တရုတ်နိုင်ငံအပေါ် သွင်းကုန်ခွန်တိုးမယ့် အစီအစဉ် အရှေ့တောင်အာရှကို ရိုက်ခတ်ဖွယ်ရှိ

လေ့ာစ်အိန်ဂျလိစ်ဆိပ်ကမ်းမှာ ကုန်ချခွင့်စောင့်ဆိုင်းနေတဲ့ ကုန်တင်သေတ္တာကြီးများ။ (ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅)

အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ တရုတ်နိုင်ငံအပေါ် သွင်းကုန်ခွန်တွေ တိုးကောက်မယ့် အစီအစဉ်ကြောင့် အရှေ့တောင်အာရှမှာ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းနေကြပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေဆီ တရုတ်နဲ့ တခြားနိုင်ငံသားတွေပိုင်တဲ့ တရုတ်နိုင်ငံထဲက စက်ရုံ အလုပ်ရုံတွေ ရွှေ့ပြောင်းလာတာတွေ့ရနိုင်ကြောင်း ကုန်သွယ်ရေးကျွမ်းကျင်သူတွေက VOA ကို ပြောပါတယ်။ ရွေးကောက်ခံသမ္မတ Trump ကတရုတ်နိုင်ငံအပေါ် ကုန်သွယ်ခွန်တွေ ပိုပြီး တိုးကောက်မယ်လို့ ပြောပြီးတဲ့နောက် ကုန်ကျစရိတ်တွေသက်သာစေဖို့ ပြောင်းရွှေ့နိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုကို အရှေ့တောင်အာရှဒေသကပို့ဆောင်နေတဲ့သွင်းကုန်တွေဟာ တရုတ်ရဲ့ ကုန်ကြမ်းတွေကို အသုံးပြုနေရတာကြောင့် ထင်သလောက် အကျိုးအမြတ်ရဖို့ မလွယ်ကြောင်းလည်း သုံးသပ်သူတွေက ထောက်ပြပါတယ်။

Trump ရဲ့ ပထမ သမ္မတသက်တမ်း ၂၀၁၇ - ၂၀၂၁ ခုနှစ်အတွင်း တရုတ်သွင်းကုန်တချို့ကို ၂၅ ရာခိုင်နှုန်းထိ အခွန်တိုးကောက်ခဲ့တာပါ။ ခု ဒုတိယသက်တမ်းမှာလည်း တရုတ်သွင်းကုန် အားလုံး အပေါ် ၆၀ ရာခိုင်နှုန်း အခွန်တိုးကောက်မယ်ဆိုပြီး ရွေးကောက်ပွဲ မဲဆွယ်ချိန်မှာ ပြောခဲ့သလို ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်၁၀ ရာခိုင်နှုန်း တိုးကောက်ဖို့ သမ္မတအမိန့်နဲ့ ထုတ်ပြန်မယ်လို့ ဒီသီတင်းပတ်ထဲမှာပဲ ပြောထားပါတယ်။ တကယ်လို့သာဒီအစီအစဉ် အကောင်အထည်ဖေါ်မယ်ဆိုရင်တော့ စက်ရုံတွေ အမြန် ပြောင်းရွှေ့တာကို တွေ့ရမှာဖြစ်သလို ကုန်စည်စီးဆင်းမှုတွေလည်း ပုံစံပြောင်းလဲသွားတာကို တွေ့ရမှာဖြစ်ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် သုံးသပ်သူ Jayant Menon က ပြောပါတယ်။

Trump ပထမသက်တမ်းကာလအတွင်း တရုတ်နိုင်ငံအပေါ် အခွန်တိုးကောက်တာကြောင့် တရုတ်နိုင်ငံတွင်းက စက်ရုံတွေ ထိုင်း၊ မလေးရှား၊ ဗီယက်နမ် နိုင်ငံတွေကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ခုတကြိမ်မှာလည်း တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ကမ္ဘောဒီယား၊ လာအိုအပြင် အင်ဒိုနီးရှားနိုင်ငံကိုလည်း တရုတ်နိုင်ငံက စက်ရုံတွေ ပြောင်းရွှေ့လာနိုင်တာပါ။

အမေရိကန်နဲ့ ကုန်သွယ်ဘက်နိုင်ငံတွေထဲက ကုန်သွယ်မှုပိုငွေပြနေတဲ့ တရုတ်နိုင်ငံအပြင် တခြား နိုင်ငံတွေကိုလည်း သူတို့ရဲ့ ပို့ကုန်တွေအပေါ် အခွန်တိုးကောက်ပြီး တခြား တားမြစ်ကန့်သက်ချက် တွေလည်း ချမှတ်သွားမယ်လို့ Trump ကအကြိမ်ကြိမ် ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံအပေါ် သွင်းကုန်ခွန်တိုးမယ့် အစီအစဉ် အရှေ့တောင်အာရှကို ရိုက်ခတ်ဖွယ်ရှိ