သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အစီအစဉ်အပေါ် နိုင်ငံရေးပါတီတချို့အမြင်


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ အနာဂတ်ရွေးကောက်ပွဲများအတွက် မဲပေးစက်များ သရုပ်ဖော်ပြသမှုအခမ်းအနား (စက်တင်ဘာ ၅၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ အနာဂတ်ရွေးကောက်ပွဲများအတွက် မဲပေးစက်များ သရုပ်ဖော်ပြသမှုအခမ်းအနား (စက်တင်ဘာ ၅၊ ၂၀၂၃)

ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ ပြင်ဆင်ထားတယ်လို့စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပေမဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား လက်တွေ့ ဖြစ်နိုင်ခြေအပေါ် မေးခွန်းတွေလည်း ရှိနေပါတယ်။ ရှေ့နှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပေမဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ ရေရေရာရာ မသိရပဲ ဖြစ်နေတာကလည်း စိန်ခေါ်မှုအဖြစ် မြင်ကြပါတယ်။ စစ်ကောင်စီ စီစဉ်နေတဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ အမြင်တချို့ကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်လေး တင်ပြထားပါတယ်။

လာမည့်အောက်တိုဘာလအတွင်း လူဦးရေနဲ့ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆောင်ရွက်နေပြီး လာမည့်နှစ် (၂၀၂၅) အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်း ဇွန်လ (၁၅)ရက်နေ့က မိတ္ထီလာ ဘက်ကိုသွားခဲ့တဲ့ ခရီးစဉ်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲကို ဘယ်အချိန်မှာ လုပ်မယ်ဆိုတာနဲ့ ပတ်သက်လို့ အာဏာသိမ်းခေါင်းဆောင်ကပထမဆုံး အကြိမ်ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လကပြုလုပ်တဲ့ မြန်မာစစ်ကောင်စီရဲ့ တပ်မတော်နေ့အခမ်းအနားမှာတော့ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ပြုလုပ်ဖို့ရှိကြောင်း ပြောဆိုထားခဲ့ဖူးပါတယ်။ တဘက်မှာလည်း နိုင်ငံအနှံ့ တိုက်ပွဲတွေနဲ့ စစ်ဘောင်ကျယ်ပြန့်လာပြီး မတည်မငြိမ်ဖြစ်နေတဲ့ အခြေအ နေမှာ သူတို့ကိုယ်စားလှယ်တွေအတွက် လုံခြုံရေးကအကြီးမားဆုံး စိန်ခေါ်ချက်ဖြစ်နေတယ်လို့ ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့က ထောက်ပြကြပါတယ်။

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ဘယ်လောက်ထိ ကျင်းပနိုင်မလဲ ၊ ဘယ်လောက်လွတ် လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်မလဲဆိုတာ စစ်ကောင်စီဥက္ကဋ္ဌရဲ့ စွမ်းဆောင်ရည်ပေါ်မှာမူတည်တယ်လို့ ပြောဆိုလိုက်ပါတယ်။ စိန်ခေါ်မှုများမယ့် ရွေးကောက်ပွဲတခုဖြစ်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

"သူ့ဘက်က တနှစ်ကျော်ကျော်လောက် တနှစ်တစ်လခွဲနီးပါးလောက် သူ့ဘက်က ပြင်တာ တည်ငြိမ်အေးချမ်းမှုရှိအောင် သူ့ဘက်က အချိန်ရတယ်လေ။ အဲဒီတော့ ဒီကြားကာလတနှစ်ကျော်မှာ တည်ငြိမ်အေးချမ်းအောင် လုပ်နိုင်မှာလား၊ မလုပ်နိုင်ဘူးလား ကျွန်တော်တို့ မခန့်မှန်းနိုင်ဘူးလေ။ အဲဒါကြိုပြီး ကျွန်တော်တို့ တွက်လို့လည်း မရပါဘူး။ အဲဒီတော့ ရွေးကောက်ပွဲသည် ၂၀၂၅ရဲ့ နိုဝင်ဘာလလောက်ထိ ဖြစ်တဲ့ကာလမှာ နိုင်ငံရေးပါတီများရဲ့ စည်းရုံးမှုဟာ ဒီလောက်ထိ အချိန်ကြာကြာ မလိုဘူးဗျ။ အဲတော့ ကာလုံကာလလောက်မှာတင် စည်းရုံးရင် လူထုကြားထဲမှာ ဟောပြောဆွေးနွေးတာတို့ မလုပ်နိုင်သေးရင်တောင်မှ မီဒီယာကတဆင့်လုပ်နိုင်မယ် ထားပေါ့ဗျာ။ ခေတ်ကာလကပြောင်းနေတဲ့အခါမှာလေ။ အဲဒီလိုလေး လုပ်လို့ရနိုင်တဲ့အနေထားရှိနိုင်ပါတယ်။ တနည်းအားဖြင့် အသွင် ကူပြောင်းလာမှာပေါ့။"

လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီက ပြင်ဆင်နေတယ်ဆိုပေမဲ့ လက်ရှိချိန်ထိ ရွေးကောက်ပွဲ ကော်မရှင်က ပါတီတွေကို ဘာမှထုတ်ပြန်ပြောဆိုတာမရှိသလို ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်လို့လည်း ပါတီ တွေနဲ့ ညှိုနှိုင်းတာဘာတခုမှမလုပ်သေးဘူးလို့ ပြည်သူ့ပါတီက ကိုကျော်လင်းက ဗွီအိုအေကို ပြောပါတယ်။ လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်ပါတီတွေ ရင်ဆိုင်ရမယ့် အကြီးမားဆုံး စိန်ခေါ်မှုနဲ့ပတ်သက်လို့ သူက အခုလို ထောက်ပြပါတယ်။

"ရွေးကောက်ပွဲလုပ်တော့မယ်ဆိုရင်တော့ အများကြီးအခက်အခဲတွေရှိတာပေါ့။ ရုံးတွေကလည်း တည်ဆောက်လို့ မရသေးဘူးလေ။ ရှေးဦးလုပ်ငန်းစဉ်တွေလည်း မရသေးတဲ့အခါမှာတော့ သူတို့ဘက်ကတော့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာ အပြုသဘောဆောင်ပြောတဲ့အတွက် တကယ်လုပ်မယ်ဆို စိန်ခေါ်မှုတော့ ရှိတာပေါ့။ သို့သော် မဖြစ်မနေကျော်ဖြတ်ရမယ့် မှတ်တိုင်တခုဖြစ်နေတော့ ဒီအခြေအနေကိုတော့ ကျွန်တော်တို့ သေချာစဉ်းစားပြီး ဆုံးဖြတ်ပြီးမှ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ အရမ်းခက်ခဲပါတယ်။ လုံခြုံမှုမရှိသေးပါဘူး။ ရုံးတွေဖွင့်တာက အစ၊ တခြားနိုင်ငံရေးပါတီတွေလည်း ကျွန်တော်တို့ပါတီလိုပဲ အတူတူပဲ တချို့ ရုံးတွေ ဆိုင်းဘုတ်တွေကို အိမ်မှာပဲ ဖွင့်ထားရတာရှိတယ်။ တချို့နေရာတွေကျမှ နည်းနည်းတည်ငြိမ်တဲ့နေရာတွေကျမှပဲ မြို့နယ်ဆိုင်းဘုတ်တို့ဘာတို့ လုပ်လို့ရတာလေ။ ဒီဆိုင်းဘုတ်တင်ဖို့ကတော့ ရန်ကုန်၊ မန္တလေးလောက်ပဲ အကြမ်းဖျဉ်းရပါသေးတယ်။ တချို့နေရာတွေမှာ ပေါ်ပေါ်တင်တင်ဆိုင်းဘုတ်တင်ခြင်း သိပ်မရှိသေးပါဘူး။"

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့အတွင်း မဲဆန္ဒထည့်ဝင်နေသည့် ပြည်သူတဦး
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့အတွင်း မဲဆန္ဒထည့်ဝင်နေသည့် ပြည်သူတဦး

စစ်ကောင်စီက ပြင်ဆင်နေတယ်ဆိုတဲ့ ရွေးကောက်ပွဲ အချက်အလက်တွေကို အသေးစိတ်သိရဖို့ ဗွီအိုအေက ဆက်သွယ်နေ ပေမယ့် ရွေးကောက်ပွဲကော်မရှင်ရော၊ စစ်ကောင်စီ ဘက်ကရော တုံပြန်ဖြေဆိုတာမရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်တွေကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က လာမယ့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် PR စနစ်ပြောင်းဖို့နဲ့ မဲပေးရာမှာ အီလက်ထရောနစ်နည်းပညာနဲ့ မဲပေးနိုင်ဖို့ တွေပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့နဲ့ မဲစာရင်းလုပ်ဆောင်နိုင်ဖို့အတွက်ဆိုကာ မြို့နယ်တွေကို ခရိုင်ပြင်ဆင်ပြောင်းလဲသတ်မှတ်တာတွေ လုပ်ဆောင်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာNLD ပါတီကဘဲ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပေမယ့် မဲမသမာမှုတွေရှိခဲ့တယ်လို့ စစ်တပ်ဘက်က စွပ်စွဲပြီးနောက် နိုင်ငံအာဏာကို သိမ်းယူခဲ့တာ ခုဆို ၃နှစ်နီးပါးရှိတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲစာရင်းမသမာမှုလုပ်တယ်ဆိုပြီး နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် ပါတီအစိုးရထိပ်သီးအချို့ကို ဖမ်းဆီးကာနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေကိုပြန်လည်ပြင်ဆင်ပြီး ပါတီတွေကိုမှတ်ပုံတင်အသစ်ပြန်လည်တင်ခိုင်းခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့အပြင် အရင်ပါတီတော်တော်များများက ပြန်လည်မှတ်ပုံမတင်တာကြောင့် ပယ်ဖျက်ခဲ့ပါတယ်။ လက်ရှိစစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၄၇ ခုရှိပါတယ်။ ဖျက်သိမ်းလိုက်တဲ့ပါတီပေါင်း အခု ၈၀ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG