အစ္စရေးလ် တိုက်ခိုက်မှု အတွင်း ပါလက်စတိုင်း ၁၅ ဦး သေဆုံး

၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှု အပြီး ဂါဇာစီးတီးမြောက်ပိုင်း Sheikh Radwan ရပ်ကွက် စာသင်ကျောင်း ဧရိယာ ထိခိုက်မှု မြင်ကွင်း။ ဓာတ်ပုံ - AFP

ဂါဇာ က အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ခိုလှုံရာ ကျောင်းတခုကို အစ္စရေးက စနေနေ့မှာ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၁၅ ဦး သေဆုံးခဲ့ပါတယ်။

ဒီမတိုင်ခင် နာရီပိုင်း အတွင်းကလည်း သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာ အစ္စရေးလ်ရဲ့ တိုက်ခိုက်မှု ၂ ခု အတွင်း ဒေသဆိုင်ရာ ဟားမတ်စ် တပ်မှူး တဦး အပါအဝင် တိုက်ခိုက်ရေးသမား ၉ ဦး သေဆုံးခဲ့ကြောင်း Hamas အဖွဲ့ က ပြောပါတယ်။

အနောက်ဘက်ကမ်း တိုက်ခိုက်မှု ၂ခု အတွင်း ပထမ လေကြောင်း တိုက်ခိုက်မှုမှာတော့ Tulkarm မြို့ကြီး အနီးက ဒေသမှာ ကားတစင်းကို ထိမှန်ခဲ့ပါတယ်။

တိုက်ခိုက်ရေး အတွက် သွားနေတဲ့ စစ်သွေးကြွ အဖွဲ့တခုကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ကြောင်း အစ္စရေးလ် စစ်တပ်က ပြောပါတယ်။

တိုက်ခိုက်ခံရမှု အတွင်း Tulkarm ဒေသ တပ်ဖွဲ့တွေရဲ့ တပ်မှူးသေဆုံးသလို သူတို့ တိုက်ခိုက်ရေး သမား အမျိုးသား ၄ ဦးလည်း သေဆုံးကြောင်း Hamas အဖွဲ့က ကြေညာချက် ထုတ်ပါတယ်။

SEE ALSO: အရှေ့အလယ်ပိုင်းတင်းမာမှုနဲ့ ကန်ရောက်မြန်မာတို့အမြင်

နာရီပိုင်း အကြာ ဒုတိယမြောက် လေကြောင်း တိုက်ခိုက်မှုကတော့ အစ္စရေးလ် တပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့တဲ့ တခြား စစ်သွေးကြွ အုပ်စု တခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း အစ္စရေးလ် စစ်တပ်က ပြောပါတယ်။

Tulkarm ဒေသတွင်း အကြမ်းဖက်မှု တန်ပြန် ချေမှုန်းရေး စစ်ဆင်ရေးလို့လည်း အစ္စရေးလ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှု အတွင်း ၄ ဦး သေဆုံးကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA က ဖော်ပြပြီး ဟားမတ်စ် အဖွဲ့ကတော့ တိုက်ခိုက်မှု ၂ ခု အတွင်း သေဆုံးသူ ၉ ဦးလုံးက သူတို့ရဲ့ တိုက်ခိုက်ရေး သမားတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။