အိုလံပစ် အမျိုးသမီးဘောလုံးဗိုလ်လုပွဲ ကန်ရွှေတံဆိပ်ရ

ဘရာဇီးလ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီး အမေရိကန် အမျိုးသမီးဘောလုံးအသင်းဟာ ပဉ္စမမြောက် အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့။ ဓာတ်ပုံ - AP

ပါရီအိုလံပစ်အားကစားပြိုင်ပွဲရဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စနေနေ့က ကစားရာမှာ အမေရိကန် အမျိုးသမီးဘောလုံးအသင်းက ဘရာဇီးလ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။

အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ၅၇ မိနစ်မှာ အမေရိကန် အသင်း ရှေ့တန်းလူ Mallory Swanson က အနိုင် ဂိုး သွင်းယူခဲ့တာပါ။ ဒီပွဲဟာ Swanson အတွက် နိုင်ငံကိုယ်စားပြု ပွဲ ၁၀၀ ပြည့်မြောက်ပွဲလည်း ဖြစ်ပါတယ်။

ဘရားဇီး အသင်းဟာ ပွဲပြီးခါနီး နာကျင် အချိန်ပို မှာ အပိုင် ခေါင်းတိုက်ဂိုးသွင်းခွင့် ရခဲ့ပေမယ့် အမေရိကန် ဂိုးသမား Alyssa Naeher က ကာကွယ်နိုင်ခဲ့လို့ ရှုံးပွဲကြုံခဲ့ရတာပါ။

၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲကတည်းက ရွှေမရရှိခဲ့တဲ့ အမေရိကန်နိုင်ငံ အမျိုးသမီးဘောလုံးအသင်းဟာ နည်းပြသစ် Emma Hayes လက်အောက်မှာ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန် အမျိုးသမီးဘောလုံးအသင်း အတွက် ပဉ္စမမြောက် အိုလံပစ်ရွှေတံဆိပ်လည်း ဖြစ်သလို အိုလံပစ် ဗိုလ်လုပွဲတွေမှာ ဘရာဇီးကို ကျော်ပြီး တတိယမြောက် အောင်ပွဲရခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။ ဒီပွဲကိုအားပေးကြတဲ့ ပရိသတ်တွေထဲမှာ နာမည်ကျော် ဟောလီးဝုဒ် မင်းသား တွမ်ခရုစ်နှင့် အမေရိကန်ဘောလုံးကြယ်ပွင့်ဟောင်း Megan Rapinoe တို့ကိုလည်း တွေ့ရပါတယ်။

SEE ALSO: ပါရီအိုလံပစ်ပြီးဖို့ တရက်လို ပွဲစဉ်များ


ဘရာဇီးလ် အသင်းက နာမည်ကျော် တိုက်စစ်မှူး Marta Vieira da Silvaအတွက်တော့ အိုလံပစ် ဗိုလ်လုပွဲ အရှုံးဟာ ပိုပြီး ကြေကွဲဖွယ် ဖြစ်ခဲ့ရပါတယ်။ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမား ဆုကို ၆ ကြိမ် တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ မာတာ ဟာ အမျိုးသမီးကမ္ဘာ့ဖလား ကို မရဖူးခဲ့သလို အိုလံပစ်ပြိုင်ပွဲမှာလည်း တခါမှ ရွှေတံဆိပ် မဆွတ်ခူးနိုင်ခဲ့ပါဘူး။ ဒီပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ မာတာဟာ အိုလံပစ်ပွဲကို ငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က စပြီး ခြောက်ကြိမ် တိုင် ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဘရာဇီးအမျိုးသမီးဟာလည်း အိုလံပစ်ပြိုင်ပွဲတွေမှာ ဒုတိယ ငွေတံဆိပ်ဆုပဲ အမြင့်ဆုံးရဖူးခဲ့ပါတယ်။

ဒီနေ့ သြဂုတ်လ ၁၁ ရက်မှာ ပြီးဆုံးတော့မယ့် အိုလံပစ်ပြိုင်ပွဲ ဆုတံဆိပ် ဇယားမှာတော့ အခု သတင်းရေးသားချိန် အထိ တရုတ်နိုင်ငံက ပြိုင်ပွဲစုံမှာ ရွှေတံဆိပ် ၃၉ ခုနဲ့ ဦးဆောင်နေပြီး အမေရိကန်ပြည်ထောင်စု အသင်းကတော့ ၃၈ ခုနဲ့ ဒုတိယနေရာက ကပ်လိုက်နေပါတယ်။ သြစတြေးလျနဲ့ ဂျပန်တို့ကတော့ ရွှေတံဆိပ် ၁၈ ခုစီနဲ့ နောက်မှာ အသီးသီးရပ်တည်နေကြပါတယ်။ ဆုတံဆိပ် အရေအတွက် အများဆုံးကတော့ အမေရိကန် ဖြစ်ပြီး ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂၂ ခု ဆွတ်ခူးထားပါတယ်။

Your browser doesn’t support HTML5

အိုလံပစ် အမျိုးသမီးဘောလုံးဗိုလ်လုပွဲ ကန်ရွှေတံဆိပ်ရ