ရုရှား-ယူကရိန်း စစ်ရေး ရှေ့အလားအလာ (သုံးသပ်ချက်)

  • ဝင်းမင်း

Russia Ukraine Map

[[ ZAWGYI ]]

ရုရှား-ယူကရိန်း စစ်ရေး ရှေ့အလားအလာ (သုံးသပ်ချက်)

ရုရှားအနေနဲ့ ယူကရိန်းကို ဝင်တိုက်တာမှာ အစပိုင်း တွက်ချက်ခဲ့တာထက် ပိုခက်ခက်ခဲခဲ တိုက်နေရပြီး၊ နောက်ပိုင်းမှာ ပိုပြင်းပြင်းထန်ထန် တိုက်လာနိုင်ခြေ ရှိတယ်လို့ စစ်ရေး လုံခြုံရေးသုံးသပ်သူတွေက ဆိုပါတယ်။

ရုရှားအတွက် စိန်ခေါ်ချက်ကတော့ နောက်က တပ်တွေကို ချိတ်ဆက် ပို့လွှတ်တဲ့ ဆက်သွယ်ပို့ဆောင်ရေးစနစ် ဖြစ်ပြီး၊ နိုင်ငံတကာက ဘက်ပေါင်းစုံ ကန့်ကွက်ဆန့်ကျင်လာမှာကိုလည်း မျှော်လင့်ထားခဲ့ပုံ မရဘူးလို့ သုံးသပ်သူတွေက ထောက်ပြပါတယ်။ ရှေ့ဆက်ဖြစ်လာနိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာလုံခြုံရေး စစ်ရေး လေ့လာထားတဲ့ မြန်မာသုံးသပ်သူတွေကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

MIPS ခေါ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ရုရှားကျူးကျော်မှုရဲ့ ထူးခြားပုံကို ပြောပြပါတယ်။

" အဓိကတော့ ရုရှားဖက်က သမရိုးကျတိုက်တဲ့ စစ်ပွဲပုံစံမျိုး မျှော်လင့်ခဲ့တာပေါ့။ အခုဖြစ်လာတာက အသွင်သဏ္ဍန် အင်အား မတူတဲ့ စစ်ပွဲပုံစံမျိုး ပိုဖြစ်လာတယ်။ ရုရှားက ကနဦးမှာ မျှော်လင့်ထားတာက သူတို့က အင်နဲ့အားနဲ့တိုက်လိုက်ရင် ယူကရိန်းဖက်က ဆွေးနွေးပွဲစကားဝိုင်းကို အမြန်ရောက်လာပြီးတော့ ၊ ရုရှားလိုချင်တဲ့ အာမခံချက်တွေ ပေးမှာပဲလို့ သုံးသပ်ထားပုံရတယ်။ ဒါကြောင့်မို့ ရုရှားကလည်း ယူကရိန်းစစ်ဖက်ဆိုင်ရာကိုပဲ အဓိကပစ်မှတ်ထားပြီး၊ အခြား အခြေခံ အဆောက်ဦပိုင်းကို မထိရအောင် သတိထားတိုက်ခဲ့တယ်။ တဖက်က အလျော့မပေးပဲ ခုခံတာမျိုး ဖြစ်လာတော့ ရုရှားက သူ့ရဲ့ဒုတိယဗျူဟာအနေနဲ့ အင်အားသုံး ပစ်အားသုံးပြီး ချေမှုန်းမယ်ဆိုတဲ့ အဆင့်ကို စဉ်းစားလာပုံရတယ်။ "

