ထိုင်ဝမ်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရတရပ်ရှိပြီး၊ အားကောင်းခိုင်မာတဲ့ စီးပွားရေး (၂၀၁၉ အသားတင်ထွက်ကုန် GDP ဒေါ်လာ ၆၁၁ ဘီလျံ)နဲ့ ကိုယ်ပိုင်စစ်တပ် (လက်ရှိတာဝန်ထမ်း တပ်ဖွဲ့ဝင် ၁၆၅,၀၀၀) ရှိပါတယ်။ နိုင်ငံတနိုင်ငံရဲ့ လက္ခဏာရပ်တွေ အကုန်ရှိပေမဲ့ ထိုင်ဝမ်ဆိုတာ တကယ်တမ်း ဘာလဲဆိုတာနဲ့ ပတ်သတ်ပြီး အငြင်းပွားနေကြတာပါ။
တရုတ်ကတော့ ထိုင်ဝမ်ဟာ ခွဲထွက်ပြည်နယ်တခုပဲ ဖြစ်တယ်လို့ ရှုမြင်ပြီး၊ တနေ့ သူတို့ ပြန်ရယူမယ်လို့ သန္နိဋ္ဌာန်ချထားတာပါ။ ထိုင်ဝမ်ခေါင်းဆောင်တွေကတော့ လွတ်လပ်ရေးတရားဝင် ကြေညာထားထား မထားထား၊ ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်စိုးတဲ့ တိုင်းပြည်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအငြင်းပွားမှုကြောင့်ပဲ နိုင်ငံငယ် အများစု အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံကပဲ ထိုင်ဝမ်ကို “နိုင်ငံတနိုင်ငံ”အဖြစ် အသိအမှတ်ပြုပါတယ်။ မာရှယ်ကျွန်းစုနိုင်ငံ၊ နိုင်ရူး၊ ပလာအူး၊ တူဗလူး၊ အက်စ်ဝမ်တီနီ၊ ဟိုလီးဆီး၊ ဘဲလ်လိစ်၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ နစ်ကွာရာဂွာ၊ ပါရာရွေး၊ စိန့်လူစီယာ၊ စိန့်ဗင်းဆင့်၊ ဂရန်နာဒိုင်းစ်တို့ ဖြစ်ကြပါတယ်။
ထိုင်ဝမ်က ဒီအခြေအနေကို ဘယ်လို ရောက်ခဲ့တာလဲ။
၁၇ ရာစုမှာ ထိုင်ဝမ်က ဒက်ချ်ကိုလိုနီ ခဏဖြစ်ခဲ့ပြီး နောက် နှစ် ၂၀၀မှာတော့ သူက တရုတ်နိုင်ငံရဲ့ တစိတ်ဒေသ ဖြစ်ပါတယ်။ ၁၈၉၅ ခုနှစ်မှာ ဂျပန်နိုင်ငံက သိမ်းယူခဲ့ပြီး နှစ် ၅၀ ကြာ အုပ်ချုပ်ခဲ့တာပါ။ ဂျပန်က ဒုတိယကမ္ဘာစစ်မှာ ရှုံးနိမ်းခဲ့ပြီးနောက် ဂျပန်က တရုတ်ဆီကို အာဏာပြန်လွှဲပေးခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာတော့ တရုတ်နိုင်ငံမှာ ကွန်မြူနစ်တွေနဲ့ အာဏာရ အမျိုးသားရေးဝါဒီအစိုးရတို့ကြား ပြည်တွင်းစစ် ပြီးဆုံးသွားခဲ့တာပါ။
အဲဒီတုန်းက တရုတ်ခေါင်းဆောင် ချန်ကေရှိတ်က မော်စီတုံး ဦးဆောင်တဲ့ ကွန်မြူနစ်တပ်တွေကို စစ်ရှုံးသွားပြီး အမျိုးသားရေးဝါဒီအစိုးရနဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေ၊ ထိုင်ဝမ်ကို လိုလားသူတွေနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။ အဲဒီအချိန်ကစလို့ ထိုင်ဝမ်ကျွန်းကို သူတို့ သီးခြားလွတ်လွတ်လပ်လပ် အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ချန်ကေရှိတ်လက်ထက် ထိုင်ဝမ်မှာ သူတို့အစိုးရရဲ့ အာဏာက တရုတ်တနိုင်ငံလုံးကို သက်ရောက်မှုရှိတယ်လို့ဆိုပြီး တရုတ်နိုင်ငံကို ပြန်သိမ်းယူဖို့ ဆန္ဒရှိခဲ့တာပါ။ ဒါ့ကြောင့် ထိုင်ဝမ်ရဲ့ တရားဝင်နာမည်ကလည်း တရုတ်သမ္မတနိုင်ငံ ROC ဖြစ်ပါတယ်။
