ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ အခုလတ်တလောမှာ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံ အရေးကိစ္စတွေမှာ ပိုပြီး ပါဝင်လာတာတွေ့ရပါတယ်။ မြန်မာ့နိုင်ငံရေးက အစုအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာပါတယ်။ နိုဝင်ဘာ အစောပိုင်းတုန်းက အိန္ဒိယက ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ကျင်းပတာ တွေ့ရပါတယ်။ အဲဒီမှာ စစ်ကောင်စီရယ်၊ တချို့ နိုင်ငံရေးပါတီတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒါဟာ မြန်မာအာဏာသိမ်းခေါင်းဆောင်ရဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံကို သွားရတဲ့ အချိန်နဲ့လည်း တိုက်ဆိုက်နေပါတယ်။ မြန်မာ့နိုင်ငံရေး အစုအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားလာတဲ့ အိန္ဒိယရဲ့ ရည်ရွယ်ချက်က ဘယ်လို သဘောဆောင်လဲ။ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုအပေါ် စိုးရိမ်ချက်က အိန္ဒိယရဲ့ ဒီအရွေ့ကို တွန်းအားပေးစေသလား။
Angshuman Choudhury (အိန္ဒိယ သုတေသီ) ။ ။ အိန္ဒိယရဲ့ စဥ်းစားချက်မှာ တရုတ်နိုင်ငံက ကြီးမားတဲ့အစိတ်အပိုင်းတခုအနေနဲ့ ပါတာကတော့ သေချာပါတယ်၊။ အဲဒါက ငြင်းလို့ မရပါဘူး။ ဒါပေမယ့် အိန္ဒိယဘက်က ကြိုးပမ်းနေတာတွေကို ကြည့်မယ်ဆိုရင် စစ်တပ်နဲ့ နီးစပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေသာမကဘဲ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့တဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ (EROs) တွေ အထူးသဖြင့် မြန်မာနိုင်ငံအနောက်ခြမ်း ချင်းနဲ့ ရခိုင် ဘက်ကို တိုးချဲ့လုပ်ဆောင်နေတာတွေ့ရမှာပါ။ ရိုက်တာသတင်း တပုဒ် မှာဆိုရင် သူတို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ဖိတ်ကြားတာတွေလည်း ရှိကောင်း ရှိနိုင်တယ် ဆိုပြီး ရေးတာ ခင်ဗျားတွေ့မှာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အိန္ဒိယနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ စစ်ကိုင်း ဒေသထဲက ပြည်သူ့ကာကွယ်ရေး (PDF) တချို့ကို ထိန်းချုပ်ထားပါတယ်။ အိန္ဒိယ အတွက်တော့ သူနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွေဟာ မဟာဗျူဟာ အရ နိုင်ငံရေး၊ လုံခြုံရေးအပြင် စီးပွားရေး အကျိုးစီးပွားအတွက် အဓိက စိတ်ဝင်စားမှု ရှိပါတယ်။ ဒီနယ်မြေ အများအပြားကလည်း အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းညီနောင် (Chin Brotherhood) အဖွဲ့တွေက ချင်းပြည်ရဲ့ နယ်မြေ အစိတ်အပိုင်း အတော်များများကို ထိန်းချုပ်ထားပါတယ်။ အာရက္ခတပ်တော် (AA) ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း အများစုကို ထိန်းချုပ်ထားပါတယ်။ စစ်ကိုင်း အနောက်ဘက်နဲ့ အနောက်မြောက်ဘက် ဒေသ အများအပြားကလည်း တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အောက်မှာ ရှိပါတယ်။ ဒါကြောင့် အိန္ဒိယက သူ့အတွက် အလွန် အရေးပါတဲ့ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ဒေသရဲ့ နယ်မြေ ထိန်းချုပ်နိုင်မှု မျက်နှာသွင်ပြင်ပြောင်းသွားတာကို နားလည်သဘောပေါက်ပြီး စစ်ကောင်စီ အပြင် တခြား သက်ဆိုင်တဲ့ အစုအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားလာတာပါ။ ဆိုလိုတာက စစ်ကောင်စီကို ဆန့်ကျင်တဲ့ တိုင်းရင်းသား အဖွဲ့တွေ ပါ, ပါ တယ်။
ဒါပေမယ့် တချိန်တည်းမှာ ခင်ဗျား ပြောသလိုပါပဲ။ တရုတ်နိုင်ငံအပေါ် ရှုမြင်ချက်ကလည်း ဒီကိစ္စရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ တကယ်တော့ သိပ်မကြာခင်ကပဲ တရုတ်နိုင်ငံက မဲခေါင်အစည်းအဝေး တက်ဖို့ အကြောင်းပြပြီး [ဗိုလ်ချုပ်မှူးကြီး] မင်းအောင်လှိုင်ကို စင်တင်ပေးခဲ့တယ် မဟုတ်လား။ အဲဒါ ပြီးပြီးချင်းပဲ အိန္ဒိယကလည်း နယူးဒေလီမှာ ဆွေးနွေးပွဲ လုပ်လိုက်တာပါပဲ။ ဒါကြောင့် တရုတ်နိုင်ငံက စစ်ကောင်စီ အတွက် တံခါးတွေ ပို ကျယ် ကျယ် ဖွင့်ပေးလာနေတယ် ဆိုတဲ့ အချက်ကို ဒေလီက သတိပြုမိပါတယ်။ ဒါကြောင့်လည်း အိန္ဒိယက အပြိုင်အဆိုင်ပဲ စစ်ကောင်စီကို ထိတွေ့ပြီး လက်တွဲလုပ်ဆောင်မယ့် ဆက်ဆံရေး ရှိစေချင်တယ်လို့ ကျနော်ထင်ပါတယ်။ ဆိုတော့ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုကို ကြည့်ပြီး ဒေသတွင်းမှာ တရုတ်နိုင်ငံနဲ့ ယှဥ်ရင် ခြေလှမ်းတွေ ပြတ်မကျန်ခဲ့အောင် လုပ်ဆောင်တာက အိန္ဒိယရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဆက်ဆံရေးမှာ အလွန်အရေးကြီးတဲ့ အချက် တချက်ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ တချို့ ယူဆကြတာကတော့ အိန္ဒိယက စစ်ကောင်စီကို လုံးလုံးကြီး ကျောခိုင်းဖို့ မဖြစ်နိုင်တာက မြန်မာနိုင်ငံထဲမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ထိန်းညှိနိုင်ဖို့ မြန်မာ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ အခင်းအကျင်းမှာ တရုတ်ရဲ့ အပြည့်အဝ လွှမ်းမိုးချုပ်ကိုင်မှုကို တတ်နိုင်သမျှ တားဆီးဖို့ ကြိုးစားချက်လို့ ဆိုကြပါတယ်။ Angshuman ကရော ဘယ်လို ယူဆပါသလဲ။
