အကျပ်အတည်းကြုံနေရတဲ့မြန်မာ့အရေး ICG ဆွေးနွေးသုံးသပ်မှု

ICG panel - Conflict and Political Crisis in Myanmar / 17th MAY 2023. (Photo: Web Screenshot )

အကျပ်အတည်းကြုံနေရတဲ့မြန်မာ့အရေး ICG ဆွေးနွေးသုံးသပ်မှု

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ လက်ရှိအခြေအနေမှာ ရှေ့မတိုးသာ နောက်ဆုတ်မရ အခြေအနေ ဖြစ်နေပြီး၊ ရွေးကောက်ပွဲ ထွက်ပေါက်ကလည်း အသွားနှစ်ဖက်နဲ့ ဓားသွားလို သူ့အတွက် အန္တရာယ်ရှိနေတယ်လို့ ICG ပဋိပက္ခလေ့လာရေးအဖွဲ့က သုံးသပ်ပါတယ်။ တဘက်မှာလည်း ပဋိပက္ခဖြေရှင်းရေး နိုင်ငံတကာ ချည်းကပ်မှုတွေက အဖြေထွက်ဖို့ အားနည်းနေတာကိုလည်း ထောက်ပြထားပါတယ်။ မေလ ၁၇ ရက်နေ့ကလုပ်တဲ့ International Crisis Group (ICG) နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ အွန်လိုင်းဆွေးနွေးပွဲ သုံးသပ်ချက်တွေကို ကိုငြိမ်းချမ်းအေးက တင်ဆက်ပေးမှာပါ။


မြန်မာနိုင်ငံမှာ စစ်တပ်က ဆန့်ကျင်သူတွေကို ဖိနှိပ် အကြမ်းဖက်မှု တိုးလုပ်လာပေမယ့် တော်လှန်ရေး အင်အားစုတွေဘက်က ဆက်ပြီး ပြင်းပြန်းထန်ထန် ခုခံနေဆဲဖြစ်လို့ ပဋိပက္ခအရှိန် လျော့ကျသွားဖို့ မရှိဘူးလို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ International Crisis Group (ICG) လေ့လာသူတွေက သုံးသပ်ပါတယ်။ စစ်တပ်ဟာ နောက်ကြောင်းလည်း ပြန်မလှည့်နိုင်၊ ရှေ့လည်းမတိုးသာ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး စစ်ခေါင်းဆောင် အနေနဲ့ ထွက်ပေါက် ပျောက်နေတယ်လို့ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေး (Richard Horsey) က ဒီဆွေးနွေးပွဲမှာ သုံးသပ်ပါတယ်။

" ရွေးကောက်ပွဲက အသွားနှစ်ဖက်ပါတဲ့ ဓားလိုပဲ သူ့အတွက် အန္တရာယ်ရှိပါတယ်။ ရှေ့ဆက်သွားပြီး ရွေးကောက်ပွဲလုပ်၊ စစ်တပ်က အနိုင်ယူ၊ ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်တဲ့ ပုံစံမျိုး လုပ်ချင်ပေမယ့် တဘက်မှာလည်း ရွေးကောက်ပွဲက သူ့ အာဏာတည်မြဲရေးအတွက် အန္တရာယ်ဆိုတာ သူသိနေပါတယ်။ ဒါက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ နိုင်သွားမှာကြောင့် ဆိုတာမျိုး မဟုတ်ပါဘူး။ စစ်တပ်က ဒါမျိုး ဖြစ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဘာကြောင့် သူ့ အတွက် အန္တရာယ်ရှိလဲဆိုတော့ စစ်တပ်ထဲမှာ တခြား စစ်ဗိုလ်ချုပ်ကြီးတွေက အခွင့်ကောင်း စောင့်နေကြတာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကန့်အသတ်မရှိ ဆက်အုပ်ချုပ်မှာမျိုးကို သူတို့ လိုလားချင်မှ လိုလားမှာပါ။ သူ့ကို စစ်တပ်ထဲမှာ ကြိုက်လှချည်ရဲ့ မဟုတ်ပါဘူး။ တပ်ထဲမှာ သူ့ကို လူကြိုက်များ ထောက်ခံတာမျိုး မရှိလှပါဘူး။ "

Richard Horsey, ICG Group Senior Adviser for Myanmar

တပ်ထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို မဟာဗျူဟာကျ စဥ်းစားတွေးခေါ် လုပ်ဆောင်တတ်တဲ့ ခေါင်းဆောင်ကောင်းအဖြစ် မရှုမြင်ကြဘဲ သူ့ရဲ့ စွမ်းဆောင်ရည်၊ ခိုင်မာပြတ်သားမှုနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေအပေါ် သံသယ ရှိကြတယ်လို့ ရစ်ချတ်ဟိုဆေးက ထောက်ပြပါတယ်။

