(Zawgyi / Unicode)
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် Ban Kao မြို့ ကျေးရွာအမှတ် ၁၂ အုပ်စုအနီးမှာ လူပွဲစားလာခေါ်မှာကို စောင့်နေကြတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ဒီဇင်ဘာလ ၁၂ ရက်ညက ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်းလူမျိုးပွဲစားက လာမခေါ်တာကြောင့် အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁၁ ဦး စုစုပေါင်း လူငယ်ပိုင်း မြန်မာနိုင်ငံသား ၂၅ ဦး ဖမ်းဆီးခံလိုက်ရေကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။
“လူမှောင်ခိုပွဲစားတွေက အောက်လမ်းကနေ တဦးကို ဘတ်ငွေ ၉,၀၀၀ ယူပြီး ထိုင်းဘက်ကိုဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၅ ယောက်ကို ထိုင်းနယ်ခြားစောင့်တပ်က ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။”
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာပြည်သားတွေဟာ ကပ်ရောဂါ အဖြစ်များတာကို စိုးရိမ်တာရော အလုပ်အကိုင် အခက်အခဲတွေကြောင့်ပါ ခိုးဝင်နေကြတာဖြစ်တယ်လို့ ကိုရဲမင်းက ပြောပါတယ်။
“ထိုင်းနိုင်ငံထဲကို ကိုဗစ်ကာလ အခက်အခဲတွေမှာ မြန်မာပြည်တွင်းမှာ ရပ်တည်လို့လည်း မရတဲ့ အနေအထားတွေကြောင့် ဒီလိုကာလကြီးတွေမှာ ခိုးဝင်ရင် ဒီဘက်မှာ ထိုင်းဘက်က ဖမ်းဆီးခံရမှာကို သိသိကြီးနဲ့ အခြေအနေမကောင်းတဲ့ကြားက အခက်အခဲတွေကြောင့် ခိုးဝင်နေကြတာပါ။”
SEE ALSO: ကိုဗစ်-၁၉ ကူးစက်မှု တွေ့ရှိပြီးနောက် ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမှုတွေတိုးမြှင့်ထိုင်းအာဏာပိုင်တွေကတော့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါပိုး စစ်ဆေးပြီး နောက်ထပ်အရေးယူမှုတွေ ဆက်လုပ်မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေကို လာခေါ်မယ့် ထိုင်းနိုင်ငံသား လူပွဲစားကတော့ ထွက်ပြေးသွားခဲ့ကြောင်း ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးမှူး Mr. Apirat က ထုတ်ဖော်ပြောဆိုခဲ့ပြီး လူပွဲစားဂိုဏ်း ဖမ်းဆီးနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါ အဖြစ်များနေတာကြောင့် တိမ်းရှောင်တာအပြင် အလုပ်အကိုင်ရဖို့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်းကို ဆက်တိုက်ဝင်ရောက်လာနေတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့မှာလည်း သောင်ရင်းမြစ်ကို လှေငယ်တွေနဲ့ ဖြတ်ကူးလာတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄,၂၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၂၄၅ ဦးနဲ့ ကူးစက်သူ ၁၀၇,၀၀၀ ကျော် ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားချိန်မှာ ဖမ်းဆီးခံရတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
--------------------------------
(Unicode)