မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးခိုင်မာကြောင်း တရုတ်ထပ်လောင်းအတည်ပြု

မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ တရုတ် အဆင်မြင့်ဆုံး ခေါင်းဆောင် Zhao Leji (ဝဲ)နဲ့ မြောက်ကိုရီးယား လွှတ်တော်ဥက္ကဌ Choe Ryong Hae (ညာ)တို့ တွေ့ဆုံစဥ်။

တရုတ် ကွန်မြူနစ်ပါတီရဲ့ တတိယ အဆင်မြင့်ဆုံး ခေါင်းဆောင် Zhao Leji ဟာ မြောက်ကိုရီးယား အကြီးအကဲ Kim Jong Un နဲ့ စနေနေ့က ပြုံယမ်းမြို့တော်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ထပ်မံအတည်ပြုခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြပါတယ်။

Zhao Leji ရဲ့ ၃ ရက်ကြာ မြောက်ကိုရီးယား ခရီးစဥ်ဟာ အခုနှစ်ပိုင်းတွေထဲ နှစ်နိုင်ငံ အဆင့်မြင့်ဆုံး ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြတဲ့ ခရီးလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားအတွက် စီးပွားရေးရော၊ သံတမန်ရေးရာမှာပါ အဓိက ထောက်ခံပေးနေတဲ့ တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်ထားကြောင်း Zhao Leji က Kim Jong Un ကို ပြောခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

SEE ALSO: ဂျပန်နဲ့ဆက်ဆံပြီး မြောက်ကိုရီးယား ခြိမ်းခြောက်မှုကို ဟန့်တား နိုင်ဖို့ တောင်ကိုရီးယားသမ္မတက ပြောကြား

“လွန်ခဲ့တဲ့ ၇၅ နှစ်က အချိန်က သံတမန်ဆက်ဆံရေး ထူထောင်ပြီးကတည်းက တရုတ်နဲ့မြောက်ကိုရီးယားတို့ဟာ အိမ်နီးချင်းကောင်းများ ဖြစ်ကြပြီး ဘုံမျှဝေ တူညီနေတဲ့ ရည်မှန်းချက်နဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ရောက်ဖို့ အတူတကွ ကြိုးပမ်းခဲ့ကြတယ်”လို့ ဆိုတဲ့ Zhao Leji ရဲ့ ပြောစကားကို ကိုးကားပြီး Xinhua က ရေးပါတယ်။

တောင်ကိုရီးယားနဲ့ သူ့ရဲ့ မဟာမိတ် အမေရိကန်ကို ခြိမ်းခြောက်နိုင်ဖို့ မြောက်ကိုရီးယားက ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်မှုကြောင့် တင်းမာမှုတွေ ထပ်မံ မြင့်တက်လာနေချိန်မှာ တရုတ် ထိပ်တန်းခေါင်းဆောင် တဦးရဲ့ ခရီးစဉ် ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲကလာတုန်းကတည်းက မြောက်ကိုရီးယားဘက်က ကူညီပြီး အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ခိုက်ခဲ့တာပါ။ အခု မျက်မှောက်ခေတ်မှာလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို ဒဏ်ခတ်တဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် အားနည်းနေတဲ့ မြောက်ကိုရီးယားရဲ့ စီးပွားရေးကိုလည်း ထောက်ပံ့ ကူညီပေးနေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးခိုင်မာကြောင်း တရုတ်ထပ်လောင်းအတည်ပြု