မဲခေါင်ဒေသခွဲ ၆ နိုင်ငံ ၂၀၂၅ အတွင်း ခရီးသွား ၉၅ သန်း လာရောက်ဖို့ခန့်မှန်း

ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ထိုင်းနိုင်ငံက သာယာလှပတဲ့ ပင်လယ်ကမ်းခြေတခု။

မြန်မာအပါအဝင် ဒေသတွင်း ၆ နိုင်ငံပါဝင်တဲ့ မဟာမဲခေါင်ဒေသ GMS အဖွဲ့ရဲ့ ခရီးသွားလုပ်ငန်းအတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာ ခရီးသွားဧည့်သည် ၉၅ သန်းအထိ လာရောက်ဖို့ ရည်မှန်းထားကြောင်း အဖွဲ့ရဲ့ ခရီးသွားလုပ်ငန်းကို ဦးဆောင်မယ့် ထိုင်းက ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဖန်ငခရိုင်မှာ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၊ ထိုင်းခရီးသွားနဲ့ အားကစားဝန်ကြီးဌာနက ကြီးမှူးပြီးကျင်းပတဲ့ အစည်းဝေးကို မဲခေါင်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ MTCO နဲ့ ခရီးသွားကုမ္ပဏီတွေ၊ အေဂျင်စီတွေအပြင် ထိုင်းနဲ့နယ်စပ်ချင်း ထိစပ်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက တာဝန်ရှိသူတွေပါ အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့ကြပါတယ်။

GMS နိုင်ငံ ၆ နိုင်ငံကတော့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံက ယူနန်နဲ့ ကျန်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ ခု တို့ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မဲခေါင်-လန်ချန်း ပူး‌ပေါင်းဆောင်ရွက်မှုနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး

အာဆီယံဒေသတွင်း ခရီးသွားတွေ အလာများတဲ့နိုင်ငံအဖြစ် ရပ်တည်နေတဲ့ ထိုင်းနိုင်ငံက အခု အစည်းအဝေးမှာ ဒေသတွင်း GMS နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံကြား ရထားလမ်း၊ ကားလမ်း၊ လေကြောင်းနဲ့ ရေကြောင်း လမ်းပမ်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တာပါ။

မဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်း ဖိုရမ်ကို ၁၉၉၆ ခုနှစ်မှာ ပထမဆုံး ကျင်းပခဲ့ချိန်ကစပြီး ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့က ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး GMS ခရီးသွားလုပ်ငန်း တိုးတက်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

GMS ခရီးသွားလုပ်ငန်းဟာ ဒေသတွင်း ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးရေး ပန်းတိုင်လျာထားချက် ပြည့်မီအောင် ပံ့ပိုးပေးဖို့လည်း ရည်ရွယ်တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မဲခေါင်ဒေသခွဲ ၆ နိုင်ငံ ၂၀၂၅ အတွင်း ခရီးသွား ၉၅ သန်း လာရောက်ဖို့ခန့်မှန်း