ဒါ့အပြင် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးကလည်း ရုရှားဗျူဟာကို ခုလိုသုံးသပ်ပါတယ်။
" ပထမ ထိုးစစ်ဆင်တဲ့ အနေနဲ့ ယူကရိန်း-ရုရှားနယ်စပ်မှာ စုရုံးနေတဲ့တပ်တွေ၊ ခရိုင်းမီးယားမှာရှိတဲ့ တပ်တွေ၊ ဘဲလ်လာရုစ်ဖက်မှာ ဝိုင်းပတ်ထားတဲ့ တပ်တွေက ယူကရိန်းရဲ့ အဓိကမြို့ကြီးတွေကို စတင်တိုက်ခိုက်လာခဲ့တယ်။ ပထမဆုံးနေ့မှာပဲ ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ရုရှားက ဖျက်ဆီးနိုင်ခဲ့တယ်။ ယူကရိန်းက လေကြောင်းကနေ မတိုက်နိုင်တော့ပဲ ရုရှားကနေ ရှေ့ကိုတိုးလာတဲ့ အနေအထားကို မြင်ရတယ်။ ရုရှားက ပထမဝင်လာတဲ့ တပ်တွေဟာ သိပ်အကြီးကြီး ဝင်လာတာ မဟုတ်ပေမယ့် နောက်ပိုင်း ပြင်းထန်တဲ့ခုခံမှု ကြုံလာချိန်မှာ တပ်တွေ ထပ်ဖြည့်ပြီး ရှေ့ကတပ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ လုပ်လာတယ်။ သူတို့က မြို့တော် ကိယက်ဗ်ကို အလျင်စလို သိမ်းဖို့တော့ လုပ်မနေဘူး။ အခြားအဓိကကျတဲ့ မြို့ကြီးတွေကိုတော့ တိုက်ခိုက်တယ်။ လေကြောင်းစိုးမိုးမှု ရယူတယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်တယ်။ "

ခုလို ယူကရိန်းကို ဝင်တိုက်တာ တပတ်ကျော်လာချိန် ဆက်ဖြစ်လာနိုင်တဲ့ ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ဗျူဟာတွေ ပေါ်မှာလည်း ဒေါက်တာမင်းဇော်ဦးက -
"စစချင်းမှာ ရုရှားက ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးကို ဖျက်လိုက်ပေမဲ့ သူက ဂျက်လေယာဉ်တွေ ဗုံးကြဲလေယာဉ်တွေနဲ့ လေကြောင်းက အပြင်းထန် တိုက်တာမျိုး မလုပ်သေးဘူး။ မြေပြင်တပ်တွေကို ပိုချဲ့ စုလာပြီး ၊ ခုခံမှုကြီးတဲ့ နေရာတွေကို အင်အားသုံးတိုက်မယ့် သဘောမှာရှိတယ်။ တဖက်မှာ စစ်တိုက်ရင်းနဲ့ ဆွေးနွေးဝိုင်း တက်လာအောင် လုပ်မယ့် ဗျူဟာမျိုး ရုရှားဖက်က ပိုသုံးပုံရတယ်။ ယူကရိန်းကကျတော့ ဒီစစ်ပွဲကို ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်ပြီး ကြာလေ ရုရှားဖက်က ပိုနာလေဖြစ်အောင် လုပ်ချင်တယ်။ ရုရှားလိုချင်တာကို မြန်မြန် မပေးပဲ ဆွဲဆန့်ထားခြင်းအားဖြင့် အပေးယူလုပ်တဲ့အခါ ပိုသာနိုင်တယ်ဆိုတဲ့ သဘောမျိုး ယူကရိန်းက စဉ်းစားပုံရတယ်။"

ရုရှားဖက်မှာ စိန်ခေါ်မှု ရှိနေပုံကိုလည်း မြန်မာစစ်တပ် အရာရှိဟောင်းလည်းဖြစ် ၊ ရုရှားမှာ ဘွဲ့လွန် ပညာသင်ခဲ့တဲ့ ဒေါက်တာ နိုင်ဆွေဦးက -
" အဲဒီမှာ ရုရှားစစ်သည်တွေလည်း အများကြီး ကျဆုံးတယ်။ ရုရှားတပ်တွေမှာ ထောက်ပို့အပိုင်း တပ်ချင်း ချိတ်ဆက်ဖို့ လုပ်ဆောင်ရတဲ့ အခက်အခဲတွေတော့ ရှိနေနိုင်ပါတယ်။ "