တဘက်မှာလည်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး အင်အားစုတွေဖက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ‘ညီညွတ်တဲ့ အင်အားစုကြီး’ တရပ်တည်ဆောက်နိုင်ဖို့က စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ICG လေ့လာသူတွေက ရှုမြင်ပါတယ်။

နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်အပေါ် သက်ရောက်မှုက အကြောင်းအရာအချက် အတော်များများအပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှု၊ စစ်အုပ်စုဘက်က နိုင်ငံရေး၊ စီးပွားရေး အပေးအယူ လုပ်နိုင်မှု၊ အဖွဲ့အသီးသီးရဲ့ နိုင်ငံရေး ရည်မှန်းချက်၊ နိုင်ငံရေး ယဥ်ကျေးမှု စတာတွေအပြင် အရင်က အသိအမှတ်ပြုမှု နည်းပေမယ့် အလေးထား သတိပြုစရာကောင်းတာက တိုင်းရင်းသားအုပ်စုတွေရဲ့ အခြေခံလူထုအသံက သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် သက်ရောက်နေတယ်တယ်လို့ ICG အဖွဲ့က တိုင်းရင်းသားအရေး စောင့်ကြည့်လေ့လာသူ အကြီးတန်း အတိုင်ပင်ခံ သောမတ်စ်ကိန်းက ပြောပါတယ်။

" တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှာဆိုရင် ဒါက ထင်ရှားပါတယ်။ တော်လှန်ရေးမှာ ကူညီဖို့ အခြေခံလူထုက ဖိအားပေးတယ်၊ ဒါပေမယ့် တရုတ်နိုင်ငံက ဘယ်လို တုံ့ပြန်မလဲဆိုတာ စိုးရိမ်လို့ ဒီလို ထောက်ခံကူညီနေတာကိုလည်း ပေါ်ပေါ်ထင်ထင် မပြဘူး။ ဒီလိုကြားမှာ ရပ်တည်နေတဲ့ အဖွဲ့တွေကို အနီးကပ် စောင့်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။ သူတို့က စစ်အုပ်စုနဲ့လည်း တရားဝင် ဆွေးနွေးတာမျိုး မရှိပါဘူး။ တဘက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေကို အတိုင်းအတာတခုအထိ သင်တန်းပေးတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် NUG နဲ့ အနီးကပ်ပူးပေါင်းတာမျိုးတော့ မရှိပြန်ပါဘူး။ "

အထူးသဖြင့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) လို့ ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့တွေကို အဓိက စောင့်ကြည့်ရမှာဖြစ်ပြီး ဒီအဖွဲ့တွေက ငယ်ရွယ်ပြီး သွက်လက်ချက်ချာတဲ့ ခေါင်းဆောင်မှုတွေ ရှိကြသလို ရည်မှန်းချက်လည်း မြင့်မားကြတယ်လို့ သောမတ်စ်ကိန်းက သုံးသပ်ပါတယ်။

တဘက်မှာလည်း တရုတ်နိုင်ငံက နယ်စပ်တည်ငြိမ်ရေး လိုလားတာကြောင့် ပဋိပက္ခတွေကို ရှောင်ရှားဖို့ ဖိအားပေးသလို အမျိုးသားညီညွတ်ရေးအဖွဲ့ (NUG)နဲ့ ထိတွေ့ဆက်ဆံမှုတွေကို ကန့်သတ်လိုတာ တွေ့ရတယ်လို့ သောမတ်စ်ကိန်းက ထောက်ပြပါတယ်။ ဒါပေမယ့် တရုတ်သြဇာကိုလည်း အလွန်အကျွံ မတွက်ချက်ဖို့ သူက သတိပေးပါတယ်။

" မြောက်ပိုင်းအဖွဲ့တွေနဲ့ နေပြည်တော်အပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို အလွန်အကျွံ ထည့်သွင်း စဥ်းစာတာမျိုးကိုလည်း သတိပြုစေချင်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ သြဇာအကြီးဆုံး နိုင်ငံခြားတိုင်းပြည်တခုပါ။ ဒါပေမဲ့ ဒီလို လွှမ်းမိုးနိုင်မှုမှာလည်း အကန့်အသတ် ရှိပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)ကို ကြည့်ပါ။ တရုတ်က သူတို့အဖွဲ့တွေကို လုပ်စေချင်တာမျိုးတွေက မကြာခဏဆိုသလို သူတို့ရဲ့ နိုင်ငံ‌ရေးရပ်တည်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဒီလို အားပြိုင်နေတဲ့ အချက် နှစ်ခုကို သူတို့အမြဲပဲ ချိန်ဆဖို့ လိုပါတယ်။ "

ICG Group Panelists: (Clockwise) Hnin Thet Hmu Khin, Sisters2Sisters/ Richard Horsey/ Tom Kean/ Moderator: Pierre Prakash

