ထရမ့် စိုက်ပျိုးရေးဝန်ကြီးအဖြစ် Brooke Rollins ကိုရွေး

စိုက်ပျိုးရေးဝန်ကြီးအဖြစ် ဒေါ်နယ်ထရမ့်က အမည်စာရင်းတင်သွင်းထားသူ − အမေရိကန်ပထမ မူဝါဒသိပ္ပံ AFPI ဥက္ကဌ Brooke Rollins

အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပထမ မူဝါဒသိပ္ပံ AFPI ရဲ့ ဥက္ကဌဖြစ်သူ Brooke Rollins ကို စိုက်ပျိုးရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

သူဟာ အမေရိကန် တောင်သူလယ်သမားတွေကို အကာကွယ်ပေးဖို့ ဦးဆောင်နိုင်မှာ ဖြစ်ကြောင်းနဲ့ သူဟာ အမေရိကန်နိုင်ငံရဲ့ တကယ့် ကျောရိုးဖြစ်ကြောင်း ထရမ့်ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တကယ်လို့ အထက်လွှတ်တော်ကသာ အတည်ပြုခဲ့ရင် သူဟာ ဝန်ထမ်း ၁ သိန်း တာဝန်ထမ်းဆောင်နေတဲ့ စိုက်ပျိုးရေးဌာနကို ဦးဆောင်ရမှာဖြစ်ပြီး လယ်ယာနဲ့ အဟာရဆိုင်ရာ အစီအစဉ်တွေ၊ သစ်တောရေးရာ၊ နေအိမ်နဲ့ လယ်ယာမြေ အငှါးချတာ၊ စားသောက်ကုန် အန္တရာယ်ကင်းရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ၊ ရောင်းဝယ်မှုတွေကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။

SEE ALSO: Trump အစိုးရသစ်အတွက် ဘီလျံနာသူဋ္ဌေးကြီးကို ဘဏ္ဍာရေးဝန်ကြီးလျာထား

ဒါ့အပြင် ၂၀၂၄ အတွက် စိုက်ပျိုးရေးဆိုင်ရာ ဘတ်ဂျက် အမေရိကန် ဒေါ်လာ ဘီလီယံ ၄၃၀ ကျော်ကို ကိုင်တွယ်ရမှာ လည်း ဖြစ်ပါတယ်။ သူမတာဝန်ထမ်းဆောင်နေတဲ့ America First မူဝါဒသိပ္ပံဟာ လက်ယာယိမ်း သုတေသန လေ့လာရေးအဖွဲ့ ဖြစ်ပြီး အဖွဲ့ဝင်တွေဟာ လာမယ့် ထရမ့်အစိုးရအဖွဲ့အတွက် မူဝါဒရေးရာ ပုံဖေါ်ရာမှာ အထောက်အကူ ဖြစ်စေဖို့ ထရမ့်မဲဆွယ်အဖွဲ့နဲ့ အနီးကပ် လက်တွဲဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။

သူမဟာ ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်းတုန်းက ပြည်တွင်း မူဝါဒရေးရာ ကောင်စီဥက္ကဌအဖြစ် တာဝန်ယူခဲ့သူပါ။ စိုက်ပျိုးရေးဝန်ကြီး တာဝန်ယူရမယ့် သူဟာ လာမယ့်နှစ် အမေရိကန် - မက္ကဆီကို - ကနေဒါ ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေး ညှိနှိုင်းမှုတွေအတွက် လမ်းညွှန်ရမှာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ထရမ့် စိုက်ပျိုးရေးဝန်ကြီးအဖြစ် Brooke Rollins ကိုရွေး