အမေရိကန်အပါအဝင် အနောက်နိုင်ငံအများအပြားက ချန်ကေရှိတ်အစိုးရကို တရားဝင်တဲ့ အာဏာပိုင်အဖွဲ့အစည်းအဖြစ် ၁၉၇၀ ပြည့်လွန်နှစ်တွေအထိ အသိအမှတ်ပြုခဲ့ပြီး အဲဒီနောက်မှ ကွန်မြူနစ်ပါတီအုပ်ချုပ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြောင်းလဲအသိအမှတ်ပြုတာ ဖြစ်ပါတယ်။ ချန်ကေရှိတ်အစိုးရက ထိုင်ဝမ်ကို အငြင်းပွားဖွယ် စစ်အုပ်ချုပ်ရေးဥပဒေနဲ့ အုပ်ချုပ်ခဲ့ပါတယ်။
ချန်ကေရှိတ် ကွယ်လွန်ပြီးချိန်မှာ သူ့ရဲ့သား ချန်ချင်းကော်က ဒီမိုကရေစီအစိုးရအသွင်ပြောင်းလဲဖို့ လုပ်ဆောင်ခဲ့ပါတယ်။ သမ္မတလီတန်ဟွေ လက်ထက်မှာ ဒီမိုကရေစီနည်းကျမူဝါဒတွေ ပိုအားကောင်းလာပြီး တိုက်ရိုက်ရွေးကောက်ပွဲတွေ ကျင်းပဖို့ လမ်းခင်းခဲ့ပါတယ်။ ပထမဆုံး လွတ်လပ်တဲ့ရွေးကောက်ပွဲကို ၁၉၉၂ ခုနှစ်မှာ ကျင်းပခဲ့ပြီး၊ ၁၉၉၆ ခုနှစ်မှာ ပထမဆုံး သမ္မတရွေးကောက်ပွဲ ကျင်းပပါတယ်။
တဖြည်းဖြည်းနဲ့ ချန်ရဲ့ အားကြီးတဲ့ ကူမင်တန် အမျိုးသားရေးပါတီက မဟုတ်သူက ထိုင်ဝမ်ကျွန်းရဲ့ ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာပါတယ်။ တိုးတက်သောဒီမိုကရက်တစ်ပါတီက ချန်ရွှေဗျန်း ၂၀၀၀ ခုနှစ်မှာ သမ္မတဖြစ်လာပြီး လွတ်လပ်ရေးအတွက် ပြောထားတဲ့ သူ့ရဲ့ ကြေညာချက်တွေကြောင့် တရုတ်တို့ စိုးရိမ်လာပါတယ်။ အာဏာရပြီးတဲ့နောက်မှာတော့ ချန်က ထိုင်ဝမ်ကို တရုတ် လာမတိုက်သရွေ့ သူတို့ လွတ်လပ်ရေးကြေညာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်ကလည်း ထိုင်ဝမ်ကသာ လွတ်လပ်ရေးကြေညာရင် အင်အားသုံးကိုင်တွယ်ဖို့ ၂၀၀၅ ခုနှစ်မှာ ဥပဒေ ချမှတ်လိုက်ပါတယ်။
ဟောင်ကောင်ကို ကျင့်သုံးနေတဲ့ မူဝါဒလိုမျိုး ထိုင်ဝမ်နဲ့လည်း “တနိုင်ငံ စနစ်နှစ်ခု” မူဝါဒ ကျင့်သုံးဖို့ တရုတ်က အဆိုပြုထားပါတယ်။ ထိုင်ဝမ်ခေါင်းဆောင်တွေက ဒီမူဘောင်ကို ပယ်ချသလို ဟောင်ကောင်မှာ တရုတ်ဝင်ရောက်နှိမ်နင်းမှုတွေလုပ်ကတည်းက တရုတ်ရဲ့ ဒီအဆိုပြုချက်ကို ပိုတောင် လူကြိုက်နည်းလာတာပါ။
ထိုင်ဝမ်ကျွန်းသားအများစု (၅၅.၇%) ကတော့ လက်ရှိအနေအထားကိုပဲ ထောက်ခံပြီး နောက်ထပ် လေးပုံတပုံက (၂၅.၈%) လက်ရှိအနေအထားနဲ့ လွတ်လပ်ရေးကြေညာတဲ့ဘက်ကို ထောက်ခံပါတယ်။ လူနည်းနည်းလေးကပဲ ချက်ချင်း လွတ်လပ်ရေးယူတာမျိုး (၅.၆%) ၊ ဒါမှမဟုတ် တရုတ်နဲ့ ပေါင်းစည်းရေးလုပ်ဖို့ (၁.၅%) ထောက်ခံတာပါ။
