မြန်မာစစ်ဘက်နဲ့ အရပ်ဘက်တာဝန်ရှိသူတွေအပေါ် အီးယူအရေးယူမှု Justice For Myanmar ကြိုဆို

အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအလံများ

မြန်မာစစ်တပ်ကအရာရှိတွေအများစုအပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် ၉ ဦးနဲ့ စီးပွားရေးအဖွဲ့အစည်း ၇ ခုကို တနင်္လာနေ့က ဥရောပသမဂ္ဂ EU ကဒဏ်ခတ်အရေးယူလိုက်တဲ့အပေါ် Justice For Myanmar (JFM) လူ့အခွင့်အရေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ JFM ရဲ့ ကြေညာချက်မှာ အခုလို အီးယူက နောက်ဆုံးပိတ်ဆို့အရေးယူလိုက်တဲ့ စာရင်းအရ အာဏာသိမ်းပြီး နှစ်နှစ်ကြာချိန်ထိ လက်ရှိလုပ်ကိုင်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ပွဲစားတွေ၊ လေယာဉ်ဆီရောင်းချနေသူတွေနဲ့ စစ်ကောင်စီကို အဓိက ပစ်မှတ်ယူထားတာတွေ့ရကြောင်း ဖေါ်ပြထားပါတယ်။

အဲဒီထဲမှာ လက်နက်ပွဲစားတွေဖြစ်တဲ့ ဦးအောင်လှိုင်ဦး၊ ဦးစစ်တိုင်းအောင်နဲ့ ဦးကျော်မင်းဦးတို့ ပါဝင်ပြီး ကုမ္ပဏီတွေအနေနဲ့ကတော့ Dynasty International, International Gateways Group နဲ့ Sky Aviator Company Limited တို့ ဖြစ်ပါတယ်။

ဒါအပြင် ဦးအောင်လှိုင်ဦးနဲ့ Dynasty International တို့ဟာ ဥရောပနိုင်ငံက ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေဆဲရှိတာကြောင့် ဒီလို အီးယူက ပစ်မှတ်ထား ပိတ်ဆို့အရေးယူခြင်းအားဖြင့် လာမယ့် စီးပွားရေးလုပ်ငန်း တွေကို ထိထိရောက်ရောက် ပိတ်ပင်တားဆီးနိုင်မှာဖြစ်တယ်လို့ JFM ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အီးယူရဲ့ အခုလိုလုပ်ရပ်ကြောင့် မြန်မာစစ်တပ်အနေနဲ့ စစ်လက်နက်အထောက်အပံ့တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်နေမှုတွေဟာ အကန့်အသတ်ရှိသွားစေတဲ့အတွက် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Anna Roberts က ပြောပါတယ်။

အီးယူက နောက်ထပ်အရေးယူလိုက်တဲ့သူတွေထဲမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယ ပြည်ထဲရေးဝန်ကြီးနဲ့ရဲချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၊ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီးမျိုးမြင့်အောင် တို့ပါဝင်ကြပါတယ်။

အီးယူရဲ့ နောက်ဆုံး ပိတ်ဆို့ အရေးယူမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ တုန့်ပြန်မှု မရှိသေးပါဘူး။

Your browser doesn’t support HTML5

မြန်မာစစ်ဘက်နဲ့ အရပ်ဘက်တာဝန်ရှိသူတွေအပေါ် အီးယူအရေးယူမှု Justice For Myanmar ကြိုဆို

[Unicode]