တခါ တိုင်းရင်းသားအဖွဲ့တွေရဲ့ ရပ်တည်ချက်တွေ ပြောင်းလဲဖို့က ၆ လ၊ ၁ နှစ် အတွင်း ဖြစ်လာမှာ မဟုတ်ဘဲ အချိန်ယူမှာဖြစ်သလို တော်လှန်ရေးက ရေရှည်သွားမယ့် ပုံစံလို့ သုံးသပ်ကြပါတယ်။ တဘက်မှာလည်း မြန်မာ့အရေးအပေါ် နိုင်ငံတကာရဲ့ အလေးထားမှုက အားနည်းနေပြီး ဘယ်လိုနည်းလမ်းနဲ့ ချဥ်းကပ်ရမှန်း မသိပဲ ဖြစ်နေတယ်လို့ ICG အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးက သုံးသပ်ပါတယ်။

" မြန်မာ့အရေးဟာ နိုင်ငံအများအစုအတွက် ဦးစားပေးအဆင့်မှာ မပါဘူး။ ဒါက ကိုဗစ်ကပ်ရောဂါကြောင့်၊ တခြား အာရုံစိုက်ရမယ့် ကမ္ဘာ့ အရေးကိစ္စကြီးတွေ ရှိတာကြောင့်ချည်း မဟုတ်ပါဘူး၊ နိုင်ငံအများအပြားအနေနဲ့ မြေပြင်က လက်တွေ့ အခြေအနေတွေ ပြောင်းလဲဖို့ သူတို့ ဘာလုပ်ရမှန်း မသိလို့ ဒေသတွင်းက အာဆီယံကိုပဲ ပုံချပြီး မြန်မာ့အရေး ဖြေရှင်း ခိုင်းနေတာပါ။ "

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေမှာ လူထုဟာ စစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့အတူ အလုပ်အကိုင်ရှာပါးမှု၊ အခြေခံ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုတွေ ကင်းမဲ့မှု။ ငွေကြေးဖောင်းပွမှု၊ စီးပွားရေး၊ လူမှုရေး ဒုက္ခသုက္ခ မျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ တဘက်မှာလည်း စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အပေါင်းအပါးတွေဟာ အရင် စစ်အစိုးရခေတ်တွေကလိုပဲ သဘာဝ သယံဇာတတွေ ရောင်းချတာ၊ တရားမဝင် စီးပွားလုပ်ငန်းတွေ များပြားလာတာ အပါအဝင် လိုသလို ချမှတ်ထားတဲ့ စီးပွားရေး မူဝါဒတွေကနေ အကျိုးအမြတ် အများကြီးရကာ ကြွယ်ဝနေကြပြီး ဆင်းရဲ-ချမ်းသာ ကွာဟမှုက ကြီးမာလာနေတယ်လို့ သုံးသပ်ကြပါတယ်။

ဒါရဲ့ အကျိုးဆက်အနေနဲ့ စီးပွားရေး အဆင်မပြေလို့ လူတွေ အစုလိုက် ရွှေ့ပြောင်းကြတာ၊ စစ်ဘေးသင့် ဒုက္ခသည်တွေ အဆမတန် တိုးပွားလာတာ၊ အခြေခံ ကာကွယ်ဆေးတောင် မထိုးနိုင်လို့ ကလေးငယ်တွေ ကူးစက်ရောဂါ ဖြစ်နိုင်ခြေ မြင့်မားလာတာ၊ မှောင်ခိုလုပ်ငန်းနဲ့ မူးယစ်ဆေးဝါး တင်ပို့မှု ကျယ်ပြန့်လာတွေက ဒေသတွင်းနဲ့ နိုင်ငံတကာ အထိ ဖြန့်ကျက် သက်ရောက်နေလို့ မြန်မာ့အကျပ်အတည်းကို အလေးထား ဖြေရှင်းသင့်တယ်လို့ ဆွေးနွေးပွဲမှာ အကြံပြုကြပါတယ်။

တဘက်မှာလည်း အာဏာသိမ်း စစ်ကောင်စီကို ထိတွေ့ဆက်ဆံနေတဲ့ အိန္ဒိယက ဒီနှစ်ထဲမှာ စက်မှုထိပ်သီးနိုင်ငံများ G-20 မှာ ဥက္ကဋ္ဌ တာဝန်ယူထားတာ၊ တခါ အရေးပါတဲ့ ဒေသတွင်းက အင်အားကြီး ဂျပန်က ထိပ်သီး စီးပွားနိုင်ငံများ G-7 မှာ ဥက္ကဋ္ဌ တာဝန်ယူတာ၊ ဒါ့အပြင် စစ်အာဏာသိမ်းထားတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဒီမိုကရေစီအင်အားစုတွေ အင်အားပြန်ကောင်းလာတွေက မြန်မာ့အရေးအတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်လာနိုင်မလားဆိုပြီး သုံးသပ် ပြောဆိုခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အကျပ်အတည်းကြုံနေရတဲ့မြန်မာ့အရေး ICG ဆွေးနွေးသုံးသပ်မှု