လွှတ်တော်အနီး Drone လွှတ်တင်သူ သတင်းထောက်သုံးဦးကို တရားရုံးတင်

လွှတ်တော် အဆောက်အအုံတွေ အပေါ်နဲ့ အနီးတဝိုက်မှာ တရားမဝင် ဒရုန်းယာဉ် လွှတ်တင်ခဲ့မှုနဲ့ ပတ်သက်ပြီး နိုင်ငံခြား သတင်းထောက် နှစ်ဦးနဲ့ မြန်မာ အလွတ်တန်း သတင်းထောက် တဦးတို့ကို စွဲချက်တင်ထားကြောင်း ရဲက ဒီကနေ့ ပြောပါတယ်။

တူရကီ ရေဒီယိုနဲ့ ရုပ်သံရဲ့ သတင်းထောက်တွေ ဖြစ်တဲ့ မလေးရှား နိုင်ငံသား Mok Choy Lin ၊ စကာၤပူ နိုင်ငံသား Lau Hon Meng နဲ့ သူတို့ကို ဘာသာပြန် လုပ်ပေးသူ ပြည်တွင်း အလွတ်တန်း သတင်းထောက် ကိုအောင်နိုင်စိုးတို့ကို လွှတ်တော် အဆောက်အအုံပေါ်မှာ ဒရုန်းယာဉ် လွှတ်တင်မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ဖမ်းဆီးခဲ့တာပါ။

ပို့ကုန်သွင်းကုန် ဥပဒေနဲ့ သူတို့ သုံးဦးကို စွဲချက်တင်ထားတာ ဖြစ်ပြီး ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၃ နှစ်ကျော်အထိ ကျခံရနိုင်ပါတယ်။ ချုပ်ရက် ရမန် ၁၅ ရက် အပြီးမှာ သူတို့ အမှုကို စတင်ကြားနာမယ်လို့လည်း ရဲက ပြောပါတယ်။ ဖမ်းဆီးခံ သတင်းထောက်တွေက ဒရုန်းယာဉ်ကို ခွင့်ပြုချက် မရှိဘဲ တင်သွင်းခဲ့တယ်လို့ ရဲမှူး စန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က စလို့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးတဲ့ အကြောင်း ဖမ်းဆီးခံထားရသူရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။ မလေးရှားနဲ့ စကာၤပူနိုင်ငံသားတွေကို ဖမ်းထားတဲ့ အကြောင်း သက်ဆိုင်ရာ သံရုံးတွေကိုလည်း အကြောင်းကြားထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက မနေ့ စနေနေ့က ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။

မြို့တော် နေပြည်တော်က လွှတ်တော် အဆောက်အအုံတွေနဲ့ ဘုရားပုထိုးတွေကို ဒရုန်းနဲ့ ဓာတ်ပုံရိုက်ယူဖို့ သတင်းထောက်တွေက လုပ်ခဲ့ကြတာမှာ လုံခြုံရေးက တွေ့ခဲ့တာလို့လည်း နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့ပါတယ်။

Your browser doesn’t support HTML5

လွှတ်တော်အနီး Drone လွှတ်တင်သူ သတင်းထောက်သုံးဦးကို တရားရုံးတင်