ဆော်ဒီသတင်းထောက် သတ်ဖြတ်ဖို့စေခိုင်းသူ ဖော်ထုတ်ပေးဖို့ တူရကီတောင်းဆို

တူရကီ နိုင်ငံ အစ္စတန်ဘူးလ်မြို့က ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲမှာ ဆော်ဒီ သတင်းထောက် Jamal Khashoggi ကို သတ်ဖို့ ဘယ်သူက ညွှန်ကြားခဲ့သလဲ ဆိုတာကို ဆော်ဒီအာရေးဗျဘက်က ထုတ်ပြန်ပေးဖို့ တူရကီ သမ္မတ Recep Tayyip Erdogan က ဒီကနေ့ အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

Khashoggi သတ်ဖြတ်ခံရမှု အပေါ် စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဖို့လည်း တူရကီ သမ္မတ Erdogan က လွှတ်တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့က Khashoggi သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗျမှာ ဖမ်းထားတဲ့ သံသယ ရှိသူ ၁၈ ဦးကို လွှဲပြောင်းပေးရေး အတွက်လည်း တူရကီဘက်က ကြိုးစားနေတာ ဖြစ်ပါတယ်။ အသတ်ခံရတဲ့ သတင်းထောက် Khashoggi ရဲ့ ရုပ်အလောင်းကို ရှာဖွေရေး ဆော်ဒီဘက်က အကူအညီရဖို့လည်း မျှော်လင့်နေပြီး အခုအချိန်ထိတော့ Khashoggi ရဲ့ ရုပ်အလောင်းကို မတွေ့ရသေးပါဘူး။

မနေ့ တနလာၤနေ့က ဗြိတိန် နိုင်ငံ လန်ဒန်မှာ လုပ်တဲ့ အောက်မေ့အမှတ်ရ အခမ်းအနားမှာတော့ Khashoggi နဲ့ စေ့စပ်ထားသူ တူရကီ နိုင်ငံသား Hatice Cengiz က Khashoggi သတ်ဖြတ်ခံရမှု အပေါ် နိုင်ငံအများအပြားရဲ့ ခေါင်းဆောင်ပိုင်းရဲ့ တုံ့ပြန်မှု အပေါ်မှာ စိတ်ပျက်ရကြောင်း ပြောဆိုသွားပါတယ်။

ဆော်ဒီ သတင်းထောက် Khashoggi က ပြည်ပမှာ တိမ်းရှောင်နေသူ ဖြစ်ပြီး ဝါရှင်တန်ပို့စ် သတင်းစာကြီးမှာ အတွေးအမြင်ဆောင်းပါးတွေ ရေးသားနေသူပါ။ ဆော်ဒီ အိမ်ရှေ့စံ မင်းသား Mohammed bin Salman ကို ဝေဖန်သူလည်း ဖြစ်ပါတယ်။ Khashoggi သေဆုံးမှုကို ဖုံးကွယ်ဖို့ အမေရိကန် သမ္မတ အနေနဲ့ လမ်းဖွင့် မပေးသင့်ဘူးလို့လည်း Cengis က ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ဆော်ဒီသတင်းထောက် သတ်ဖြတ်ဖို့စေခိုင်းသူ ဖော်ထုတ်ပေးဖို့ တူရကီတောင်းဆို