မြန်မာက လူ့အခွင့်အရေးချိုးဖောက်သူတွေကို ICC က အရေးယူနိုင်ဖို့လို (လူ့အခွင့်အရေး မဟာမင်းကြီး)

၅၃ ကြိမ်မြောက်ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီအစည်းအဝေးဖွင့်ပွဲမှာ အမှာစကားပြောကြားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Türk (ဇွန် ၁၉၊ ၂၀၂၃)

မြန်မာနိုင်ငံရဲ့ ပဋိပက္ခ အဆုံးသတ်ရေး နိုင်ငံရေးအရ အဖြေရှာတဲ့အခါ ဘယ်လိုပဲ အဖြေရှာရှာ၊ ကျုးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အရေးယူနိုင်တဲ့ တာဝန်ခံမှုရှိရမှာဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အရေးယူနိုင်ဖို့ လိုတဲ့အကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Türk က ဒီကနေ့ ဂျနီဗာမှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။

“လက်ရှိ အကျပ်အတည်းက လွန်မြောက်နိုင်တဲ့ နည်းလမ်းဟာ ဆက်လက်ပေါ်ပေါက်နေတဲ့ အထူးစိုးရိမ်စရာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေချိုးဖေါက်မှုတွေကို အရေးယူနိုင်တဲ့ တာဝန်ခံမှု ရှိရမယ်ဆိုတဲ့ အချက်အပေါ်မှာ အလေးအနက်ထားဖို့ လိုပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ အရေးယူနိုင်ရေး လွှဲပြောင်းပေးဖို့ လုံခြုံရေးကောင်စီကို ကျနော်တိုက်တွန်းချင်ပါတယ်” - ဆိုပြီး လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Türk က ပြောဆိုသွားတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လက်ချက်ကြောင့် အနည်းဆုံး လူ ၃,၇၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၂၃,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းတွေကို ကိုးကားပြီး မဟာမင်းကြီး Volker Türk က ပြောဆိုသွားပါတယ်။ တကယ်တမ်း သေဆုံးခဲ့သူတွေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ အရေအတွက်ဟာ ဒီထက် ပိုနိုင်တယ်ဆိုတာကိုလည်း ပြောဆိုသွားပြီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အဖြစ်အပျက်တချို့ကို ဥပမာပေး ထောက်ပြပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ “နုတ်တိုက်” အစီရင်ခံစာ တင်သွင်းရာမှာ ပိုမိုဆိုးဝါးလာတဲ့ အနေအထားအပေါ် စိုးရိမ်ရတဲ့အကြောင်းနဲ့ တိုးတက်မှု မရှိတာကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကလည်း တင်ပြဆွေးနွေးကြပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အရေးယူရာမှာ စစ်လက်နက်တွေ ရောင်းချတာ ပိတ်ပင်ဖို့၊ စစ်တပ်ရဲ့ ဝင်ငွေ ရနိုင်တဲ့ လမ်းတွေကို ပိတ်ပင်အရေးယူဖို့နဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံတို့က ကိုယ်စားလှယ်တွေနဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေက တိုက်တွန်းပြောဆိုကြပါတယ်။

တချိန်တည်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို မီးမောင်းထိုးပြပြီး အတင်းအကြပ် နေရပ် ပြန်ပို့တာမျိုးတွေကို တားမြစ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ တခြားနိုင်ငံ ကိုယ်စားလှယ်တွေက တိုက်တွန်းသွားပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစပျိုးဆောင်ရွက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျုးလွန်တဲ့ စစ်ကောင်စီနဲ့ လူကုန်ကူးသူတွေလက်ထဲ ဝကွက်အပ်လိုက်သလို ဖြစ်သွားလိမ့်မယ်လို့လည်း Tom Andrews က သတိပေးသွားပါတယ်။

Your browser doesn’t support HTML5

မြန်မာက လူ့အခွင့်အရေးချိုးဖောက်သူတွေကို ICC က အရေးယူနိုင်ဖို့လို (လူ့အခွင့်အရေး မဟာမင်းကြီး)