ထန်တလန် စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးကုသဖို့ ခက်ခဲ

ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ မီးစွဲလောင်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် အဆောက်အဦပေါင်း ၁၆၀ ကျော်ပျက်စီးခဲ့ပါတယ် (၂၀၂၁ အောက်တိုဘာ ၂၉)

ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေ ဖျားနာပြီး ဆေးဝါးကုသဖို့လိုအပ်တဲ့အခါ ပြည်နယ်မြို့တော် ဟားခါးမြို့က ဆေးရုံဆေးခန်းတွေလို ဆေးဝါးပြည့်စုံတဲ့ နေရာတွေမှာ သွားရောက် ကုသနိုင်ဖို့မှာ အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။ ထန်တလန်မြို့မှာ နေအိမ်တွေ အများအပြား မီးလောင်ကျွမ်းတာ တနှစ်ကျော် ကြာခဲ့ပေမယ့် ပြန်လည်တည်ဆောက်ရေးတွေ မစနိုင်သေးသလို၊ စစ်ဘေးဒုက္ခသည် အများအပြား နေရပ်မပြန်နိုင်ကြသေးပါဘူး။ ထန်တလန်မြို့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ စက်တင်ဘာကစလို့ ချင်းပြည်နယ် ထန်တလန်မြို့မှာ မြန်မာစစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားပြီး မြို့ခံတွေ အများအပြား အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတာပါ။ မြို့ခံတွေဟာ တောတောင်တွေအပြင် မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ နေထိုင်နေကြရပါတယ်။ ဖျားနာသူတွေကြား လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တဦးက အခုလိုပြောပါတယ်။

“တချို့က တခါတလေကျရင် ရာသီတုပ်ကွေးလိုမျိုးနဲ့ ရွာတိုင်းရွာတိုင်းလိုလို တော်တော်များများ ဖျားကြတယ်ပေါ့နော်။ အစားအသောက်ကော ကျန်းမာရေးအတွက်လည်း တော်တော်လည်း ဒုက္ခရောက်တယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ ကျန်းမာရေး ဆိုရင်လည်း ခွဲစိတ်လို့ရတဲ့ ဆေးရုံဆို မရှိသလောက်ပဲ အဲ့လိုသူတို့ဆေးခန်းသွားပြဖို့ဆိုရင် နည်းနည်းပိုက်ဆံရှိမှပဲ အဆင်ပြေမယ့်ပုံ ဖြစ်နေတယ်။ တခါတလေကျရင် ဖျားတယ်သိတယ်။ ဒါပေမယ့် သွားဖို့ ပိုက်ဆံမရှိတဲ့အခါကျတော့ အဲ့လိုပဲ ခံနေကြရတာပေါ့။ အစားအသောက်ဆို အဟာရရှိတဲ့ အစားအသောက်ဆို ပို့ဆောင်ရေးက မရတာပေါ့။ ဥပမာပြောရရင် ကော်ဖီမစ်တောင်မှ လွယ်လွယ်နဲ့ ဝယ်မရဘူးပေါ့။”

ထန်တလန်မြို့ဟာ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့နဲ့ ၂၃ မိုင်သာ ကွာဝေးပါတယ်။ ချင်းပြည်နယ်ရဲ့ မြို့တော်နဲ့ သိပ်မဝေးကွာပေမဲ့ ဟားခါးမြို့ကို သွားရောက်ပြီး ဆေးဝါးကုသသူတွေကို စစ်တပ်ဘက်က တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းတာတွေ လုပ်တာကြောင့် သွားရောက် ဆေးဝါးကုသဖို့ စိုးရိမ်နေကြရတဲ့ အကြောင်း စစ်ဘေး တိမ်းရှောင်နေသူတွေက ပြောပါတယ်။

ဆေးဝါးကုသဖို့ မလုံလောက်တာအပြင် နေရပ်ပြန်ဖို့ အခက်အခဲရှိနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထန်တလန် စစ်ဘေးရှောင်ဒေသခံဦးက အခုလိုပြောပါတယ်။

“ဒီမှာက လမ်းပန်းလည်း မကောင်းဘူး။ ကျွန်တော်တို့ထန်တလန်က ပြင်တာလည်းမလုပ်ဘူး။ လမ်းကလည်း အရင်ကလိုပဲနည်းနည်းဆိုးတယ်။ ကျန်းမာရေးလည်းဆိုးတယ်။ ဆေးတွေလည်းမရှိဘူး။ သိပ်မစုံဘူးဆိုတော့ အခက်အခဲတွေက များတာပေါ့နော်။ ကျွန်တော်တို့ထန်တလန်က ဟားခါးသွားရင်လည်း ဟိုမှာက စစ်တာတွေများတယ်။ ဖမ်းတယ်ဘာတယ်ဆိုတော့ ကျွန်တော်တို့လည်း မလိုအပ်ဘဲ မသွားရဲဘူး။ အရေးပေါ်ဖြစ်မှပဲသွားရတာ။ သွားရတာတောင် သိပ်မနေရဲဘူး။ ကျွန်တော်တို့ မပြန်ချင်တာက မပြန်ချင်တာမဟုတ်ဘူး။ စစ်တပ်ကရှိနေသရွေ့ကျွန်တော်တို့ ပြန်လို့မရဘူး။ သူတို့ပစ်မှာပဲ ပြန်ရင်ပစ်မှာ ပြန်ရင်လည်းပဲ ဒီအချိန်မှာ အိမ်လည်းမရှိဘူး။ ရေလည်းမရှိဘူး။ မီးလည်းမရှိဘူး။ နေစရာလည်းမရှိဘူး။ စားစရာလည်းမရှိဘူးဆိုတော့ ကျွန်တော်တို့က ပြန်လို့ကိုမရတာ။”

ထန်တလန်မြို့ကနေ ဒေသခံတွေ စွန့်ခွာသွားချိန်မှာ စစ်တပ်က မြို့ထဲမှာ ဆက်လက် တပ်စွဲထားပါတယ်။ ထန်တလန်မြို့ဟာ အကြိမ်ရေ ၂၀ ကျော်မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၁ ထောင်ကျော်အပြင် မြို့ရဲ့ အထင်ကရ ဘာသာရေး အဆောက်အဦးတွေပါ မီးလောင်ကျွမ်းခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ဒေသခံ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

နေအိမ်တွေ မီးလောင်တာနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ PDF တပ်ဖွဲ့တွေအကြား နှစ်ဖက်အပြန်အလှန် အပြစ်ဖို့ ပြောဆိုကြပါတယ်။ မြို့ခံတချို့က လူမရှိတဲ့နေအိမ်တွေကို စစ်တပ်က မီးရှို့တာလို့ ပြောဆိုနေပမဲ့ မြန်မာစစ်ကောင်စီဘက်ကလည်း အရပ်သားနေအိမ်တွေကို မီးမရှို့ဘူးဆိုပြီး ငြင်းဆိုလေ့ရှိပါတယ်။ ထန်တလန် မြိုခံတွေကတော့ မီးလောင်ပြင်ဖြစ်ခဲ့တဲ့ မြို့တွင်းက အိုးအိမ်တွေဆီ ပြန်မရောက်သေးဘဲ နီးစပ်ရာ တောတောင်တွေနဲ့ တချို့လည်း အိန္ဒိယနိုင်ငံဘက်ကို ဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံနေကြပါတယ်။

[Unicode]








