မြိတ်က အကျဉ်းသားတွေ ကော့သောင်းထောင်ကို ပြောင်းနေ

  • ဇော်ဝင်းလှိုင်

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားလွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့် သတင်းဓာတ်ပုံ

မြိတ်အကျဉ်းထောင်ကနေ မိုင် ၂၀၀ကျော် ဝေးတဲ့ ကော့သောင်းထောင်ကို နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ရာဂဏန်းကို ရွှေ့ပြောင်းလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်(PPNM) က ထုတ်ပြန်ပါတယ်။ အသုတ်လိုက်ခွဲပြီး ရွှေ့ပြောင်းနေတာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

တနင်္သာရီတိုင်း၊ မြိတ်အကျဥ်းထောင်ကနေ နိုင်ငံရေး အကျဥ်းသားတွေ အပါအဝင် အကျဥ်းသားတချို့ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းကနေ စတင်ပြီး ကော့သောင်း အကျဥ်းထောင်ကို ရွှေ့ပြောင်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM) က ဦးသိုက်ထွန်းဦး က ပြောပါတယ်။

“ဒီနေ့ပြောင်းတာတော့ နိုင်ငံရေးအကျဉ်းသားအများဆုံး ပြောင်းတာပေါ့နော်။ တခြား ရာဇဝတ်မှုအကျဉ်းသားတွေလည်း ပါတယ်။ ရောပြီး ပြောင်းတာပါ။ ရွှေ့ပြီး ၂သုတ်မှာ နိုင်ငံရေးအကျဉ်းသားဘဲချည်းဘဲ မဟုတ်ဘူး။ ရွှေ့မှာ ဒီနေ့တရက်ထဲ ၃၀၀ ရွှေ့မယ် သိထားတယ်။ လက်ရှိပြောင်းတာတော့ နိုင်ငံရေးအကျဉ်းသား အပါအဝင် တခြားရာဇဝတ်အကျဉ်းသားတွေကော ပါပါတယ်။”

အမည်မဖော်လိုတဲ့ ထောင်အာဏာပိုင်တဦးအဆိုအရတော့ အကျဉ်းထောင်တွင်း နေရာအခက်အခဲကြောင့်ပြောင်းရွှေ့တာဖြစ်ပြီး ပြောင်းရွှေ့ခံရသူစာရင်း လူနာမည်တွေကိုတော့ နောက်တနေ့မှာ အကျဉ်း ထောင်တွင်းမှာ စာကပ်ထားမှာဖြစ်တယ်လို့ ဗွီအိုအေကိုပြောပါတယ်။

လက်ရှိအချိန်ထိလည်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းဖို့ နာမည်နဲ့ ခေါ်ထုတ်ပြီး ညနေပိုင်းမှာလည်း နောက်ထပ် တသုတ်ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ နိုင်/ကျဉ်းတွေကို ကူညီပေးနေသူတွေကတော့ နေရာအခက်အခဲကြောင့်ရော၊ လုံခြံရေးကြောင့်ရော ပြောင်းရွှေ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

လက်ရှိ မြိတ်အကျဉ်းထောင်ထဲမှာ အကျဉ်းဦးစီး ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်တပ်ကပါ လုံခြုံရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ပြောပါတယ်။ ထောင်ပြောင်းမဲ့ အကြောင်း မိသားစုကို ကြိုတင် အသိမပေးခြင်း မရှိတာကြောင့် မိသားစုဝင်တွေဟာ ထောင်ပြောင်းပြီးမှသာ သိရတာများပါတယ်။

ပြန်လွတ်လာသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကူညီစောင့်ရှောက်နေသူတွေကတော့ နိုင်ငံရေးပုဒ်မ တွေနဲ့ အကျဉ်းကျခံနေရသူတွေဟာ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ ဖိနှိပ်မှု အမျိုးမျိုး ကြုံတွေ့နေရသလို လူ့အခွင့်အ‌ရေး ဆိုးရွားစွာ ချိုးဖောက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ လက်ရှိ ထောင်အသီးသီးမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ စိတ်ပူစရာအခြေအနေဖြစ်နေတာမို့ နိုင်ငံတကာက သိအောင် ထိထိရောက်ရောက် တင်ပြနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဦးသိုက်ထွန်းဦးက ပြောပါတယ်။

“လက်ရှိအကျဉ်းထောင်တွေထဲ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ICRC ကို ကျနော်တို့ အသိပေးလျက်ရှိပါတယ်။ သူတို့ကို ကျနော်တို့ အားမရဘူး။ ကိုယ်တိုင်က စစ်ကောင်စီနဲ့ ညှိုနှိုင်းပြီးနေနေရတဲ့သဘောလဲ တွေ့ပါတယ်။ သူတို့ပြောချင်ရင်တောင်မှ အရင်ကလို Statement အကြီးကြီးတွေနဲ့ ပြောနိုင်မယ်လို့ မယုံကြည်ဘူး။ ပူးတွဲပြီးမှ ဘယ်လောက်သက်သာအောင် လုပ်နိုင်မလဲဆိုတာမျိုးဘဲ ထင်တယ်။ ဒီနှစ်ထဲမှာ အကျဉ်းထောင်ကိုဘဲ Specialize(အထူးပြု) ပြီးမှ ကျနော်တို့ Geneva အစီအရင်ခံစာ တစောင်၊ မြန်မာနိုင်ငံမှာ အကျဉ်းထောင်အတွင်း ဖြစ်နေတဲ့ဟာတွေ၊ Specialize တစောင်၊ သီးသန့် စာတမ်းတစောင် ထုတ်ပြန်သွားဖို့ ရှိပါတယ်။ UN ကိုလည်း ကျနော်တို့ သတင်းတွေပို့ပါတယ်။ နောက် ကိုယ်တိုင်ကျူးလွန်ခံရသူတွေ ဖြစ်တဲ့အဖြစ်အပျက်အလိုက် သေချာ စုစည်းတင်ပြသွားဖို့ ကျနော်တို့ပြင်နေပါတယ်။ ဒီလို ထုတ်ပြန်နိုင်ရင်တော့ နိုင်ငံတကာဖိအားကြောင့် ကျူးလွန်မှုတွေ လျော့လာမယ်လို့မျှော်လင့်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ ထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်းပြီးချိန်ကနေ ဒီနှစ်ဖေဖော်ဝါရီ ၁၃ရက်အထိ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော်ရှိပြီး အဲဒီအထဲက လူကိုးထောင်နီးပါးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။ စစ်ကောင်စီဘက်ကတော့ အေအေပီပီ စာရင်းတွေက ချဲ့ကားထားတဲ့ စာရင်းတွေဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

Your browser doesn’t support HTML5

မြိတ်က အကျဉ်းသားတွေ ကော့သောင်းထောင်ကို ပြောင်းနေ