မြောက်ကိုရီးယား ဂြိုလ်တုလွှတ်တင်စခန်းနေရာတချို့ ဖျက်ဆီးပေးမှု Trump ချီးကျူး

၂၀၁၈ ဂျွန် ၁၂ ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သမ္မတ Trump သဘောတူလက်မှတ်ရေးထိုးစဉ်

မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ကမ်းရိုးတမ်းမှာရှိတဲ့ Sohae ဂြိုလ်တုလွှတ်တင်စခန်းက အဓိကနေရာတွေကို ဖျက်သိမ်းနေတဲ့ ဂြိုလ်တုဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတ Donald Trump ကချီးကျူးစကားပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အခြေအနေကို လေ့လာစောင့်ကြည့် သုံးသပ်နေတဲ့ အမေရိကန်အခြေစိုက် 38 North အဖွဲ့က ဂြိုလ်တုဓါတ်ပုံတွေ ထုတ်ပြန်ခဲ့ပြီးနောက် ဒီလိုဖြုတ်သိမ်းနေတဲ့အပေါ် အသိအမှတ်ပြုတယ်လို့ သမ္မတ Trump ကပြောကြားခဲ့တာပါ။

လွှတ်တင်စင်ဆီမပို့ခင် အာကာသလွှတ်တင် Rocket ဒုံးတွေကို တပ်ဆင်တဲ့ နေရာ၊ ပဲ့ထိန်းဒုံးနဲ့ Rocket ဒုံးတွေအတွက် အင်ဂျင်စက်တွေထုတ်တဲ့ Rocket အင်ဂျင်တွေစမ်းသပ်စင်တွေကို ဖျက်သိမ်းနေတာကို ဓါတ်ပုံထဲမှာ မြင်ရတယ်လို့ 38 North အဖွဲ့က ပြောပါတယ်။

ခုလိုမြောက်ကိုရီးယားရဲ့ လုပ်ဆောင်မှုဟာ သမ္မတ Trump နဲ့မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ စင်္ကာပူမှာ တွေ့ဆုံဆွေးနွေးခဲ့တုန်းက ပေးခဲ့တဲ့ကတိနဲ့ လုံးဝကိုက်ညီတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း California ပြည်နယ်မှာ လုပ်တဲ့ သတင်းစာရှင်းပွဲတခုမှာ ပြောကြားခဲ့ပါတယ်။ ဒုံးအင်ဂျင်စမ်းသပ်တဲ့နေရာတွေ ဖြုတ်သိမ်းတာကို စုံစမ်းစစ်ဆေးရေးမှူးတွေ သွားရောက် စစ်ဆေးနိုင်ဖို့ အမေရိကန်က တွန်းတွန်းတိုက်တိုက် လုပ်နေတယ်လို့လည်း ဝန်ကြီး Pompeo ကပြောပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယား ဂြိုလ်တုလွှတ်တင်စခန်းနေရာတချို့ ဖျက်ဆီးပေးမှု Trump ချီးကျူး