ဟားမတ်ဇ်ခေါင်းဆောင်သေဆုံးရမှုအတွက် အစ္စရေးကို Hezbollah အရှိန်မြှင့်တိုက်ခိုက်သွားမည်

(မှတ်တမ်းဓါတ်ပုံ) ပါလက်စတိုင်း ဟားမတ်စ်ခေါင်းဆောင် ယာယာ စင်ဝါကို ၂၀၂၁ ခုနှစ်၊ ဂါဇာမြို့ လူထုဆန္ဒပြပွဲတခုအတွင်း တွေ့ရစဥ်။ (May 24, 2021)

အစ္စရေးက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို စီစဉ်ဦးဆောင်တဲ့ ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar ကို သတ်ဖြတ်ခဲ့ပြီး နောက်တနေ့မှာပဲ ဟက်ဇ်ဘိုလာတွေက သူတို့ဟာ အစ္စရေးနဲ့ ဖြစ်ပွါးနေတဲ့ စစ်ပွဲကိုအရှိန်တိုးမြှင့်မှာ ဖြစ်ကြောင်း သောကြာနေ့မှာကြေညာ လိုက်ပါတယ်။

ဟားမတ်စ်ခေါင်းဆောင် Sinwar ရှိနေမှန်း မသိပဲ ဂါဇာတောင်ပိုင်းက အဆောက်အဦးကို ပစ်ခတ်ခဲ့တဲ့နောက် သူနဲ့ နောက်ထပ် စစ်သွေးကြွ ၂ ဦးကို အသေရမိခဲ့တာဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့ IDF က ကြာသပတေးနေ့က ပြောခဲ့တာပါ။

အသက် ၆၁ နှစ် အရွယ် သေဆုံးသွားသူဟာ Sinwar ဖြစ်မယ်လို့ တွက်ဆမိပေမယ့် သူ့ရဲ့ DNA နဲ့ သွား မှတ်တမ်းတွေကို နာရီပေါင်းများစွာ စစ်ဆေးပြီးမှ အစ္စရေးက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဂါဇာက ဟားမတ်စ်အကြီးအကဲ Khalil al-Hayya ကတော့ Sinwar သေဆုံးမှုကို အတည်ပြုပေးခဲ့ပြီး ဒါဟာ ဟားမတ်စ်တွေအတွက် အာဇာနည်အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပြောပါတယ်။

SEE ALSO: ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar အစ္စရေးလက်ချက်နဲ့ သေဆုံး 


ဒါ့အပြင် ဂါဇာကနေ အစ္စရေးတပ်တွေ ရုတ်သိမ်းပြီး တိုက်ခိုက်မှုတွေ ရပ်မပေးမချင်း ဟားမတ်စ်တွေ ဂါဇာမှာဖမ်းထားတဲ့ ဓါးစာခံတွေကို ပြန်လွှတ်ပေးမှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။

ဟက်ဇ်ဘိုလာတွေကတော့ Sinwar နာမည်ကို မဖေါ်ပြသလို သူသေဆုံးတာကိုလည်း ရည်ညွှန်းတာ ပြောဆိုတာ မရှိပဲ လာမယ့် ရက်တွေအတွင်း ရန်သူ အစ္စရေးကို နောက်တဆင့်တိုး တိုက်ခိုက်တော့မှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ရောက်နေတဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ကတော့ Sinwar သေဆုံးမှုဟာ တရားမျှတမှုရတာဖြစ်ပြီး သူ့လက်မှာ အမေရိကန်တွေ၊ အစ္စရေးတွေ၊ ပါလက်စတိုင်းတွေ၊ ဂျာမနီတွေနဲ့ တခြားလူ အမျာအပြားရဲ့ သွေးတွေ စွန်းပေနေတဲ့အတွက် ဖြစ်ကြောင်း ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ အခုလို သူသေဆုံးခဲ့တာကို အခွင့်ကောင်းယူပြီး ဟားမတ်စ်တွေကင်းတဲ့ ဂါဇာအတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ ပန်ကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ဟားမတ်ဇ်ခေါင်းဆောင်သေဆုံးရမှုအတွက် အစ္စရေးကို Hezbollah အရှိန်မြှင့်တိုက်ခိုက်သွားမည်