တကျော့ပြန် ၁၀/၂၇ စစ်ဆင်ရေး အလားအလာ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တအာင်းTNLA တပ်ဖွဲ့ဝင် တဦးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်မှာ မြင်တွေ့ရစဥ်။ (AFP)

၁၀/၂၇ စစ်ဆင်ရေး ဒုတိယအဆင့်က စစ်ကောင်စီ အတွက် တရုတ်နယ်စပ်ကနေ မန္တလေးအထိ စင်္ကြံလမ်းကြီး တခုလုံး လက်လွှတ်ရနိုင်တဲ့ အနေအထား ဖြစ်နေပြီး စစ်မြေပြင်မှာ အသာစီးရဖို့ အဓမ္မစစ်သားစုဆောင်းခဲ့တာနဲ့ နည်းပညာသစ်တွေ အသုံးပြုဖို့ ကြိုးစားခဲ့တာ အရာမထင်ဘူး ဆိုတာကို ပြသနေတယ်လို့ မြန်မာ့အရေး အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာက သုတေသီတဦးက သုံးသပ်လိုက်ပါတယ်။ ရှမ်းမြောက်ကနေ မန္တလေးအထိ ရောက်လာတဲ့ စစ်ဆင်ရေးတွေရဲ့ အလားအလာကို အမေရိကန်ငြိမ်းချမ်းရေးသိပ္ပံ USIP က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါကို ကိုငြိမ်းချမ်းအေးက အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်း ထားပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ အခု ၁၀/၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မန္တလေးမြို့နဲ့ မိုင်အနည်းငယ် အကွာထိ ရောက်လာစေတာကို တွေ့ရပါတယ်။ အခု အရှိန်တက်နေတဲ့ စစ်ဆင်ရေးတွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဒီရေကို ပြောင်းသွားစေတယ်လို့ ယူဆပါသလား။

ဂျေဆင်တာဝါ (USIP) ။ ။ တူညီတဲ့ ပုံစံတခုကို မြင်နေရတယ်လို့ ပြောရပါမယ်။ စစ်ကောင်စီက တိုင်းပြည်ရဲ့ အရေးပါတဲ့ နေရာတွေကို ဆုံးရှုံးနေတာကို မြင်နေရပါတယ်။ ဒီတခါတော့ ရှမ်းမြောက်မှာပါ။ အခု စစ်ဆင်ရေးရဲ့ လက်ရှိ အခြေအနေက တရုတ် နယ်စပ် ချင်းရွှေဟော်ကနေ မန္တလေးအထိ ကုန်သွယ်ရေး စင်္ကြံလမ်းမကြီးတခုလုံးကို လက်လွှက်လိုက်ရနိုင်တဲ့ ရလဒ်မျိုး ထွက်သွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေမှာ ကုန်သွယ်ရေး လမ်းကြောင်း ပြန်ပွင့်ဖို့ တရုတ်နိုင်ငံက ဖိအားပေးနေတာပါ။ အဲ့အချိန်တုန်းက စစ်ကောင်စီတပ်ဟာ စင်္ကြံလမ်းကြောင်း တလျှောက်က အရေးကြီးတဲ့ နေရာတချို့မှာ ခြေကုပ်ယူထားနိုင်ဆဲလို့ ပြောလို့ရပါတယ်။ အခု စစ်ဆင်ရေး ပထမ ၁၀ ရက်လောက် အတွင်းမှာတင် စင်္ကြံလမ်းတလျှောက်က နောက်ထပ် အဓိက မြို့တွေ လက်လွှတ်ခဲ့ရပြီးပါပြီ။ လားရှိုးမြို့လည်း ကျသွားနိုင်တဲ့ အနေအထား မြင်လာရပါတယ်။

