အစ္စရေးလေကြောင်း တိုက်ခိုက်မှု ပါလက်စတိုင်း ၂၀ ထက်မနည်း သေဆုံး

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး ဂါဇာ မြောက်ပိုင်းဒေသ Kamal Adwan ဆေးရုံကို ရောက်လာတဲ့ ဒေသခံ ပါလက်စတိုင်းများ။

ဂါဇာမှာ စနေနေ့က အစ္စရေးရဲ့ လေ ကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဖို့ နောက်တကျော့ ကြိုးပမ်းမှုတွေ အောင်မြင်ဖို့ အလားအလာ မျှော်လင့်ချက် ရှိနေတယ်ဆိုပြီး ကြားဝင် စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံက ပြောဆိုနေချိန်မှာပဲ အခုလို လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။

ဂါဇာ စီးတီးနဲ့ ရာဖာမြို့တွေမှာ စနေနေ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အစ္စရေး စစ်တပ်ကတော့ ဘာမှမပြောသေးပါဘူး။ သေဆုံးသူ အယောက် ၂၀ ထဲမှာ ၈ ယောက်ထက်မနည်းက အရပ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။ ကျန်တဲ့သူတွေက လက်နက်ကိုင်အဖွဲ့တွေကလား ဆိုတာလည်း သေချာတော့ မသိရသေးသလို၊ သီးခြား အတည်မပြုနိုင်သေးကြောင်း ရိုက်တာသတင်းဌာနက ပြောပါတယ်။

SEE ALSO: ဂါဇာအပစ်ရပ် ဆွေးနွေးပွဲ အီဂျစ်မှာ ပြန်စမည်

ကာတာ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ရှိုက် မိုဟာမက် ဘင် အက်ဘ်ဒူလာ အယ်လ် သနီ − Sheikh Mohammed bin Abdulrahman Al Thani ကတော့ ဂါဇာက အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်မှာ မကြာခင် အသစ်တက်လာတော့မယ့် Donald Trump အစိုးရနဲ့ ဆွေးနွေးတာတွေ စလုပ်နေတဲ့အကြောင်း ပြောပါတယ်။

ရွေးကောက်ခံ သမ္မတ Trump အမေရိကန်သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်လွှဲပြောင်းယူတာတွေ မလုပ်ရ သေးခင်မှာကိုပဲ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ Trump ရဲ့ အထူးကိုယ်စားလှယ်ဟာ ကာတာနဲ့ အစ္စရေးနိုင်ငံတွေကို သွားရောက်ပြီး ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာတွေ လုပ်နေတဲ့အကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

အစ္စရေးလေကြောင်း တိုက်ခိုက်မှု ပါလက်စတိုင်း ၂၀ ထက်မနည်း သေဆုံး