မြန်မာ ပို့မယ့်လက်နက် မဲဆောက်မှာဖမ်းမိ (ထိုင်းရဲတပ်ဖွဲ့)

မြန်မာပြည်ပို့မယ့် လက်နက် မဲဆောက်မှာ ထိုင်းရဲဖမ်းဆီး (Photo: Thai Police)


ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အဝင် ဟွေရာအူး ရဲစစ်ဆေးရေးဂိတ်မှာ ပစ်ကပ် ကားငယ်တစီးကို မသင်္ကာလို့ ရှာဖွေစစ်ဆေးရာမှာ မြန်မာဘက်ကို ပို့ဆောင်မယ့် သေနတ်အလက် ၂၀ နဲ့ စစ်သုံးပစ္စည်းတွေ ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက ပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အဝင် ဟွေရာအူး ရဲစစ်ဆေးရေးဂိတ်မှာ လက်နက်၂၀ နဲ့ စစ်သုံးပစ္စည်းတွေ တင်လာတဲ့ ကားတစီးကို ထိုင်းအာဏာပိုင်တွေက ဇူလိုင်လ ၅ ရက်နေ့က ဖမ်းမိခဲ့တာပါ။

ကားနောက်ပိုင်းမှာ ဖွက်ပြီး သယ်ဆောင်လာတဲ့ M-4 အမျိုးအစား လက်နက် အလက် ၂၀ နဲ့ အတူ ကျည်ဘောက်တွေ ဖမ်းမိခဲ့တာဟာ မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ့် လက်နက်တွေလို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

SEE ALSO: ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များ အခြေအနေ ဆိုးရွား


လက်နက်တွေ ဖမ်းမိတာနဲ့ ပတ်သက်လို့ မဲဆောက်မြို့ခံ တဦးကတော့ အခုလိုပြောပြပါတယ်။

" မဲဆောက်အဝင်ပေါ့ မဲဆောက်မြို့ပြင်ကနေ လာရင် အဝင်ပေါ့။ စစ်ဆေးရေး ဂိတ်ရှိတယ်၊ အဲဒီ စစ်ဆေးရေးဂိတ်မှာ ရပ်တန့် စစ်ဆေးတဲ့အခါမှာ ISUZU ကားထဲကနေ လက်နက်တွေ တွေ့တာပါ။ M4 အမျိုးအစား သေနတ်အလက် ၂၀ ကျည်ဘောက် အခု ၂၀ ၊ မှန်ဘီလူးတို့ စစ်သုံးပစ္စည်းတွေအစုံ ၂၀ ကျော် ဖမ်းမိတယ်၊ ယဉ်မောင်းကတော့ထိုင်းအမျိုးသားတဦးပါ။"

ထိုင်းရဲတပ်ဖဲွ့ကတော့ ကားမောင်းလာသူ အသက် ၂၃ နစ်အရွယ် ထိုင်းနိုင်ငံသားကို ဆက်လက် စစ်ဆေးနေပါတယ်၊ ကားမောင်းသူရဲ ၀န်ခံချက်ကတော့ မဲဆောက်မြို့က ဘိလိယက်ခုံမှာ သိကျွမ်းခဲ့တဲ့ မြန်မာအမျိုးသားတစ်ဦးက ဘတ်ငွေ ၂၀,၀၀၀ ပေးပြီး လက်နက်တွေကို နကွန်ဖနုံခရိုင်ကနေ မဲဆောက်အထိ သယ်ခိုင်းခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့ပါတယ်ရှင်။

Your browser doesn’t support HTML5

မြန်မာ ပို့မယ့်လက်နက် မဲဆောက်မှာဖမ်းမိ (ထိုင်းရဲတပ်ဖွဲ့)