ကန်-တရုတ် ထိပ်သီးသံတမန်နှစ်ဦး အင်ဒိုနီးရှားမှာတွေ့ဆုံ

US Secretary of State Blinken shakes hands with Director of the Office of the Foreign Affairs Commission of the Communist Party of China's Central Committee Wang Yi during their meeting in Jakarta, July 13, 2023. (Photo by Dita Alangkara / Pool / AFP)

နိုင်ငံကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုလွယ်ကူအောင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် ဗဟိုနိုင်ငံခြားရေးရာကော်မရှင် ညွှန်ကြားရေးမှူးတို့ ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

မစ္စတာ Antony Blinken နဲ့ မစ္စတာ ဝမ်ယီတို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပနေတဲ့ အာဆီယံဦးဆောင်တဲ့ နိုင်ငံခြား‌ရေးဝန်ကြီးများ ဆွေးနွေးပွဲ ဘေးပန်းမှာတွေ့ခဲ့ကြတာပါ။ ဒီ ဆွေးနွေးပွဲကို ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov အပြင် ဩစထြေးလျား၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့လည်း တက်ရောက်ကြမှာပါ။

ခုလို တွေ့ဆုံဆွေးနွေးကြတာဟာ အမေရိကန်နဲ့ တရုတ်အကြား ဆက်သွယ်ရေးလမ်းကြောင်း ပွင့်နေတာကို ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မီးလ်လား Matthew Miller က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

SEE ALSO: အမေရိကန်က ထိုင်ဝမ်ကို အန္တရာယ်တွင်းထဲ တွန်းပို့နေတယ်လို့ တရုတ်စွပ်စွဲ

ထင်မြင်ချက် လွဲနေတာတွေနဲ့ အတွက်အချက် လွဲနေတာတွေကို ဒီလိုနည်းနဲ့ လျှော့ချခြင်းအားဖြင့်၊ ကိစ္စတော်တော်များများမှာ အမေရိကန်ရဲ့ အကျိုးစီးပွါးကို ရှင်းအောင်ပြောနိုင်မှာဖြစ်ပြီး၊ နှစ်နိုင်ငံ အားပြိုင်နေကြတာကို တာဝန်သိသိ စီမံခန့်ခွဲနိုင်မှာဖြစ်တယ်လို့ မစ္စတာ မီးလ်လား Miller က ဆိုပါတယ်။

ကွဲပြားခြားနားတဲ့ နယ်ပယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေ အပါအဝင် နှစ်နိုင်ငံကြား ပြဿနာတွေ၊ ဒေသတွင်း ပြဿနာတွေနဲ့ ကမ္ဘာ့ပြဿနာတွေကို အပြုသဘော၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း မစ္စတာ မီးလ်လား Miller က ပြောပါတယ်။ အထူးသဖြင့် ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အရေးကြီးပုံကို မစ္စတာ ဘလင်ကန်က အထူးပြု ပြောခဲ့တယ်လို့ ဆိုပါတယ်။

ကြာသပတေးနဲ့ သောကြာနေ့မှာကျင်းပတဲ့ ဒီ အစည်းအဝေးတွေမှာ မြန်မာပဋိပက္ခ အဆုံးသတ်ရေးနဲ့ တောင်တရုတ်ပင်လယ်ပြင် တင်းမာမှုတွေက အဓိကအဖြစ် ပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Your browser doesn’t support HTML5

ကန်-တရုတ် ထိပ်သီးသံတမန်နှစ်ဦး အင်ဒိုနီးရှားမှာတွေ့ဆုံ