ထိုင်ဝမ်နိုင်ငံရေးမှာ အမေရိကန်ပြည်ထောင်စုကလည်း အခန်းကဏ္ဍကြီးကြီးမားမား ပါဝင်နေပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တရုတ်ကို အသိအမှတ်ပြုလိုက်တဲ့ ၁၉၇၉ ခုနှစ်မှာ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး အဆုံးသတ်သွားပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကို လက်နက်တွေဆက်ပြီး ပေးနေခဲ့တာပါ။ တရုတ်ကိုဆန့်ကျင်ပြီး ထိုင်ဝမ်ဘက်ကို ဘယ်လောက် အကာအကွယ်ပေးမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။
တရုတ်နဲ့ ထိုင်ဝမ်ကြား ဆယ်စုနှစ်အတော်ကြာ တင်းမာမှုတွေကြားက ဆက်ဆံရေးတိုးတက်ဖို့တော့ နှစ်ဘက်စလုံးက ကြိုးစားကြပါတယ်။ ၁၉၈၇ မှာ ထိုင်ဝမ်က သူတို့ဆီက လူတွေ ပြည်မကြီးကို သွားလည်ပတ်ခွင့် ပြုခဲ့ပါတယ်။ ၁၉၉၃ မှာ သူတို့ ပထမဆုံးအကြိမ် ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၀မှာ တရုတ်အစိုးရနဲ့ ထိုင်ဝမ်အစိုးရ လွတ်လပ်စွာကုန်သွယ်ခွင့် လက်မှတ်ရေးထိုးခဲ့ပါတယ်။ စီးပွားဆက်သွယ်ရေးကြောင့် တရုတ်က သူတို့အပေါ်နိုင်ကွက်ရသွားမှာကို ထိုင်ဝမ်ကတချို့ စိုးရိမ်နေပြီး၊ တချို့ကတော့ ဒါက ငြိမ်းချမ်းရေးအတွက် အထောက်အကူရတယ်လို့ ယုံကြည်ပါတယ်။
၂၀၀၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေမှာ ထိုင်ဝမ်မှာ ကူမင်တန်ပါတီ ပြန်အာဏာရတော့ တင်းမာမှု နည်းနည်းလျော့လာခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၆ မှာ ထိုင်ဝမ်လွတ်လပ်ရေးလိုလားတဲ့ ဒီမိုကရက်တစ်ပရိုဂရက်ဆစ်ပါတီက ချန်အင်ဝမ် ထောက်ခံမဲ ၈.၂ သန်းနဲ့ စံချိန်ချိုးအနိုင်ရလိုက်တာဟာ တရုတ်ကို ခါးခါးသီးသီးငြင်းလိုက်သလို ဖြစ်သွားပါတယ်။
ဒီရွေးကောက်ပွဲပြီးကတည်းက ထိုင်ဝမ်နားကပ်ပြီး တိုက်လေယာဉ်တွေပျံတာမျိုး တရုတ်က ထိုင်ဝမ်အပေါ် ရန်လိုတဲ့လုပ်ရပ်တွေ ပိုလုပ်လာပါတယ်။
ဆယ်စုနှစ်တွေအတွင်းမှာ ထိုင်ဝမ်မှာနေသူတွေကလည်း သူတို့ကိုယ်သူတို့ တရုတ်တွေဆိုတာထက် ထိုင်ဝမ်ကျွန်းသားတွေလို့ပဲ ရှုုမြင်လာခဲ့ကြတာပါ။ လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးလောက်ကဆို အဲဒီလိုခံယူသူက လူဦးရေတစိတ်တောင်မပြည့်ပေမယ့် အခုဆို ထိုင်ဝမ်ကျွန်းသားတွေပဲလို့ ခံယူသူက သုံးပုံနှစ်ပုံလောက်ရှိနေပါပြီ။
ဗွီဒီယိုကြည့်ရှုရန် -
Your browser doesn’t support HTML5