အခု အဆင့်မှာ အရင်က အပိုင်း (၁) နဲ့ မတူတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က တရုတ်ဘက်နဲ့ တူညီတဲ့ ညှိနှိုင်းဆောင်ရွက်မှု မရှိတာပါ။ တရုတ်ဘက်က နိုင်ငံဖြတ်ကျော်မှုခင်းတွေ နှိမ်နင်းရေး ဆိုတဲ့ ကိစ္စတွေ မရှိပါဘူး။ ဒါကြောင့် ညီနောင်အဖွဲ့တွေက အင်မတန်ကို သတိထားပြီး ဒါက ခံစစ် စစ်ဆင်တာဆိုတဲ့ သဘောကို ပုံဖော်ဖို့ ကြိုးစားပါတယ်။ အထူးသဖြင့် MNDAA ကိုးကန့်တပ် ဆိုရင် သိသာပါတယ်။ သူတို့က သိပ်မကြာခင်ကမှ တရုတ်က တဆင့် အင်တာနက်နဲ့ လျှပ်စစ်မီးတွေ သူတို့ဒေသမှာ ပြန်ရအောင် လုပ်ထားနိုင်တာပါ။ သူတို့က ဟိုင်ဂင် သဘောတူညီချက်ကို ချိုးဖောက်သူ ဆိုတဲ့ အမြင်မျိုး အဖြစ်မခံလိုပါဘူး။ ဒါကြောင့် ခံစစ် စစ်ဆင်ရေးကိုပဲ လိုလားပါတယ်။ MNDAA ပါလာတာက သူတို့ရဲ့ အမာခံ နေရာတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ စစ်ဘက်၊ အရပ်ဘက် ထိခိုက် သေဆုံးမှုတွေ ဖြစ်လာပြီးမှာပါ။ အဲ့ကျမှာ ပေါ်ပေါ်ထင်ထင်နဲ့ ဝင်လာပြီး လားရှိုးတိုက်ပွဲမှာ ပါလာတာပါ။ အဲ့ကျမှ ဒီတခေါက် စစ်ဆင်ရေးမှာ ထဲထဲဝင်ဝင် ပါလာတာပါ။ ပြောရရင်တော့ ကျွန်တော့် အထင် စစ်ကောင်စီ ရှမ်းမြောက်ကို ထိန်းချုပ်နိုင်မှု ပိုပြီး ဆုံးရှုံးလာမယ်၊ မန္တလေး ဒေသတဝိုက် အထိတောင် ဖြစ်လာနိုင်ပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်ရေးပဋိပက္ခ တရုတ်စွက်ဖက်မှု “မေးမြန်းခန်း”

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ တရုတ်က ဝင်တားမယ့် အနေအထားမျိုးရော မြင်ရလားဗျာ။ ဘာလို့လဲဆိုတာ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဥ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က တရုတ် ခေါင်းဆောင်ပိုင်းကို အထူးသဖြင့် မြောက်ပိုင်းအဖွဲ့တွေကို ဒီကိစ္စ တားပေးဖို့ သတင်းစကားပါးတာမျိုး ဖြစ်နိုင်တယ်လို့ ဂျေဆင် တာဝါ အခုတလောမှာ ပြောထားပါတယ်။ ဘာကြောင့်ဒီလိုယူဆနိုင်သလဲဗျာ။

ဂျေဆင်တာဝါ (USIP) ။ ။ ပဋိပက္ခမှာ တရုတ်ရဲ့ စွက်ဖက်မှု ပိုအားကောင်းလာမလားဆိုတဲ့ ပထမ မေးခွန်း အတွက်ကတော့ ကျွန်တော် ထင်ပါတယ်၊ ရှင်းရှင်းပြောရင် လွန်ခဲ့တဲ့ လပိုင်းတွေကို ပြန်ကြည့်မယ်ဆိုရင် တရုတ်က ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို လိုက်နာစေချင်ရုံသာမကဘဲ သဘောတူညီချက်ကို အဆင့်မြှင့်ဖို့ တွန်းအားပေးခဲ့တာပါ။ အစုအဖွဲ့တွေကြား ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်နိုင်တဲ့ အထိ တဆင့်တက်ဖို့ လိုလားနေတာပါ။ ဒါပေမယ့် ဒါက မအောင်မြင်ခဲ့ပါဘူး။ အဲဒီ ဆွေးနွေးပွဲတွေက မေလတုန်းက ပျက်သွားခဲ့ပါတယ်။ ဒီအတွက်လည်း တရုတ်ဘက်က မြန်မာစစ်ကောင်စီကို အပြစ်ဖို့ပါတယ်။ ဘာလို့လဲဆိုတော့ ဆွေးနွေးနေတဲ့ ကာလတလျှောက်လုံး ပေါ်ပေါ်ထင်ထင်ပဲ စစ်ရေးအရ ပြန်လည်စုဖွဲ့ဖို့ လုပ်ခဲ့တယ်။ လားရှိုးတဝိုက်မှာ အတင်းအဓမ္မ စစ်မှုထမ်း ဆင့်ခေါ်ထားတဲ့ တပ်သားတွေနဲ့ အင်အားဖြည့်ခဲ့တယ်။ အဝေးထိန်း ဒရုန်း တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ဖွဲ့တယ်။ ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA တအာင်း တပ်ဖွဲ့ နေရာတွေမှာ သွေးတိုးစမ်းတဲ့ အနေနဲ့ တိုက်ပွဲ အသေးစားလေးတွေ ဖော်ဆောင်တယ်။ ဒါကြောင့် စစ်ကောင်စီ က တရုတ်နဲ့ သဘောတူထားတာကို ချိုးဖောက်နေတယ် ဆိုပြီး TNLA က အကြောင်းပြလာနိုင်တာပါ။

