တီယန်နန်မင် နှစ်ပတ်လည် ဘေကျင်းမြို့တော်မှာ လုံခြုံရေးတင်းကျပ်

တရုတ်နိုင်ငံ မြို့တော်ဘေကျင်းက တီအန်နန်မင်ရင်ပြင် (Tiannamen) ကို ၂၀၂၄ခုနှစ် ဇွန်လ ၄ ရက်မှာ တွေ့ရစဉ်

ဇွန်လ ၄ ရက် အင်္ဂါနေ့ဟာ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ ဘေကျင်းမြို့တော်၊ တီယန်နန်မင် (Tiananmen) ရင်ပြင်မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ နှိမ်နင်းခံခဲ့ရတဲ့ ၃၅ နှစ်ပြည့် နှစ်ပတ်လည် ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဘေကျင်းမြို့တော်က တီယန်နန်မင်ရင်ပြင်မှာ ဒီကနေ့ အာဏာပိုင်တွေက လုံခြုံရေး တင်းကျပ်ထားသလို၊ ဟောင်ကောင်မှာတော့ တီယန်နန်မင်အရေးအခင်း နှစ်ပတ်လည်နေ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး John Lee ကို သတင်းထောက်တွေက မေးမြန်းကြပေမဲ့ တိုက်ရိုက် ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ဟောင်ကောင်မှာ အရင်က ခုလိုနှစ်ပတ်လည်နေ့ဆိုရင် တီယန်နန်မင်အရေးအခင်းမှာ သေဆုံးခဲ့သူတွေအတွက် ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲ နှစ်စဥ်ကျင်းပလေ့ ရှိခဲ့ပေမဲ့ ၂၀၂၀ ခုနှစ်မှာ တရုတ်အစိုးရက အမျိုးသားလုံခြုံရေးဥပဒေ တိုက်ရိုက်ပြဌာန်းခဲ့ပြီးတဲ့နောက် ဒီလိုလှုပ်ရှားမှုတွေ ရပ်တန့်သွား ခဲ့သလို၊ ဒီနှစ်မှာလည်း အထိန်းအမှတ် အခမ်းအနားတွေ ကြီးကြီးကျယ်ကျယ် ကျင်းပတာ မတွေ့ရပါဘူး။ အုပ်ချုပ်ရေးမှူး John Lee ကတော့ ဥပဒေနဲ့ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ ဟောင်ကောင် အမျိုးသား လုံခြုံရေးဥပဒေ အပါအဝင် အစိုးရက ချမှတ်ထားတဲ့ ဥပဒေတွေနဲ့အညီ ကိုင်တွယ်သွားမှာ ဖြစ်တဲ့အကြောင်း ဒီကနေ့ ကျင်းပတဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဟောင်ကောင်ကျွန်းပေါ်က Causeway Bay မြို့နယ် တီယန်နန်မင်အရေးအခင်း နှစ်ပတ်လည်နေ့ကျင်းပလေ့ရှိတဲ့ ပန်းခြံအနီးမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ (ဇွန် ၄၊ ၂၀၂၄)

တီယန်နန်မင်အရေးအခင်း နှစ်ပတ်လည်နေ့ တဝိုက်ရောက်တိုင်း မီးထွန်းဆုတောင်းပွဲ ကျင်းပလေ့ရှိတဲ့ ဝိတိုရိယပန်းခြံအနီး လမ်းမတွေပေါ်မှာ ဟောင်ကောင်အာဏာပိုင်တွေက လုံခြုံရေး ထူထူထပ်ထပ် ချထားပါတယ်။ တရုတ်အစိုးရ လိုလားတဲ့အဖွဲ့တွေကတော့ ဒီပန်းခြံထဲမှာ မနှစ်ကရော ဒီနှစ်မှာပါ ပြီးခဲ့တဲ့နှစ်တုန်းကလိုပဲ ဒီပန်းခြံမှာ အစားအသောက်ပွဲတော်တခု ကျင်းပကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ်က တရုတ်နိုင်ငံ တီယန်နန်မင်ရင်ပြင်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ရဲနဲ့ စစ်အင်အား ၂ သိန်းနီးပါးက သံချပ်ကာ ကားတွေ၊ တင့်ကာတွေ နဲ့ အင်အားသုံးနှိမ်နင်းခဲ့တာမှာ ဆန္ဒပြသူအများအပြား သေဆုံးခဲ့ရပါတယ်။ သေဆုံးသူ အရေအတွက် အတိအကျကိုတော့ ခုချိန်ထိ ဘယ်သူမှ မသိကြသေးပါဘူး။

Your browser doesn’t support HTML5

တီယန်နန်မင် နှစ်ပတ်လည် ဘေကျင်းမြို့တော်မှာ လုံခြုံရေးတင်းကျပ်