Angshuman Choudhury (အိန္ဒိယ သုတေသီ)။ ။ ပထဝီနိုင်ငံရေး၊ ဒါမှမဟုတ် ပထဝီ ဗျူဟာအမြင်နဲ့ တကယ့် လက်တွေ့ နိုင်ငံရေး ချဥ်းကပ်မှုက ကြည့်ရင် အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ တည်ရှိမှုကို ဟန်ချက်ညီအောင် ထိန်းကျောင်းဖို့ ရည်ရွယ်ပြီး မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး အဆင့်တခု အထိ ထိန်းသိမ်းထားဖို့ လိုတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော့်မှာ နည်းနည်း ကွဲပြား အမြင်တခုလည်း ရှိပါတယ်။ တရုတ်ကို တန်ပြန်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ပိုပြီး အပြုသဘောဆောင်ပြီး တိုးတက်တဲ့ အမြင် နည်းလမ်းနဲ့ လုပ်နိုင်တဲ့ နောက်ထပ် တနည်း ရှိပါသေးတယ်။ အဲဒါကတော့ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အပါအဝင် အင်အားစု အားလုံးနဲ့ သူ့ရဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဖွင့်ပေးလိုက်တာပါ။ ဒီလိုသာ လုပ်နိုင်ရင် မြန်မာ့ အရေးမှာ အိန္ဒိယဟာ နိုင်ငံရေးနဲ့ ဗျူဟာမြောက် ထဲထဲဝင်ဝင် အရေးပါလာမှာပါ။ အဲဒီလို ဆိုရင် မြန်မာ့အရေးမှာ အိန္ဒိယက တရုတ်နိုင်ငံ ထက်တောင် ပိုပြီး သာလွန်အောင် စွမ်းဆောင်နိုင်စေ ဖို့ အားသာလာစေမှာပါ။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယက ဒေသတွင်းမှာ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ၊ ဖက်ဒရယ်ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံ ဆိုတာ မေ့ထားလို့ မရပါဘူး။ ဒီနေရာမှာ တရုတ်နိုင်ငံက မယှဥ်နိုင်ပါဘူး။
ဒီနေရာမှာ အိန္ဒိယက မြန်မာ့နိုင်ငံရေး အစုအဖွဲ့ကို ကမ်းလှမ်းနိုင်တဲ့ ထူးခြားချက် ရှိပါတယ်။ မြန်မာ့တော်လှန်ရေးမှာ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပုံစံ စနစ်ဖြစ်ဖို့ပဲ ကြိုးစားတည်ဆောက်နေတာ မဟုတ်လား။ ဒါနေရာမှာ အိန္ဒိယက တရုတ်နဲ့ မတူကွဲပြားတာကို ပေးဆောင်နိုင်စွမ်းရှိပါတယ်။ ကျနော့် အမြင်အရတော့ အိန္ဒိယက သူ့ရဲ့ သံတမန် ပုံရိပ် တည်ဆောက်ရာမှာ ဒီထူးခြားချက်ရဲ့ အင်အားကို အသုံးချသင့်တယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးဗျူဟာ အစရှိတာတွေလည်း တွဲလုပ်ရမှာပါ။ ဒါပေမယ့် အဲဒီ ကိစ္စရပ်တွေကို တရုတ်နိုင်ငံကလည်း ပေးစွမ်းနိုင်ပါတယ်။
ဒါပေမယ့် ဒီမိုကရက်စီ အမွေအနှစ် ဆိုရင်တော့ အိန္ဒိယကပဲ ပေးနိုင်စွမ်းပြီး ဒီမိုကရေစီ လိုလားတဲ့ အရပ်သား ပြည်သူတွေနဲ့ ချစ်ကြည်ရေး တည်ဆောက်ရာမှာ ပေါင်းကူး တံတား အဖြစ် အသုံးပြုနိုင်မှာပါ။ ဒါကြောင့် အိန္ဒိယအနေနဲ့ တရုတ်ကို အမှန်တကယ် တန်ပြန်ချင်တယ်ဆိုရင်တော့ အဲဒီ့မျက်နှာစာမှာ ပိုပြီး အောင်မြင်အောင် လုပ်ဖို့ လိုမယ်လို့ ကျနော်ကတော့ ထင်ပါတယ်။ ဒါကပဲ တရုတ်ကို တန်ပြန်နိုင်မယ့် ပိုကောင်းတဲ့နည်းလမ်းလို့ ထင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်တယ်၊ ဒါပေမယ့် အိန္ဒိယက အဲဒီလိုတော့ မလုပ်ခဲ့ဘူး မလား။ ။ အခုထိတော့ သူတို့ မလုပ်သေးဘူး မဟုတ်လား။
