာဖြစ်ပါတယ်။”

ဒီတွေ့ဆုံပွဲကို ဒေါ်ဇင်မာအောင်နဲ့အတူ ဒုနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဦးမိုးဇော်ဦးနဲ့ နည်းပညာဝန်ကြီးဖြစ်တဲ့ဦးထင်လင်းအောင်တို့လည်း တက်ရောက်ပြီးဖြေဆိုကြပါတယ်။ အထူးသဖြင့် တက်ရောက်လာသူတွေက အင်တာနက်ကနေပြီးမေးတဲ့ မေးခွန်းတွေကိုလည်း ဒေါ်ဇင်မာအောင်အပါအဝင် ဝန်ကြီးတွေက ပွင့်ပွင့်လင်းလင်း ဖြေဆိုသွားတာ တွေ့ရပါတယ်။

ဒေါ်ဇင်မာအောင်နဲ့ DC တဝိုက် မြန်မာမိသားစု တွေ့ဆုံပွဲ
please wait

No media source currently available

0:00 0:04:51 0:00

=========

[[Unicode]]















တိုက်ရိုက် လင့်ခ်

=========

XS
SM
MD
LG