မေလ ဆွေးနွေးပွဲတွေအထိ စစ်ကောင်စီက လိုက်လျောပေးလိုတဲ့ အရိပ်အရောင် မပြပါဘူး။ ညီနောင် မဟာမိတ်အဖွဲ့အပေါ် သာ စစ်ကောင်စီက ပိုပိုပြီးသာ ဖိအားတွေ ပေးခဲ့တာ တွေ့ရမှာပါ။ ဒါကြောင့် ဒီဆွေးနွေးပွဲမှာ တရုတ်ဘက်က သိသွားတယ်။ ညီနောင်မဟာမိတ်တွေကို လိုက်လျော ပေးချင်တဲ့ ဆန္ဒမျိုး စစ်တပ်မှာ မရှိဘူးဆိုတာက အဓိက အတားအဆီး ဖြစ်နေတယ် ဆိုတာကို သိသွားပါတယ်။ ဆွေးနွေပွဲ မအောင်မြင်တာလည်း ဒါကြောင့်ပါပဲ။ အဲဒါတွေ အပြီးမှာ ညီနောင်အဖွဲ့ကို ပိုပြီး ရန်လိုတဲ့ လုပ်ရပ်တွေ စစ်တပ်က လုပ်လာပါတယ်။ ဒါကို တရုတ်ဘက်ကလည်း စောင့်ကြည့်နေတယ်ဆိုတာ သေချာပါတယ်။

Your browser doesn’t support HTML5

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး အလားအလာ “မေးမြန်းခန်း”

ဒီတော့ တရုတ်ရဲ့ ရည်မှန်းချက်က ကုန်သွယ်မှုကို ပြန်လည်စတင်ဖို့ဆိုရင် ဘာတွေဖြစ်လာဖို့ လိုမလဲ။ အဆုံးမှာတော့ ညီနောင်အဖွဲ့က ယုံကြည်လက်ခံနိုင်လောက်တဲ့ လိုက်လျောမှုတချို့ စစ်တပ်က ပေးလာမှ ဖြစ်မှာပါ။ ဒါကလည်း မလွယ်ပါဘူး။ ဒီအနေအထားမှာ တရုတ်က မြေပြင်မှာ စစ်တပ်ကို နောက်ပြန် တိုက်ထုတ်နိုင်ဖို့ ညီနောင်အဖွဲ့တွေ စစ်ဆင်ရေး လုပ်ဖို့ ခွင့်ပြုပေးလိုက်ပါတယ်။ ဒါမှသာ မြန်မာ စစ်တပ်ကို စကားပြောရင် “ဟေ့ ဒီမှာကြည့် ခင်ဗျားတို့ ဒီနယ်မြေတွေကို ထိန်းထားနိုင်တဲ့ စစ်ရေး စွမ်းဆောင်ရည် မရှိဘူး” လို့ ပြောပြီး ဆွေးနွေးပွဲ စကားဝိုင်းတွေမှာ အောင်မြင်မှုရစေမယ့် တစုံတရာ အဖြေကို ရလာနိုင်မယ်လို့ တရုတ်က ယူဆထားပါတယ်။

စစ်ကောင်စီဘက်က ကြည့်ရင်တော့ ပြင်ဆင်တာတချို့ လုပ်ခဲ့တာတွေ တွေ့ရပါတယ်။ တပ်သားသစ်တွေ ခေါ်ယူတာ၊ ဒရုန်းစွမ်းရည်တွေ တည်ဆောက်တာတွေ လုပ်ပါတယ်။ ဒါပေမယ့်က ဒါက ဘာမှ မပြောင်းလဲစေခဲ့ပါဘူး။ ညီနောင်အဖွဲ့တွေကပဲ တနေရာပြီး တနေရာ ချီတက် သိမ်းပိုက်နေတာပါ။ အခုဆိုရင် စစ်တပ်က အရေးတကြီး အသဲအသန် ဖြစ်လာပြီး အထူးသဖြင့် တရုတ်က အရင် ထိပ်တန်း စစ်ခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်တို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ ထိတွေ့ဆက်ဆံလာပါတယ်။ ဒါက စစ်တပ်ကို တရုတ်က အချက်ပြတာ ပါ။ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် တိုင်းပြည်ကို တွန်းပို့နေတဲ့ လမ်းကြောင်းအပေါ် တရုတ်ရဲ့ စိုးရိမ်မှုတွေ တိုးလာစေပါတယ်။