Angshuman Choudhury (အိန္ဒိယ သုတေသီ) ။ ။ အခုထိတော့ သူတို့မလုပ်သေးပေမယ့် စိတ်ဝင်စားစရာကောင်းတာက အဲဒီ [နယူးဒေလီ] ဆွေးနွေးပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဒီခေါင်းစဥ်အောက်မှာက အိန္ဒိယအနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေနဲ့ ထိတွေ့လာနိုင်မယ့် ကောင်းမွန် ဆန်းသစ်တဲ့ ဖြစ်နိုင်ခြေ အလားအလာရှိပါတယ်။
ပြီးတော့ ဒါကလည်း သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပြီးခဲ့တဲ့ ဇူလိုင်လက ပြောခဲ့တာကနေ ဖြစ်ပေါ်လာတဲ့ ဖြစ်ထွန်းမှုလို့ ထင်ပါတယ်။
ဒီ ပြောဆို ထုတ်ပြန်ချက်တွေကို ယုံကြည်ရမယ် ဆိုရင်၊ ဒီမိုကရက်စီ လိုလားတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ထိတွေ့နိုင်ဖို့ စပြီး လှုပ်ရှားတာတွေ ဆောင်ရွက်လာပြီလို့ ယုံကြည်ရမယ်ဆိုရင်တော့ ဒါဟာ အိန္ဒိယအနေနဲ့ ဒီလို စဥ်းစားလာတဲ့ အရွေ့တခုကို စတင်နေပြီလို့ ပြောလို့ ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အိန္ဒိယက ထုံးတမ်းစဥ်လာအရတော့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒက စွန့်စွန့်စားစား ရဲရဲဝင့်ဝင့် လုပ်ရတာမျိုးကို မလိုလားပါဘူး၊ အလွန့် အလွန်ကို ရှေးရိုးဆန်ဆန် တွက်ချက် လုပ်ဆောင်တတ်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ၊ ဆိုကြပါစို့ဗျာ။ တရုတ်နဲ့နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ပြောရရင် အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့လို အဖွဲ့တွေကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့တယ်ဆိုပါစို့။ ဒီချဉ်းကပ်မှုကို တရုတ်နိုင်ငံက ဘယ်လို ရှုမြင်မလဲ။
Your browser doesn’t support HTML5
Angshuman Choudhury (အိန္ဒိယ သုတေသီ) ။ ။ ဟုတ်တယ်၊ အဲဒါ စိတ်ဝင်စားစရာမေးခွန်းပါပဲ။ အိန္ဒိယက ဒီအဖွဲ့တွေနဲ့ ထဲထဲဝင်ဝင် လက်တွေ့ကျကျ မဟုတ်တဲ့ ထိတွေ့ဆက်ဆံမှု ဆိုရင်တော့ တရုတ်အနေနဲ့ ပြဿနာရှိမယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အိန္ဒိယရော တရုတ်ရော နှစ်နိုင်ငံစလုံးမှာ ပထဝီနိုင်ငံရေး၊ ဗျူဟာမြောက် ပထဝီရေးရာ စဥ်းစားချက်နဲ့ စီးပွားရေး အကျိုးစီးပွားရှိနေတယ် ဆိုတာက တရုတ်က နားလည် အသိအမှတ်ပြုထားပါတယ်။ ဒီ အင်အားကြီး နှစ်နိုင်ငံလုံးက သူတို့ အကျိုးစီးပွား အတွက် မြန်မာ နိုင်ငံအပေါ် အပြိုင် ထိတွေ့ဆက်ဆံနိုင်ပါတယ်။ ဒီအချက်ကို နယူးဒေလီနဲ့ ဘေဂျင်း အစိုးရ နှစ်ခုလုံးက အသိအမှတ်ပြု လက်ခံထားတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အိန္ဒိယနဲ့ တရုတ်နိုင်ငံ အကြား မှာ ပိုမိုပြင်းထန်တဲ့ နှစ်နိုင်ငံ သီးသန့် ပြဿနာ ကိစ္စရပ်တွေ ရှိတယ် ဆိုတာလည်း မေ့ထားလို့ မရပါဘူး။ အထင်ရှားဆုံးကတော့ နယ်စပ်အငြင်းပွားမှုပါ။ ဆိုလိုတာက အိန္ဒိယနဲ့ တရုတ်က တခြား မျက်နှာစာတွေမှာ ရန်ဘက် ဟုတ်ပေမယ့် မြန်မာ့အရေးမှာတော့ အဲဒီလို မဟုတ်သေးပါဘူး။
မြန်မာနိုင်ငံမှာတော့ သူတို့က နယ်မြေ ပထဝီဝင်နိုင်ငံရေး အရ ပြိုင်ဆိုင်မှု ရှိတယ်လို့ပဲ ပြောရမှာပေါ့။ အခု အချိန်အထိတော့ ကြောက်မက်ဖွယ် ထိပ်တိုက်ရင်ဆိုင်နေတာမျိုး မဟုတ်သေးပါဘူး။ ဒါက အမေရိကန်-တရုတ် ကိစ္စနဲ့ ခပ်ဆင်ဆင်တူပါတယ်။ အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဆိုရင်လည်း မြန်မာအရေးထက် စာရင် ထိုင်ဝမ် အရေးက ပိုပြီးတော့ အလေးထား အရေးကြီးသလိုပါပဲ။ ဆိုတော့ အိန္ဒိယနဲ့ တရုတ် ကြားမှာ အပြန်အလှန် ဟန်ချက်ညီ တန်ပြန်ထိန်းကျောင်းဖို့ တခြား သီးခြား ကိစ္စရပ်တွေ ရှိတယ်လို့ ထင်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံပတ်သက်ရင် အာရက္ခတပ်တော် (AA) လိုမျိုး လက်နက်ကိုင်အဖွဲ့တွေကိစ္စမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုလည်း ရှိတာကြောင့် နည်းနည်းတော့ ရှုပ်ထွေးတာလည်း မှန်ပါတယ်။ AA က အိန္ဒိယရဲ့ မဟာဗျူဟာနဲ့ စီးပွားရေး အကျိုးစီးပွားအတွက် အလွန်အရေးပါတဲ့ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းရဲ့ အရေးကြီးလမ်းကြောင်းမှာရှိတဲ့ နယ်မြေတွေကို ထိန်းချုပ်ထားလို့ပါ။ အဓိက အရေးကြီးဆုံး ဖြစ်တဲ့ စစ်တွေဆိပ်ကမ်း နဲ့ အနီးတဝိုက် အထိလည်း AA က ထိန်းချုပ်လာနိုင်ပါတယ်။
AA က ရခိုင်အပြင် ချင်းတောင်ပိုင်း ကိုလည်း ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် နိုင်ငံရေးပထဝီဝင်အနေအထား အရ AA က အနာဂတ်မှာ အိန္ဒိယအတွက် အလွန်အရေးပါ,ပါတယ်။ ဒါကြောင့် ဒီကိစ္စမျိုးမှာဆိုရင်တော့ တရုတ်ဘက်က ဘယ်လိုပဲ ထင်ထင် အိန္ဒိယကတော့ AA နဲ့ ထိတွေ့ဆက်ဆံမှာ သေချာပါတယ်။
ဒါပေမယ့် မေးရမယ့် အချက်က ဒီကနေ ဘယ်လို သဘောတူညီချက်တွေ ထွက်လာမလဲ ဆိုတာပါ။ တရုတ်ထက် ကျော်ပြီး အိန္ဒိယအပေါ် ပိုပြီး မျက်နှာသာပေးမယ့် သဘောတူညီချက်မျိုး ဖြစ်လာမလား။ အဲဒီလို ဆိုရင်တော့ ရှင်းပါတယ်။၊ တရုတ်က ဒါကို ပြဿနာ အဖြစ် ယူဆမှာပါ။ ပိုပြီး တော့ ဇက်ကြိုးကို တင်းတင်း ဆွဲတော့မှာပါ။ ဆိုတော့ ဒီလို ရှုပ်ထွေးတဲ့ ပထဝီဝင်နိုင်ငံရေးမှာ ပုံသေယူဆလို့မရတဲ့ ကိစ္စရပ်တွေက တကယ့်ကို အရေးပါပြီး စကားပြောလာမှာပါ။