စစ်ကောင်စီရွေးကောက်ပွဲ အပေါ် SNLD သဘောထား

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD party

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ၃၆ နှစ်ပြည့် အခမ်းအနားမှာ ပါတီဥက္ကဌ စိုင်းညွန့်လွင်က စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့နဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်ဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။ စနေနေ့ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားမှာလည်း လက်ရှိမြန်မာပြည်တွင်းရေးမှာ နိုင်ငံကြီးတချို့က ကြိုးကိုင်ချယ်လှယ်နေတာကြောင့် ဒီမိုကရေစီဘက်တော်သားတွေ ညီညွတ်မှ ကျော်လွှားနိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက ပြောပြပါမယ်။


SNLD ပါတီတည်ထောင်တာ ၃၆ နှစ်ပြည့် အခမ်းအနားကို Online ကနေ ကျင်းပခဲ့ရာမှာ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး VOA က မေးမြန်းတဲ့အပေါ် ပါတီဥက္ကဌ စိုင်းညွန့်လွင်က သူ့အမြင်သဘောထားကို ပြောဆို လိုက်တာပါ။

“ ရွေးကောက်ပွဲကို တကယ် ကောင်းကောင်းမွန်မွန် ကျင်းပမယ်ဆိုရင် ကာလုံကဖွဲ့တဲ့ ကော်မရှင်ပဲ ဖြစ်ရမယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်တပ်သည် လောလောဆယ် Conflict Partner ဖြစ်တယ်။ သူကိုယ်တိုင်သည် ပြဿနာထဲက သရုပ်ဆောင် တယောက်ဖြစ်တယ်။ အဲလိုမျိုး Conflict Partner ကလုပ်တဲ့ ကော်မရှင်နဲ့ ရွေးကောက်ပွဲဆိုရင် သံသယ ရှိတယ်။ ဒါက တရားမျှတမယ်လို့ ပြောလို့မရဘူး။ နောက်တခု ဒုတိယတချက်က NLD ဆီကနေပြီးတော့ အာဏာ သိမ်းလိုက်တာ။ အခုလုပ်မယ့် ရွေးကောက်ပွဲမှာ NLD မပါဘဲနဲ့ဖြစ်တယ်ဟေ့ဆိုရင် တော်တော်လေး ရုပ်ပျက်တယ်။ ”

မြန်မာပြည်ရဲ့ ပြဿနာဟာ နိုင်ငံရေးအယူအဆ မတူညီတာထက် မုန်းတီးနားကျည်းမှုနဲ့ လက်စားချေလိုမှုတွေက ရှေ့တန်းရောက်နေတယ်လို့ ရှုမြင်ကြောင်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ခဲ့ရင်တောင် မုန်းတီး နာကျည်းမှုကြောင့် ဖြစ်ပေါ်လာမယ့် ပြဿနာတွေက ဖြေရှင်းဖို့ ခက်ခဲမယ်လို့ ယူဆကြောင်းလည်း SNLD ပါတီဥက္ကဌ စိုင်းညွန့်လွင်က ပြောပါတယ်။

SEE ALSO: ရွေးကောက်ပွဲကို စစ်ကောင်စီ စိတ်တိုင်းကျပြင်ဆင်ဟု လေ့လာသူတွေသုံးသပ်


အောက်တိုဘာ ၂၆ ရက်မှာ ကျင်းပတဲ့ ဒီအခမ်းအနားမှာ ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ မြန်မာပြည်တွင်းရေးမှာ နိုင်ငံကြီးတချို့က ကြိုးကိုင်ချယ်လှယ်နေတာကြောင့် ဒီမိုကရေစီ ဘက်တော်သားတွေ ညီညွတ်မှ ကျော်လွှားနိုင်မှာ ဖြစ်ကြောင်း ပါတီရဲ့ ရပ်တည်ချက်ကို အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က အခုလို တင်ပြထားပါတယ်။

“ မြန်မာ့ပြည်တွင်းရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံကြီးအချို့က စီးပိုး ကြိုးကိုင်လျှက် လူထုဆန္ဒအပေါ် လျစ်လျူရှုကာ တဖက်သတ် ဆောင်ရွက်ရန် ကြိုးစားနေသည်ကို ဒီမိုကရေစီ ဘက်တော်သားအချင်းချင်း တစိတ်တဝမ်းတည်းသော ပြည်ထောင်စု စိတ်ဓါတ်ဖြင့်သာ ကျော်လွှားနိုင်မည်ဖြစ်ပေသည်။ မဟာအင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုအကြား မိမိတို့နိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်ကား တိုင်းရင်းသား ပြည်သူလူထုအပေါ် သစ္စာမဏ္ဍိုင်ပြုလျှက် တွန်းလှန်တိုက်ပွဲဝင်ရေးသည်သာ အခရာဖြစ်ကြောင်း သတိချပ် အပ်ပေသည်။ ”

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပေါ်ထွန်းရေးအတွက် အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲဖို့ လိုအပ်နေကြောင်းနဲ့ အုပ်ချုပ်ရေးစနစ်မှာ လူထုကိုယ်တိုင်ပါဝင်နိုင်မှသာ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်းလည်း တင်ပြထားပါတယ်။
စနေနေ့မှာကျရောက်တဲ့ ပါတီတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အခမ်းအနားမှာ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်း ၂၁ ဖွဲ့က အမှတ်တရ သဝဏ်လွှာပေးပို့ခဲ့သလို Online ကနေကျင်းပတဲ့ အခမ်းအနားမှာလည်း လူ ၂၆၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ SNLD ပါတီဟာ တတိယ မဲအများဆုံး ရရှိထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ SNLD ပါတီဟာ လာမယ့် ရွေးကောက်ပွဲအတွက် ပါတီကို ပြန်လည် မှတ်ပုံတင်တာ မရှိဘဲ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီး နိုင်ငံရေးလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေတာပါ။