အီရန်အထူးရဲတပ်ဖွဲ့ ဝေဖန်သူ သတင်းထောက် အလုပ်ထုတ်ခံရ

FILE - A woman looks at a screen image of Nazila Maroufian, detained in Iran for coverage of protests, Nov. 4, 2022.

အီရန်အထူးရဲတပ်ဖွဲ့ ဝေဖန်သူ သတင်းထောက် အလုပ်ထုတ်ခံရ

အီရန်နိုင်ငံက အမျိုးသမီး သတင်းထောက်တဦးဖြစ်သူ နာဇီလာ မာရူဖီယံ (Nazila Maroufian) ဟာ အထူးရဲတပ်ဖွဲ့ရဲ့ မလျော်မကန် ပြောဆိုမှုကို ထုတ်ဖော်ပြီးနောက်မှာ သူ့ရဲ့ သတင်းစာတိုက်ကနေ အလုပ်ထုတ် ခံခဲ့ရပါတယ်။ မွတ်ဆလင် 'ဟီဂျပ်' ခေါင်းဆောင်းပု၀ါ မဝတ်ဆင်မှုနဲ့ အထူးရဲတပ်ဖွဲ့ အရာရှိတဦးက သူ့အပေါ်စော်ကားပြောဆိုခဲ့ကြောင်း တွစ်တာ လူမှုကွန်ရက်မှာ ထုတ်ဖော် ပြောဆိုပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ သူ အလုပ်စဝင်တာ သိပ် မကြာသေးတဲ့ သတင်းစာတိုက်က သူ့ကို အလုပ်က ထုတ်လိုက်တယ်လို့ မာရူဖီယံက ကြာသာပတေးနေ့က ပြောလိုက်တာပါ။

မြို့ထဲက ပြဇာတ်ရုံတခုမှာ အရာရှိတဦးက သူ့ရဲ့ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့ စော်ကားပြောဆိုခဲ့တယ်လို့ တနင်္ဂနွေနေ့က တွစ်တာမှာ နာဇီလာ မာရူဖီယံက ရေးတင်ခဲ့ပါတယ်။ သူ့ကို အလုပ်ထုတ်လိုက်တဲ့ သတင်းစာရဲ့ အမည်ကိုတော့ နာဇီလာမာရူဖီယံက ထုတ်မပြောပါဘူး။

နာဇီလာ မာရူဖီယံဟာ ဟီဂျပ် ခေါင်းစည်းပုဝါ စနစ်တကျ မစည်းနှောင်လို့ ဘာသာရေးရဲတပ်ဖွဲ့က ဖမ်းဆီးထားတုန်း သေဆုံးသွားခဲ့တဲ့ အသက် ၂၂ အရွယ် မာရှာအာမီနီ ဆိုတဲ့ အမျိုးသမီးရဲ့ ဖခင်ဖြစ်သူကို အင်တာဗျူးလုပ်ခဲ့လို့ မနှစ်ကလည်း အီရန် အာဏာပိုင်တွေက သူ့ကို ထောင်ချခဲ့ပါသေးတယ်။

SEE ALSO: အမျိုးသမီး သတင်းသမား (၃) ယောက် အီရန်အာဏာပိုင်တွေ ဖမ်းဆီး

သူဟာ ထောင်ထဲမှာ ရက်ပေါင်း(၇၀) နေခဲ့ရပြီး အာမခံနဲ့ ပြန်လွတ်ခဲ့တာပါ။ သူဟာ အီရန်အာဏာပိုင်တွေကို “ဝေဖန်လေ့ရှိသူ” ဖြစ်လို့ အာဏာပိုင်တွေက သူ့အပေါ် ဖိအားပေးနေတယ်လို့လည်း နာဇီလာ မာရူဖီယံက သူ့ရဲ့ တွစ်တာမှာ မကြာခင်က ရေးခဲ့ပါသေးတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ပြုစုတဲ့ ၂၀၂၃ ခုနှစ် အတွက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ အီရန်ဟာ အဆိုးဆုံးနိုင်ငံတွေထဲက တခုဖြစ်နေပြီး နိုင်ငံပေါင်း ၁၈၀ မှာ နံပါတ် ၁၇၇ နဲ့ ဗီယက်နမ်၊ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေရဲ့ နောက်မှာ ရောက်နေတာပါ။

မနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်စေခဲ့တဲ့ မာရှာအာမီနီ သေဆုံးမှုအကြောင်းကို ပထမဆုံး ထုတ်ဖော်ရေးသားခဲ့တဲ့ အခြား အီရန် သတင်းထောက်နှစ်ယောက် ဟာလည်း လက်ရှိ တရားရင်ဆိုင်နေရပါတယ်။ သူတို့ကို အမေရိကန်နဲ့ပူးပေါင်းပြီး နိုင်ငံတော်လုံခြုံရေးကို ထိပါးကာ အီရန်ရဲ့စနစ် အဖွဲ့အစည်းကို ဆန့်ကျင်ဝါဒဖြန့်မှုနဲ့ စွဲချက် တင်ထားပါတယ်။ အမေရိကန်နဲ့ ပူးပေါင်းလုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပြီး အီရန်အစိုးရဟာ အတိုက်အခံတွေကို အမြဲ ဖိနှိပ်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

Your browser doesn’t support HTML5

အီရန်အထူးရဲတပ်ဖွဲ့ ဝေဖန်သူ သတင်းထောက် အလုပ်ထုတ်ခံရ