ဒီတော့ တဘက်က ကြည့်ရင် တရုတ်က စစ်တပ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ဖို့၊ အပြောင်းအလဲတချို့လုပ်ဖို့ အချက်ပြနေတာပါ။ နောက်တဘက်မှာကျလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက တရုတ်ဘက်ကို စီးပွားရေးအရ လိုက်လျောက်ပေးမှုတွေ လုပ်ပြီး အပေးအယူ အဖြစ် တရုတ်ဆီက အကူအညီ ထောက်ခံပေးမှုတွေ ပိုရဖို့ ကြိုးစားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လတ်တလော သတင်းစကားကတော့ မြစ်ဆုံ ရေကာတာ စီမံကိန်းပါပဲ။ သူက စီးပွားရေး အရ လိုက်လျောမှုတွေ ပေးပြီး တရုတ်ဆီက ဗျူဟာမြောက်ထောက်ခံပံ့ပိုးပေးမှုရဖို့ အလဲအထပ် လုပ်ချင်တာပါ။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဦးသိန်းစိန်ကို သတင်းစကား တစုံတရာ ပါးခိုင်းခဲ့တယ် ဆိုရင် သူက သမ္မတတာဝန် ယူထားတုန်းက မြစ်ဆုံစီမံကိန်းကို ယာယီ ရပ်ဆိုင်းခဲ့တဲ့ အတွက်ကြောင့် တရုတ်နဲ့ မျက်နှာ ပျက်စရာတွေ ဖြစ်ခဲ့သူပါ။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ပေးဖို့ ပဲ အကူညီတောင်းတာမျိုးပဲ ဖြစ်ဖြစ် သတင်းစကားပါးခဲ့တယ်ဆိုရင် တရုတ်က ဒါကို ဘယ်လောက် အလေးအနက်ထား တုံ့ပြန်မယ် ထင်လဲ။

ဂျေဆင်တာဝါ (USIP) ။ ။ ဒီမှာ ပထမဆုံး ထောက်ပြရမယ့် အရေးကြီးတဲ့ အချက်က တရုတ်ကပဲ ဦးသိန်းစိန်ကို စတင် ချဥ်းကပ်ခဲ့တာပါ။ တရုတ်သံအမတ်က သွားပြီး စချဥ်းကပ်ခဲ့တာပါ။ လူသိရှင်ကြားကိုပဲ လုပ်ခဲ့တာပါ။ မိတ်ဆွေဟောင်းတွေကို နှုတ်ဆက် တွေ့ဆုံတယ် ဆိုပြီး လုပ်ခဲ့တာပါ။ ဒါကလည်း တရုတ်က သတင်းစကားပါးတာ ဖြစ်ပါတယ်။ တရုတ်က နည်းလမ်းရှာနေတယ်ဆိုတာကို အချက်ပြချင်တာပါ။ ရေရှည် အလုပ်ဖြစ်မှာ တခုခုကို ဘယ်လို ပြန်သွားရမလဲပေါ့။ ဘာကြောင့်လဲဆိုတော့ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် ပြီးခဲ့တဲ့ ၃ နှစ် လုပ်ခဲ့တာ အလုပ် မဖြစ်ခဲ့လို့ပါ။ နိုင်ငံဖြတ်ကျော် မှုခင်းတွေ မနှိမ်နင်းနိုင်ဘူး။ အခုနှစ် ဇန်နဝါရီ လည်ကတည်းက ဆွေးနွေးပွဲတွေက တဆင့် တရုတ်က ကြိုးစားနေတဲ့ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ပွင့်အောင်လည်း မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် တရုတ်က စစ်တပ်ကို ဘယ်လို ဖိအားပေးပြီး လုပ်ခိုင်းမလဲ ဒါမှမဟုတ် သူတို့ လိုလားတဲ့ ရည်မှန်းချက်တွေ အတိုင်း လုပ်နိုင်ဖို့ အပြောင်းအလဲ တခုခု လုပ်ဖို့ ကြိုးစားမလား ဆိုတာကို ကျွန်တော်တို့ တွေ့မြင်နေရတာပါ။ ဆိုတော့ စကားဝိုင်းတွေမှာ အဓိက အလေးပေးမှာက တရုတ်-မြန်မာ စီးပွား စင်္ကြံလမ်း၊ တခြား တရုတ် မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တရုတ် အကျိုးစီးပွားတွေ ရှေ့ဆက် လုပ်နိုင်ဖို့ မြန်မာနိုင်ငံကို နဂို ပုံမှန် အတိုင်း ပြန်ဖြစ်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာပါပဲ။

Your browser doesn’t support HTML5

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ လက်ရှိတရုတ်သဘောထား

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့၊ ဒါဆို အခု မေးခွန်းထုတ်ရမှာက မြောက်ပိုင်းအဖွဲ့တွေက ဘယ်လို တုံ့ပြန်မလဲ ဆိုတာပါ။ တကယ်လို့သာ လက်ရှိ ထိုးစစ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ပြောလာခဲ့ရင်ပေါ့။

ဂျေဆင်တာဝါ (USIP) ။ ။ ဒီမှာလည်း မြောက်ပိုင်းအဖွဲ့တွေ ဘယ်လို ပုံဖော်နေလဲ ဆိုတာကိုပဲ အခြေခံကျကျ ပြန်သွားရလိမ့်မယ် ထင်ပါတယ်။ MNDAA ကိုးကန့်တပ်ရဲ့ ပြောဆိုချက်တွေကိုကြည့်ရင် စစ်ကောင်စီ စစ်တပ်ကတိုက်လို့ တိုက်ရတာ ဖြစ်ပြီး ဟိုင်ဂင် သဘောတူညီချက်ကို စစ်တပ်က ချိုးဖောက်လို့ ဆိုပြီး ပြောပါတယ်။ ကိုးကန့် အုပ်ချုပ်မှုအောက်က အမာခံနယ်မြေတွေထဲကို တိုက်ရိုက် ခြိမ်းခြောက်ခံရလို့ ခံစစ် စစ်ဆင်ရေး လုပ်ရတယ်လို့ ကိုးကန့်က ပြောပါတယ်။ ဒါပေမယ့် မြန်မစစ်တပ်က တရုတ် နယ်စပ်နားအထိ တိုက်ဖို့ ဆုံးဖြတ်ခဲ့ရင် ပိုပြီးတော့ မြောက်ပိုင်းထဲ အထိ တိုက်လာခဲ့ရင် လောက်ကိုင် ဒါမှမဟုတ် နယ်စပ်မှာ ဗုံးကြဲတာမျိုး လုပ်ခဲ့ရင်တော့ စစ်ပွဲရပ်ဖို့ တရုတ်က ပြင်းပြင်းထန်ထန် ဖိအားပေးလာမှာပါ။ အဲ့လိုမှ မဟုတ်ရင်တော့ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ရှေ့လာမယ့် သတင်းပတ်တွေထဲမှာ နေရာတွေ ထပ် သိမ်းလာနိုင်ပါမယ်။

စစ်ကောင်စီဘက်က လေကြောင်းက ပြန်တိုက်နိုင်ပါတယ်။ တရုတ် အစိုးရရဲ့ အမျက်ဒေါသ သင့်မှာကို ကြောက်လို့ တရုတ်နယ်စပ်နဲ့ ဝေးတဲ့ တောင်ပိုင်းမှာ ဗုံးတွေကြဲနိုင်ပါတယ်။ ဒါပေမယ့် ဒီလို လေကြောင်းတိုက်ခိုက်မှုတွေက တကယ် ထိရောက်ပါ့မလားဆိုတာ မေးခွန်းထုတ်ရပါမယ်။ ညီနောင်မဟာမိတ်အဖွဲ့မှာ ဒရုန်းတပ်ဖွဲ့တွေနဲ့ စစ်မြေပြင်မှာ ပို အားသာမှုတွေ ရှိနေပါတယ်။ ဒါကြောင့် စစ်ကောင်စီ တပ်တွေ ပို ဆုတ်ခွာရဖို့ ရှိပါတယ်။ ကုန်သွယ်ရေး လမ်းတလျှောက် အဓိက မြို့ကြီးတွေ၊ မြို့တွေ လက်လွှတ်ရဖို့ ရှိပါတယ်။

အဲ့အချိန်ကျရင်တော့ တခါပြန်ပြီး တရုတ်က ကြားဝင် ပါလိမ့်ဦးမယ်။ မနှစ် ဒီဇင်ဘာတုန်းကလိုပဲ ကြားက ဝင်စေ့စပ် ဖျန်ဖြေ ပေးဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် တခုက တရုတ်က ကုန်သွယ်ရေး ရှေ့ဆက်နိုင်ဖို့ ပြင်းပြင်းထန်ထန်နဲ့ ဖိအးပေးမယ့် အချက်ပါ။ မနှစ်ကလိုပါပဲ တရုတ်နိုင်ငံသားတွေကို ထိခိုက်နေတဲ့ ဆိုင်ဘာလိမ်လည်တဲ့ ရာဇဝတ် လုပ်ငန်းတွေကို နှိမ်နင်းရေးမှာ အပြင်းအထန် လုပ်ခဲ့သလို မျိုး ယူနန်ပြည်နယ်ကနေ မန္တလေး အထိ ကုန်သွယ်ရေး လမ်းကြောင်း ပွင့်နိုင်မယ့် နည်းဗျူဟာတွေ ရှာနိုင်ဖို့ တရုတ်က အပြင်းအထန် ကြိုးစားလာမှာပါ။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့၊ ဂျေဆင်တာဝါ လေ့လာထားချက်အရ ဆိုရင် ဒီ ၂၀၂၇ ဒုတိယ အဆင့်က နှစ်ကုန်နဲ့ ရှေ့နှစ်ဆန်းအထိ ကြည့်ရင် ဘယ်လို ဖြစ်လာနိုင်သလဲလို့ မြင်ပါသလဲ။

ဂျေဆင်တာဝါ (USIP) ။ ။ ပထမ အချက်ကတော့ အခုကိုပဲ မြင်နေရတာက စစ်ကောင်စီဟာ စစ်မြေပြင်မှာ အသာစီးပြန်ရဖို့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်ခဲ့တာ၊ နည်းပညာသစ်တွေ ပေါင်းထည့်ဖို့ ကြိုးပမ်းတာတွေ မအောင်မြင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီပထမ ၁၂ ရက်အတွင်းမှာ အဲဒါကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကို ညီနောင်မဟာမိတ်အဖွဲ့က ပိုပြီး အကျိုးရှိရှိ အသုံးချနိုင်ခဲ့ပါတယ်။ သူတို့ သိမ်းထားတဲ့ ဒေသတွေမှာ အုပ်ချုပ်မှု အခိုင်အမာ တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ပိုအင်အားတောင့်တင်းလာတယ်။ လူထုကို ဝန်ဆောင်မှုတွေ ပေးလာနိုင်တယ်။ တဘက်မှာတော့ စစ်ကောင်စီဘာလုပ်လဲ ဆိုရင် လူတွေကို အတင်း စစ်မှုထမ်း ဆင့်ခေါ်တယ်။ လမ်းတွေပေါ်မှာ မရမက ဖမ်းခေါ်တယ်။ ပိုပြီးတော့ အကျင့်ပျက်မှုတွေ ဖြစ်လာတယ်။ လူတွေက လာဘ်ထိုးရတယ်။ စစ်သားသစ် အစုဆောင်း မခံရအောင် ‌ငွေညှစ်ခံရတယ်။ ဒါက စစ်မြေပြင်မှာ အခြေအနေကို ထိရောက်မှု ရှိရှိ ပြောင်းလဲနိုင်ဖို့ အလုပ် မဖြစ်စေပါဘူး။

နောက်ထပ် တချက်က စီးပွားရေး အခြေအနေကလည်း အရေးပေါ် ဖြစ်နေပါတယ်။ စစ်ကောင်စီက စနစ်တကျနဲ့ကို စီးပွားရေး ကျဆင်းအောင် လုပ်နေပါတယ်။ စီးပွားရေး ကျပ်တည်းမှုကို လူထု အပေါ် လက်နက်တခု သဖွယ် အသုံးပြုနေပါတယ်။ သူတို့ ထိန်းချုပ်နိုင်ဖို့ လူထု အနေနဲ့ မဖြစ်မနေ အနေအထားမှာ သူတို့ကို လက်ခံဖို့ စီးပွားရေးကို အသုံးချနေပါတယ်။ ဒါပေမယ့် တဘက်မှာလည်း စီးပွားရေးကို တလွဲကိုင်တွယ် နေတာက စစ်ကောင်စီ ရှေ့ဆက်နိုင်ရေးအတွက်လည်း အထိနာစေမှာပါ။ ငွေကြေး ပေးဖို့ ကိစ္စတွေမှာ ပြဿနာ မျိုးစုံ တက်ပါမယ်။ ခိုင်မာတဲ့ ငွေကြေးတွေကို ရယူနိုင်ဖို့ ပို ခက်လာမယ်။ နောက်ဆုံးမှာ စစ်ပွဲမှာ ကျူးလွန်မှုတွေ လုပ်ဖို့တောင်မှ သိသိသာသာကို အခက်အခဲတွေနဲ့ ရင်ဆိုင်လာရဖို့ ရှိပါတယ်။

