သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ ပြည်နယ် အခြေခံ ဖွဲ့စည်းပုံမူကြမ်း PRCF ထုတ်ပြန်


ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ PRCF မှာပါဝင်သော အဖွဲ့အစည်းအသီးသီးရဲ့ အလံများ
ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ PRCF မှာပါဝင်သော အဖွဲ့အစည်းအသီးသီးရဲ့ အလံများ

ဗမာပြည်နယ်အပါအဝင်ဖြစ်တဲ့ ၈ပြည်နယ်မူကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းတရပ်ကို နိုင်ငံရေးပါတီ ၁၂ ပါတီက ဒီကနေ့ကျရောက်တဲ့ ၇၇နှစ်မြောက်ပြည်ထောင်စုနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီဖွဲ့စည်းပုံမူကြမ်းမှာ ၈ပြည်ကို အခြေခံထားပေမဲ့ လိုအပ်ရင် ပြည်နယ်သစ်တွေကိုလည်း ထည့်သွင်းသွားဖို့ ရှိနေကြောင်း PRCF အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ နိုင်ငံရေးပါတီ ၁၂ပါတီက ၈ပြည်နယ်မူကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းတရပ်ကို ထုတ်ပြန်လိုက်တဲ့ သတင်းကို ကိုစည်သူက တင်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီ ၁၂ပါတီရဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ PRCF က ဒီကနေ့ကျရောက်တဲ့ ၇၇နှစ်မြောက်ပြည်ထောင်စုနေ့မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ထုတ်ပြန်လိုက်တာပါ။ ဒီဖွဲ့စည်းပုံမူကြမ်းမှာ ၈ပြည်နယ်မူကို အခြေခံထားကြောင်းကို PRCF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLDရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ဖြစ်တဲ့ စိုင်းကျော်ညွန့်က VOA ကို ပြောပါတယ်။

“ ကျနော်တို့ SNLD ၊ UNA အဲဒီကနေ တဆင့် စသည့်ဖြင့် PRCF ၊ ပြီးရင်ကျနော်တို့ UNA မိတ်ဖက်အဖွဲ့အစည်းတွေ၊ PRCF မိတ်ဖက်အဖွဲ့အစည်းတွေဆိုတာက ကျနော်တို့ ၈ယူနစ်မူအပေါ်မှာပဲ အခြေခံ ထားတာဖြစ်တယ်။ ၈ယူနစ်ဆိုပေမဲ့လည်း ဒါက အသေမဟုတ်ပါဘူး။ ဒီထက်ကောင်းတာများ ရှိရင်လည်း ဒါ ပြန်လည်ဆွေးနွေးခဲ့တယ်ဆိုရင်တော့ ကျနော်တို့ ကောင်းတယ်ဆိုရင် တော့ လက်ခံရမယ့် အနေအထားပါ။ ”

လွတ်လပ်ရေးရပြီးနောက်မှာ ဗမာလူမျိုးက ပြည်နယ်အဖြစ် ဖွဲ့စည်းတာမရှိဘဲ ပြည်ထောင်စုအစိုးရပုံစံမျိုး ရပ်တည်ခဲ့တဲ့အပေါ်မှာ ခွဲခြားမှုနဲ့ အကျပ်အတည်းတွေ ရှိလာတာကြောင့် ဗမာပြည်ဖွဲ့စည်းရေးကို ထည့်သွားထားတာဖြစ်ကြောင်း နဲ့ ပြည်နယ်သစ်တွေ ဖွဲ့စည်းရေးကိုလည်း ထည့်သွင်းရမှာဖြစ်ကြောင်း ပြောပါတယ်။

“ ဗမာပြည်နယ်ကတော့ ဖွဲ့တာတော့ ဖွဲ့ရမယ်။ ဒါပေမဲ့ ဘယ်နေရာတွေလည်း တိုင်း ၇ တိုင်းလား။ ဒါမှမဟုတ် ဘယ်လိုသွားမလဲ။ ဘယ်လိုလုပ်မလဲဆိုတာကတော့ ဆွေးနွေးပြီးမှ လုပ်ရမယ့် ကိစ္စလို့ မြင်တယ်။ ဆိုလိုချင်တာက နှစ်ပေါင်း ၇၀လောက် ခံစားခဲ့ရတဲ့ မညီမျှမှုတွေကို ဖြေရှင်းပေးနိုင်မယ့် အချက်တချက်လည်းဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ ဒီ ၈ပြည်နယ်မူပေါ်မှာ အခြေခံတယ်။ ဒါပေမဲ့ ဒါက အသေလည်း မဟုတ်ပါဘူး။ ပြည်နယ်သစ်များဆိုတဲ့ဟာကိုလည်း တချိန်ချိန်ကျရင်တော့ ဖွဲ့စည်းပုံထဲမှာ အတည်အလင်းထည့်ပြီးတော့ သွားရမယ်လို့ မြင်ပါတယ်။”

ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသတွေအတွင်းက ကွဲပြားခြားနားတဲ့ လူမျိုးအလိုက် ဒေသန္တရအုပ်ချုပ်ရေး အဆင့်တွေကိုလည်း ဖော်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဆွေးနွေးတာတွေ ရှိနေသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကြားကာလအတွက် ရည်ရွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း ၁နဲ့ ၂ဆိုပြီး ထုတ်ပြန်ထားပါတယ်။ NUG ရဲ့ ပဋိညာဉ်ကတော့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြီးချိန်အထိသာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

PRCF ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကတော့ အနာဂတ်အတွက် ရည်ရွယ် ရေးဆွဲထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ စစ်ကောင်စီအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF အဖွဲ့ စတဲ့ အဖွဲ့အစည်းတွေ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာကို လက်ခံထားကြတာပါ။ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ စစ်ရေးနည်းလမ်းကို အသုံးပြုတာတွေ ရှိသလို နိုင်ငံရေးနည်းလမ်းနဲ့ ဆောင်ရွက်တာတွေလည်း ရှိနေပါတယ်။

PRCF အနေနဲ့ကတော့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်ရဲ့ အောင်ပွဲဟာ ပြည်ထောင်စုတဝှမ်းမှာ လူမျိုးပေါင်းစုံအတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးလို့ ရှုမြင်ကြောင်း စိုင်းကျော်ညွန့်က အခုလို ပြောပါတယ်။

“ ဆိုလိုချင်တာက ကျနော်တို့က အောင်ပွဲကို ယူတယ်ဆိုတဲ့နေရာမှာ နည်းလမ်းပေါင်းစုံ ခုနက စစ်ရေးရှိမယ်။ နိုင်ငံရေးရှိမယ်။ နည်းမျိုးစုံရှိမယ်။ ဒါပေမဲ့ နောက်ဆုံးအဆုံးသတ်မှာကတော့ လူမျိုးပေါင်းစုံ၊ ပြည်နယ်မှာပဲဖြစ်ဖြစ်။ ဘယ်ပြည်နယ်မှာ မဆိုပေါ့။ ပြည်ထောင်စုတဝှမ်းလုံးမှာပဲဖြစ်ဖြစ် ၊ လူမျိုးပေါင်းစုံက ငြိမ်းချမ်းစွာနဲ့ အေးအတူ ပူအမျှ အတူတကွ ယှဉ်တွဲ နေထိုင်နိုင်တဲ့ အခြေအနေရောက်မှ ကျနော်တို့က အောင်ပွဲလို့ သတ်မှတ်မှာဖြစ်တယ်။ ဒါ Peaceful Co-existence အဲဒီဟာက ဒီတိုင်းပြည်အတွက် အင်မတန် အရေးကြီးပါတယ်။ ”

ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ PRCF ဟာ အရင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်အများစုနဲ့ UNA မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ နိုင်ငံရေးပါတီ ၁၂ပါတီနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီနိုင်ငံရေးပါတီ ၁၂ပါတီကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD၊ ကရင်အမျိုးသားပါတီ KNP၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ DNDP ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ DNDP ၊ မြို အမျိုးသား ဒီမိုကရေစီပါတီ MNDP ၊ ကယန်းအမျိုးသားပါတီ KNP ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ SSKDP ၊ မွန်ရေးရာ အဖွဲ့ MAA စတဲ့ ပါတီတွေ ပါဝင်တာဖြစ်ပါတယ်။

ဒီ ၁၂ ပါတီအနက်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP နဲ့ တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ နိုင်ငံရေးပါတီ မှတ်ပုံတင် ရရှိထားပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ကတော့ လျှောက်ထားဆဲဖြစ်ပါတယ်။ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ SSKDPကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကျထားပြီးနောက် ပြန်လည် ရုတ်သိမ်းခံထားရတာဖြစ်ပါတယ်။ ကျန်ပါတီတွေကတော့ မှတ်ပုံတင်ထားခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG