DMG သတင်းထောက် ကိုထက်အောင်ကို ချက်ချင်းပြန်လွှတ်ဖို့ CPJ တောင်းဆို

DMG သတင်းထောက် ကိုထက်အောင် (Photo: Htet Aung Facebook via CPJ)

ဖမ်းဆီးခံထားတဲ့ စစ်တွေအခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဌာန Development Media Group DMG ရဲ့ သတင်းထောက် ကိုထက်အောင်ကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲဆိုထားတာဟာ အခြေအမြစ်မရှိ စွဲဆိုတာဖြစ်ပြီး ဒီစွပ်စွဲချက်ကို ပယ်ဖျက်ပေးဖို့ နိုင်ငံတကာသတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က မေလ ၁၆ ရက်နေ့တုန်းက တောင်းဆိုလိုက်ပါတယ်။

သတင်းထောက် ကိုထက်အောင်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း စစ်တွေမြို့မှာ စစ်သားတွေ ဆွမ်းလောင်းနေတာကို သတင်းဓာတ်ပုံ ရိုက်ယူခဲ့စဉ်ဖမ်းဆီးခဲ့တာဖြစ်ပြီး ရုံးခန်းကို ဝင်ရောက်စီးနင်း သိမ်းဆီးခဲ့ပါတယ်။

SEE ALSO: ရခိုင်ဒေသခံသတင်းသမားနှစ်ဦးကို တပ်တရားစွဲ

ကိုထက်အောင်ကို ပြီးခဲ့တဲ့ ဇန္နဝါရီလက အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (ခ)နဲ့ တရားစွဲဆိုထားပေမယ့်၊ အခု မေလအထိ မိသားစုနဲ့ သူ့ရဲ့ရှေ့နေတွေကို တရားဝင် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ CPJ ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

သူ့ကို အကြမ်းဖက်ပုဒ်မ အပြင်၊ ဆက်သွယ်ရေးပုဒ်မ၊ အကြည်အငြိုပျက်စေမှု ပုဒ်မတွေနဲ့ပါ ထပ်မံစွပ်စွဲထားပါတယ်။ ဒီပုဒ်မတွေအတိုင်းဆိုရင် အနည်းဆုံး ထောင်ဒဏ် ၁၂ နှစ်ကနေအထက် နှစ်ရှည် ပြစ်ဒဏ်ပေးနိုင်တဲ့ စွဲချက်တွေဖြစ်ပါတယ်။

အဓိပ္ပါယ်မရှိတဲ့ စွဲချက်တွေကို ရုပ်သိမ်းပြီး ကိုထက်အောင်ကို ချက်ခြင်း လွှတ်ပေးပါလို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က တောင်းဆိုပါတယ်။ DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦး ကိုလည်း မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ စွပ်စွဲထားတဲ့အတွက် ၂၀၁၉ ခုနှစ်ကတည်းက တိမ်းရှောင်နေခဲ့ရပါတယ်။

Your browser doesn’t support HTML5

DMG သတင်းထောက် ကိုထက်အောင်ကို ချက်ချင်းပြန်လွှတ်ဖို့ CPJ တောင်းဆို