ဂါဇာအရေးဆွေးနွေးဖို့ ကန် နိုင်ငံခြားရေးဝန်ကြီး အစ္စရေးရောက်

အစ္စရေးနိုင်ငံကိုရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဖေဖော်ဝါရီ ၇၊ ၂၀၂၄)

ဂါဇာကမ်းမြောင်မှာ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်လွှတ်ပေးရေးကိစ္စတွေ အစ္စရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးကို ဒီကနေ့ ရောက်နေပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အဆိုပြုချက်ကို ဟာမတ်စ်တို့ဘက်က တုံ့ပြန်တယ်လို့ ဝန်ကြီး Blinken က ထုတ်ဖော်ပြောဆိုအပြီး နောက်နေ့မှာပဲ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant ၊ သမ္မတ Isaac Herzog တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတာပါ။

ဝန်ကြီး Blinken ကတော့ ဓားစာခံတွေနဲ့ ပတ်သတ်တဲ့ သဘောတူညီချက်ကို တိုးချဲ့လုပ်ဆောင်ဖို့အတွက် သဘောတူညီမှုတခုရဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမှာပါလို့ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။

သီတင်းတပတ်ကြာခဲ့တဲ့ ပြီးခဲ့တဲ့ ယာယီအပစ်အခတ်ရပ်စဲရေး ကာလတုန်းကတော့ ဂါဇာကနေ ဓားစာခံ ၁၀၀ ကျော်နဲ့ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ကျော်တို့ကို အပြန်အလှန် လွှတ်ပေးခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကတော့ ကျန်နေတဲ့ ဓားစာခံ ၃၁ ဦး သေဆုံးခဲ့တယ်လို့ အင်္ဂါနေ့က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးတွေကြောင့် ပါလက်စတိုင်း ၂၇,၅၀၀ ကျော် သေဆုံးပြီး ၆၆,၉၀၀ ဒဏ်ရာရခဲ့တယ်လို့ ဟားမတ်စ်လက်အောက်ခံ ကျန်းမာရေးဌာနက ပြောပါတယ်။ အဲ့ဒီထဲမှာ အရပ်သားတွေနဲ့ စစ်သွေးကြွတွေ ပါဝင်ပေမဲ့ သေဆုံးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

ဂါဇာအရေးဆွေးနွေးဖို့ ကန် နိုင်ငံခြားရေးဝန်ကြီး အစ္စရေးရောက်