ဒီနေရာမှာ တရုတ်နိုင်ငံ အခန်း ကဏ္ဍက ပါလာပြန်ပါတယ်။ ရခိုင်မှာ၊ ကချင်မှာ၊ ရှမ်းမြောက်မှာ ပိုပြီး နယ်မြေတွေ ဆုံးရှုံးလာနေရင် မေးခွန်းထုတ်လာမှာက စစ်အစိုးရရဲ့ အသုံးဝင်မှု တန်ဖိုးက ဘာလဲ ဆိုတာပါ။ စီမံကိန်းကြီးတွေကို လမ်းဖွင့် မပေးနိုင်ဘူး။ ကုန်သွယ်ရေး မလုပ်နိုင်ဘူး။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ မနှိမ်နင်းနိုင်ဘူး ဆိုရင် ဘာတွေ အသုံးဝင်ဦးမလဲ။ ဒါက နယ်စပ်မှာ စီးပွား ကောင်းကောင်း မလုပ်နိုင်လို့ စိတ်မရှည် ဖြစ်နေပြီ ဖြစ်တဲ့ အနီးအနားက တိုင်းပြည်တွေ အားလုံးက သူတို့အတွက် အရေးပါတဲ့ အိမ်နီးချင်း တိုင်းပြည်နဲ့ ပုံမှန် အခြေအနေ ဆက်ဆံရေး ပြန်ဖြစ်ဖို့ စစ်ကောင်စီရဲ့ ရပ်တပ်မှုကို မေးခွန်းထုတ်လာကြပါမယ်။

Your browser doesn’t support HTML5

အားနည်းတဲ့မြန်မာအစိုးရအဖြစ် တရုတ်မြင်ချင်ကြောင်း နိုင်ငံရေးအကဲခတ်သုံးသပ် “မေးမြန်းခန်း”

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ အခု နောက်ဆုံးအနေနဲ့ ဖြေပေးပါ။ တချို့ ယူဆကြတာကတော့ အခု ဂျေဆင်တာဝါ ရှင်းပြသွားတဲ့ အခြေအနေအောက်မှာ လက်ရှိ စစ်ကောင်စီဟာ ပြိုလဲကျဖို့ တည်းတည်းလေးပဲ လိုတော့တယ် ဆိုပါတယ်။ ဒါက ဘယ်လောက် အထိ ဖြစ်နိုင်တဲ့ အခင်းအကျင်း ဖြစ်မလဲ ခင်ဗျာ။

ဂျေဆင်တာဝါ (USIP) ။ ။ အခု ဖြစ်နေတဲ့ ပုံစံကို ကြည့်ပါ။ စစ်ကောင်စီဟာ လွန်ခဲ့တဲ့ ၆ လ ကနဲ့ ယှဥ်ရင် ပိုပြီးတော့တောင် အခြေအနေ ဆိုးသွားပါတယ်။ အဲဒီ မတိုင်ခင် ၆ လကိုလည်း ကြည့်ရင်လည်း အဲဒီလို ဆက်ဖြစ်နေတာကို တွေ့ရပါမယ်။ ၂၀၂၂ ခုနှစ် လောက်ဆိုရင် တချို့က မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြန် အစပြုဖို့ စဥ်းစာထားသူတွေ ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲလိုမျိုး စဥ်းစားသူ လုံးဝ မရှိတော့ပါဘူး။ လက်ရှိ လုံခြုံရေးနဲ့ စီးပွားရေး အခြေအနေအရ ဒါက လုံးဝကို မဖြစ်နိုင်တော့ပါဘူး။ စစ်ရေးမှာ ဆိုရင်လည်း ရှေ့တန်းမှာ ဘယ်လိုမှ အဖတ်ဆယ်မရ ဖြစ်နေပါတယ်။ မြဝတီမြို့ကို ပြန်ယူနိုင်ဖို့ ထိုးစစ် စစ်ဆင်ရေးကြီး အကြီးအကျယ် လုပ်ပါတယ်။ ဒါပေမယ့် အဲဒီ စစ်ဆင်ရေးက ဘယ်ကိုမှ ခရီးမပေါက်ခဲ့ပါဘူး။ ချင်းမှာလည်း နယ်မြေတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ ကရင်နီမှာလည်း နယ်မြေတွေ ပြန်ရဖို့ ကြိုးစားတယ်။

ဒါပေမယ့် လက်တွေ့ လူတွေကို ပို ခက်ခဲကျပ်တည်းစေတာကလွဲပြီး မြေပြင်က အခြေအနေကို မပြောင်းလဲစေခဲ့ပါဘူး။ ရှေ့လာမယ့် ၆ လမှာ စစ်တပ်က ပိုပြီးတော့ နယ်မြေတွေ လက်လွှတ်ရပြီး အုပ်ချုပ်ရေးမှာ အရေးပါမှု နည်းသထက် နည်းလာဖို့ ရှိပါတယ်။

ဒီနေရာမှာ ဒါက အရေးထားပြီး ထောက်ပြရမယ့် အချက်တွေ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်တားစုတွေက တိုင်းပြည်ရဲ့ နေရာ အများအပြား ပိုပြီး အုပ်ချုပ်လာနိုင်ဖို့ ရှိပါတယ်။ သူတို့ကပဲ လူဦးရေ အတိုင်းအတာတခုကို တတ်နိုင်သမျှ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းတွေ စီမံပေးသူ ဖြစ်လာပါမယ်။

စစ်ကောင်စီတပ်ရဲ့ အခန်း ကဏ္ဍက သူ့ရဲ့ ဖျက်ဆီးနိုင်မှု စွမ်းပကား မလား။ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နိုင်မှုတွေပါ။ နေပြည်တော်နဲ့ ရန်ကုန်လို မြို့ကြီးတွေကို လွှမ်းမိုးနိုင်ဖို့နဲ့ (တော်လှန်ရေး အင်အားစုတွေ) ရဲ့ အုပ်ချုပ်ရေးကို ပျက်ပြားအောင် လက်နက်တွေ အသုံးပြုပြီး ဖျက်ဆီးဖို့ဖြစ်ပါတယ်။ ဒီလို ပုံစံမျိုးကို ဆက်မြင်ရဖို့ ရှိပါတယ်။

ဒါပေမယ့် လာမယ့် ၁ နှစ်၊ ၂ နှစ် အတွင်းမှာ ဖြစ်ကောင်း ဖြစ်လာနိုင်တာက စစ်တပ်အနေနဲ့ ဒီလို ကျူးလွန်နိုင်ဖို့မှာ အကန့်အသတ်တွေ ရှိလာပြီး တချိန်ချိန်မှာ ပြင်းပြင်ထန်ထန် ဖိနှိပ် တိုက်ခိုက်မှုတွေ လုပ်နိုင်မယ့် စွမ်းရည်မျိုး ရေရှည် မထိန်းနိုင်တော့ဘဲ ဖြစ်သွားနိုင်ပါတယ်။ တဘက်မှာတော့ တိုင်းရင်းသားအဖွဲ့တွေက ပိုပြီးတော့ အင်အားကြီးသထက် ကြီးလာနိုင်ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်တွေကို အလွယ်တကူနဲ့ ပိုသိမ်းလာနိုင်ပြီး ဒါတွေကို စစ်ကောင်စီ က ပြန်တိုက်တဲ့ စစ်ပွဲတွေမှာ ပို အသုံးပြုလာနိုင်ပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေကိုလည်း သူတို့က ပိုပြီး သြဇာ ညောင်းတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားနိုင်တာမျိုး ဖြစ်လာပါမယ်။ သူတို့က နယ်မြေတွေကို ထိန်းချုပ်ထားပြီး နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးတွေကို ထိန်းညှိနိုင်သူတွေ ဖြစ်လာပါမယ်။ စစ်ကောင်စီက ဒီအခြေအနေကို အလှည့်အပြောင်း ဖြစ်အောင် ပြန်လုပ်နိုင်မယ် စွမ်းဆောင်ရည်မျိုး မရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့၊ အခုလို သေသေချာချာ သုံးသပ် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။