ထိုင်းဝန်ကြီးချုပ်လောင်း Pita ကို လွှတ်တော်အမတ်အဖြစ်က ပယ်ဖျက်ဖို့ ရွေးကောက်ပွဲကော်မရှင် တိုက်တွန်း

ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat

ထိုင်းရွေးကောက်ပွဲကော်မရှင်က ဝန်ကြီးချုပ်လောင်း Pita Limjaroenrat ကို လွှတ်တော်အမတ်အဖြစ်ကနေ ရုပ်သိမ်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးကို ဒီနေ့ပဲ အကြံပြုတင်ပြလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်တဦးကို မနက်ဖြန် ရွေးချယ်ဖို့ ရှိနေချိန်မှာပဲ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်ပြချက် ထွက်လာတာပါ။

Move Forward ပါတီခေါင်းဆောင် Pita ဟာ မီဒီယာကုမ္ပဏီတခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့အတွက် ရွေးကောက်ပွဲ စည်းကမ်းကို ဖောက်ဖျက်ရာ ရောက်တာကြောင့် ပြီးခဲ့တဲ့ မေလ ၁၄ ရက်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းမပြည့်မီဘူးဆိုပြီး တိုင်ကြားချက်ဟာ ကျိုးကြောင်းဆီလျော်တယ်လို့ ကော်မရှင်က ထုတ်ပြန်ခဲ့တာပါ။

တရားရုံးက အမှုကိုကိုင်တွယ်နေချိန်မှာ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံဖို့ ကြိုးစားနေတဲ့ Pita ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆိုင်းငံ့ထားဖို့ တိုက်တွန်းလိမ့်မယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က အမည်မဖော်လိုသူ တဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။ Move Forward ပါတီခေါင်းဆောင် Pita ကတော့ သူ့ဖက်က ခုခံကာကွယ်ဖို့ အခွင့်အရေးမရှိတဲ့အတွက် လွှတ်တော်အမတ်အဖြစ် အရည်အချင်းမပြည့်မီဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်တာဟာ တရားမျှတမှု မရှိဘူးလို့ ဒီနေ့ပဲ တုံ့ပြန် ပြောဆိုထားပါတယ်။

ဆက်စပ်ဖတ်ရှုရန်

ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီ ဦးဆောင်နေမှုအပေါ် မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ အမြင် ကမ္ဘာ့သီတင်းမီဒီယာတွေထဲက မြန်မာထိုင်းရောက် မြန်မာလုပ်သားများ လစာ တိုးမလား “ညိုညိုလွင်ရဲ့ နေရာပေါင်းစုံ အကြောင်းစုံ”

“ရွေးကောက်ပွဲ ကော်မရှင်က ကျွန်တော့်ကို ဖြေရှင်းခွင့်မပေးရင် တရားမျှတမယ် မထင်ဘူး။ စည်းမျဉ်းက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ ခွင့်ပြုထားပြီးသားဖြစ်တယ်။ ဝန်ကြီးချုပ်ရာထူးအတွက် မဲမပေးရခင် တရက်အလိုမှာ ဒီလို မဖြစ်သင့်ဘူး။ ဒါဟာ အရမ်းမြန်လွန်းတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပြီး ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့ Pheu Thai ပါတီကို Move Forward ပါတီက အမတ်နေရာ ၁၀ နေရာ အသာနဲ့ အနိုင်ရထားတာဖြစ်ပြီး မနက်ဖြန် ဝန်ကြီးချုပ်သစ် ရွေးပွဲပြီးရင် ညွန့်ပေါင်းအစိုးရ ပူးပေါင်းဖွဲ့စည်းဖို့လည်း မျှော်လင့်ထားကြတာပါ။

Your browser doesn’t support HTML5

ထိုင်းဝန်ကြီးချုပ်လောင်း Pita ကို လွှတ်တော်အမတ်အဖြစ်က ပယ်ဖျက်ဖို့ ရွေးကောက်ပွဲကော်မရှင် တိုက်တွန်း