ယူကရိန်းစစ်ဦးစီးချုပ်ရုံးက အဲဒီ သတင်းရင်းမြစ် အဆိုအရ ကာ့ခ်စ် (Kursk) ဒေသထဲကို ယူကရိန်းတပ်တွေ အလျင်အအမြန် ဝင်ရောက်ချိန်မှာ အငိုက်မိခဲ့လို့ နယ်မြေ အတော်များများ လက်လွှတ်ခဲ့ရတဲ့ နောက်မှာ အဲဒီမှာ ရုရှားဘက်က တပ်ဖွဲ့ဝင် ၅၉,၀၀၀ စေလွှတ်တပ်ချထားခဲ့တယ် ဆိုပါတယ်။
“အဲဒီတုန်းက အများဆုံး ကျနော်တို့ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ဧရိယာက စတုရန်းကီလိုမီတာ ၁,၃၇၆ လောက်ရှိပါတယ်၊ အခုတော့ ထိန်းချုပ်နိုင်တဲ့ နယ်မြေ အကျယ်က ပိုနည်းသွားပါတယ်။ ရန်သူဘက်က တန်ပြန်တိုက်ခိုက်မှုတွေ တိုးလာနေပါတယ်” လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။ "အခုဆိုရင် စတုရန်းကီလိုမီတာ ၈၀၀ လောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပါတော့တယ်။ စစ်ရေးအရ လိုအပ်သရွေ့ အဲဒီဒီနယ်မြေတွေကို ကျနော်တို့ သိမ်းပိုက်ထားမှာပါ" လို့လည်း သူက ဆိုပါတယ်။
ရုရှားပိုက်နက် ကာ့ခ်စ် (Kursk) ကို ထိုးစစ်ဆင်ခဲ့တာက ယူကရိန်း အရှေ့နဲ့ အရှေ့မြောက်ပိုင်းဒေသတွေကို ရုရှားရဲ့ တိုက်ခိုက်မှုတွေကနေ တားဆီးဖို့ ယူကရိန်းက ရည်ရွယ်ခဲ့တာပါ။ ယူကရိန်း အရှေ့ခြမ်း တခုလုံးမှာ တဖြည်းဖြည်း ရှေ့တိုး လာနေတဲ့ ရုရှားတပ်ဖွဲ့တွေကို ပြန်လည်ဆုတ်ခွာစေဖို့ ဖြစ်ပါတယ်။ ရုရှားနဲ့ နောင် အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးချိန်မှာလည်း အပေါ်စီးကနေ ညှိနှိုင်းနိုင်စေဖို့ ယူကရိန်းက ထပ်ဆောင်း သြဇာချဲ့ထွင် တည်ဆောက်တာလည်း ဖြစ်ပါတယ်။
တဘက်မှာလည်း ကရိန်းအရှေ့ခြမ်း ဒွန်းညက် (Donetsk) ဒေသထဲမှာ ရုရှားတပ်ဖွဲ့တွေက ရှေ့ကို ဆက်ချီတက်နိုင်နေဆဲဖြစ်ပါတယ်။ ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့ဝင် ၅၇၅,၀၀၀ ခန့်ရှိပြီး တပ်ဖွဲ့ဝင် ၆၉၀,၀၀၀ ဝန်းကျင် အထိ တိုးမြှင့်သွားဖို့ ရုရှားက ရည်မှန်းထားကြောင်း ယူကရိန်း စစ်ဦးစီးချုပ်ရုံး သတင်းရင်းမြစ်က ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အဓိက ရည်ရွယ်ချက်က ဒွန်းညက် (Donetsk) နဲ့ လူးဟန့်စ် (Luhansk) ဒေသတွေ ပါဝင်တဲ့ ဒွန်းဘတ်စ် (Donbas) ဒေသကြီးတခုလုံးကို သိမ်းပိုက်နိုင်ရေးနဲ့ ကာ့ခ်စ် (Kursk) ဒေသထဲရောက်နေတဲ့ ယူကရိန်းတပ်တွေကို ဖယ်ရှားနိုင်ရေး ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒိုမြာ ဇယ်လန်းစကီးက ပြောပါတယ်။
"ပူတင်အတွက်၊ အရေးကြီးဆုံးအရာက ကာ့ခ်စ် (Kursk) ဒေသကနေ ကျနော်တို့ကို တိုက်ထုတ်ဖို့ပါပဲ။ ဇန်နဝါရီ ၂၀ မတိုင်မီ ကျနော်တို့ကို တွန်းထုတ်ချင်နေတာ သေချာပါတယ်" လို့ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုမယ့်အချိန်ကို ရည်ညွှန်းပြီး ဇယ်လန်းစကီး က မီဒီယာကိုပြောခဲ့ပါတဘ်။ "အခြေအနေကို ထိန်းချုပ်နိုင်တယ်ဆိုတာကို ပြသနိုင်ဖို့ သူ့ [ပူတင်] အတွက် အရမ်းအရေးကြီးပါတယ်" လို့ ယူကရိန်း ခေါင်းဆောင်က ပြောပါတယ်။
ယူကရိန်း စစ်ဦးစီးချုပ်ရုံး သတင်းရင်းမြစ်ရဲ့ ပြောဆိုချက် အရတော့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၁,၀၀၀ ဝန်းကျင်ဟာ ရုရှားတပ်ဖွဲ့တွေကို အားဖြည့်ကူညီဖို့ ကာ့ခ်စ် Kursk ဒေသကို ရောက်ရှိလာပေမယ့် တပ်ဖွဲ့ဝင်အများစုက လေ့ကျင့်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်တွေနဲ့ ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ တစုံတရာ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ ယူကရိန်းနိုင်ငံရဲ့ ငါးပုံတပုံ လောက်ကို သိမ်းပိုက်ထားတဲ့ ရုရှားဟာ သူပိုင် ကာ့ခ်စ် (Kursk) ဒေသထဲမှာ မြောက်ကိုရီးယား တပ်ဖွဲ့တွေ ရောက်ရှိနေကြောင်းကိုလည်း တရားဝင် အတည်ပြုတာမျိုး ဒါမှမဟုတ် ငြင်းဆိုတာမျိုး မရှိသေးပါဘူး။
လက်ရှိမှာတော့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ တရက်မှာ မီတာ ၂၀၀ ကနေ ၃၀၀ နှုန်းနဲ့ ယူကရိန်းပိုက်နက်ထဲမှာ ဆက်လက်ချီတက်နိုင်နေပြီး လက်ရှိမှာ ကူရာကော့ဗ် (Kurakhove) ဒေသက ခြိမ်းခြောက်မှု အခံရဆုံးဖြစ်ကြောင်း စစ်ဦးစီးချုပ်ရုံး သတင်းရင်းမြစ်က ပြောပါတယ်။ ကူရာကော့ဗ် မြို့ဟာ ဒွန်းညက် ဒေသထဲက ထောက်ပံ့ရေး အတွက် အချက်အခြာကျတဲ့ Pokrovsk ကို သိမ်းနိုင်ဖို့ အတွက် အရေးပါတဲ့ ကြားခံဒေသ တခုဖြစ်ပါတယ်။
Forum