ရန်နိုင်မင်းစစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာ

လားရှိုးမြို့ လေကြောင်းဗုံးကြဲခံရအပြီး မြင်ကွင်း (စက်တင်ဘာ ၂၄၊ ၂၀၂၄)

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စက်တင်ဘာလ ၃ ရက်နဲ့ စက်တင်ဘာလ (၄)ရက်နေ့တို့မှာ သွားရောက်ခဲ့တဲ့ ကရင်နီပြည်နယ် (လွိုင်ကော်)၊ ရှမ်းပြည်နယ် (တောင်ကြီး) ခရီးစဉ်တွေအတွင်းမှာ ရန်နိုင်မင်း စစ်ဆင်ရေးစတင်လာခဲ့ပါတယ်။ အဲ့ဒီ ခရီးစဉ်တွေအတွင်းမှာ စစ်ကောင်စီခေါင်ဆောင်က မြို့ရွာများ သိမ်းပိုက်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို သတင်းရရှိမှုနဲ့ အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီးလိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရန်နိုင်မင်း စစ်ဆင်ရေးကို စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်တယ်လို့လည်း သတင်းမီဒီယာတွေက ရေးသားဖေါ်ပြကြပါတယ်။ ရန်နိုင်မင်း စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှာ စတင်ခဲ့တာဖြစ်တယ်လို့လည်း ရေးသားဖေါ်ပြကြတာတွေ့ရပါတယ်။ စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်တဲ့ ရန်နိုင်မင်း စစ်ဆင်ရေး စတင်ပြီးနောက် နိုင်ငံတဝန်း အရပ်သားပစ်မှတ်တွေဖြစ်တဲ့ မြို့ ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာတာကို တွေ့ရပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင်က လက်လွှတ်လိုက်ရတဲ့ မြို့တွေအတွက် တုံ့ပြန်သွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ပြီး ရက်ပိုင်းအတွင်း စက်တင်ဘာလ (၅) ရက်နဲ့ (၆) ရက်အတွင်းမှာပဲ တိုက်ပွဲဖြစ်ပွားခြားမရှိတဲ့ မြို့နယ်တွေက အရပ်သားနေအိမ်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေနေထိုင်ရာ နေရာ (၄ ) ခုထက်မနည်းကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းကို စက်တင်ဘာလ (၅) ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၅) ယောက်အပါအဝင် အရပ်သားပြည်သူ (၁၀) ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

စက်တင်ဘာလ (၆) ရက်နေ့ မနက်အစောပိုင်းမှာ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်းမြို့ကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအပါအဝင် (၁၁) ဦးသေဆုံးပြီး (၁၂) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာလ (၆) ရက်နေ့ မှာပဲ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းက လက်ယက်မရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲခဲ့တာကြောင့် ဒေသခံ (၆) ဦးသေဆုံးခဲ့ရပါတယ်။

စက်တင်ဘာလ (၅) ရက်နဲ့ (၆) ရက် ၊ (၂) ရက်တာအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂၇) ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ အဲ့ဒီ (၂၈) ဦးထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် (၉) ဦးထက်မနည်းပါဝင်ပါတယ်။

နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးနဲ့ ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ရန်နိုင်မင်းစစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ကနေ စက်တင်ဘာလ (၂၀) ရက်နေ့အတွင်း အရပ်သားပြည်သူများနေထိုင်ရာ မြို့ ၊ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း (၄၈) ကြိမ်ထက်မနည်း တိုက်ခိုက်ထားတာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပစ်ခတ်မှုများကြောင့် စက်တင်ဘာလ ပထမ (၁၃) ရက်တာအတွင်း အရပ်သားပြည်သူပေါင်း (၁၅၁) ဦးထက်မနည်းသေဆုံးထားရပြီး၊ (၅၀) ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီ (၁၅၁) ဦးထဲမှာ စက်တင်ဘာလ (၉) ရက်နေ့မှာ မောင်တောမြို့က နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၂) စခန်းနေရာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အာရက္ခတပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေအပါအဝင် အကျဉ်းသား ငါးဆယ်ကျော် သေဆုံးမှုကို လည်း ထည့်သွင်းထားပါတယ်။ သေဆုံးခဲ့ရသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ကလေးငယ်(၁၁)ဦးထက်မနည်းနဲ့ကိုယ်ဝန်ဆောင်မိခင်လည်းပါဝင်နေတာတွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ အရပ်သား များနေထိုင်တဲ့ မြို့၊ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူသေဆုံးမှုမှာ (၁၄၆) ဦးထက်မနည်းရှိပါတယ်။ အဲ့ဒီ (၁၄၆) ဦးထဲမှာ ကလေးငယ်နဲ့ အမျိုးသမီး (၃၂) ဦးထက်မနည်း ပါရှိတာကိုတွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ နိုင်ငံတဝန်း အရပ်သားပစ်မှတ်များဖြစ်သည့် မြို့ ၊ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂၈) ကြိမ်ထက်မနည်း နဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်မှု (၁၁) ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။ ။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂၀) ရက်နေ့ အတွင်းမှာတင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၄၈) ကြိမ်ထက်မနည်း တိုက်ခိုက်ထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်စီးမှုများကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ် အလုံးပေါင်း (၄၁၇) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများအပါအဝင် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ ရက်(၂၀) အတွင်းမှာပဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း (၅၂၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ရက် (၂၀) အတွင်း နိုင်ငံတဝန်း စစ်ကောင်စီ တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲပေါင်း အကြိမ် ( ၁၅၀ ) ကျော်ဖြစ်ပွားထားတာကိုတွေ့ရပြီးလက်နက်ကိုင်ပဋိပက္ခများနဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် စစ်ဘေးရှောင်ရတဲ့ အရပ်သားပြည်သူ (၁၈၀၀၀) ကျော်ရှိပါတယ်။

ဆောင်းပါးပါ အချက်အလက်များသည် သတင်းမီဒီယာများနှင့် အဖွဲ့အစည်းများ၏ ဖေါ်ပြချက်များကို အခြေခံကောက်ယူထားပါသည်။