ဒီလို တပ်တွေ ထောက်ပို့စနစ် အားနည်းတဲ့အပေါ် နိုင်ငံတကာလုံခြုံရေး လေ့လာထားတဲ့ ဒေါက်တာ မင်းဇော်ဦးကလည်း သဘောတူပါတယ်။
"သူတို့မှာ Logistic (ထောက်ပို့) ပြဿနာတွေ ရှိနိုင်တယ်။ အမေရိကန်တပ်တွေဆိုရင် ဒီ Logistic ကို အဖန်တလဲလဲ လေ့ကျင့်ထားတော့ ပိုကောင်းတယ်။ အခုဆိုရင် ရုရှားက သူတို့ရဲ့ အရံတပ်တွေ ဆွဲထုတ်ပြီး ထုနဲ့ထည်နဲ့ တိုက်တဲ့ပုံကိုကြည့်မယ်ဆိုရင် သူ့ဗျူဟာနဲ့သူ ရွှေ့နေတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ နိုင်ငံတကာ တုန့်ပြန်မှုက နိုင်ငံရေးတင်မကပဲ ယူကရိန်းကို စစ်ရေးအရပါ အကူအညီပေးမယ်ထိ ဖြစ်လာတယ်ပေ့ါ။ ဒါမျိုးကို ရုရှားက စဉ်းစားခဲ့ဟန်မတူဘူး။"

အဲဒီတော့ ရှေ့ဆက်အလားအလာကို ဒေါက်တာနိုင်ဆွေဦးက -
" အလားအလာက ၂ ချက်ပေါ့။ တခုက Donetsk နဲ့ Luhansk ဒေသတွေက ရုရှားနဲ့ အပြီး ပူးပေါင်းသွားမယ့် အနေအထားမျိုးရှိတယ်။ နောက်ပြီး ရုရှားက ယူကရိန်းနိုင်ငံရဲ့ Dnipro မြစ်ရဲ့ အရှေ့ဖက်ကမ်းပေါ့ အဲဒီနယ်မြေတွေ အကုန်လုံးက ရုရှားအောက် ရောက်သွားနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ကိယက်ဗ်မြို့ကိုတော့ သိမ်းတဲ့အထိ လုပ်လိမ့်မယ် ဒါပေမဲ့ သိမ်းပြီးတော့မှ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ပြီးတော့မှ လက်နက်ချအညံ့ခံခိုင်းတာမျိုး လုပ်လိမ့်မယ်။ တနိုင်ငံလုံးကို သိမ်းမယ်လို့တော့ ကျနော့်အနေနဲ့ မတွေ့ရဘူး။ ဒါပေမဲ့ ရုရှားလိုလားတဲ့ အစိုးရတရပ်ကို တင်ကောင်းတင်နိုင်တယ်။ "

တကယ်တော့ ရုရှားအနေနဲ့ ယူကရိန်းကို သိမ်းနိုင်ခဲ့ရင်တောင် ဆက်လက်ထိမ်းထားနိုင်ဖို့မှာတော့ ပြည်သူတွေနဲ့ နိုင်ငံတကာ ဆန့်ကျင်မှုတွေကို ပိုရင်ဆိုင်ရဖွယ်ရှိပြီး ၊ တရုတ်နဲ့ ပြေလည်မှုကလည်း အကန့်သတ်ရှိနိုင်ကာ ၊ မြန်မာအတွက်လည်း အာဏာသိမ်းနိုင်ပေမဲ့ ထိန်းရခက်တဲ့သင်ခန်းစာ ယူနိုင်စရာပါလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Your browser doesn’t support HTML5

ရုရှား-ယူကရိန်း စစ်ရေး ရှေ့အလားအလာ (သုံးသပ်ချက်)

=======================

{{ UNICODE }}










