ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့ ဓနုအမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF အကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတဦးသေဆုံး နေအိမ် အဆောက်အဦတွေ ပျက်ဆီးခဲ့တယ်လို့ DPLF ပြောရေးဆိုခွင့်ရှိသူက VOA ကို ပြောပါတယ်။ ရန်ကုန်ဘက်က သတင်းပေးပို့ ထားပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်ဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက်နဲ့ ရှမ်းတောင်ကို ဆက်သွယ်ရာမှာ အဓိကကျတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စုကျော်က ဗမာပြည်ကွန်မြူနစ်ပါတီ စိုးမိုးလှုပ်ရှားခဲ့တဲ့ ဒေသလို့ ပြောရမှာပါ။
အခုအခါမှာတော့ ဒီဒေသမှာ လက်နက်ကိုင်အဖွဲ့ အတော်များများ လှုပ်ရှားနေသလို ဒီရက်ပိုင်းတွေမှာတော့ စစ်ကောင်စီနဲ့ DPLF အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီဇင်ဘာလ ၁၉ရက်နေ့ ကြာသပတေးနေ့မှာလည်း နှစ်ဘက်တပ်တွေအကြား တိုက်ပွဲ ဆက်လက်ဖြစ်နေကြောင်း DPLF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က VOA ကို အခုလို ပြောပါတယ်။
“ ဒီနေ့ကတော့ ကျောက်ဂူ ဟဲခဲ.. ခဲဟီးရွာ အနီးမှာပေါ့လေ။ ဒီမနက် ၈ နာရီကနေ နေ့လည် ၁၁ ကျော်လောက် ထိပေါ့။ ”
Your browser doesn’t support HTML5
ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ရပ်စောက်မြို့နယ် ကျောက်ဂူရှိ အမှတ် ၃၄၉ အမြောက်တပ်အနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ထမင်းပေါင်းရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦး သေဆုံးခဲ့ကြောင်းလည်း ပြောပါတယ်။
“ မနေ့ကနေပြီးတော့ တိုက်ပွဲ ပြန်ဖြစ်တာရှိတယ်ဗျ။ တိုက်ပွဲ ဖြစ်တာကတော့ ကျောက်ဂူ အမြောက်တပ် အမှတ် ၃၄၉ အမြောက်တပ် အနီးပေါ့။ အနီးမှာဖြစ်တာပေါ့။ တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ဘဲနဲ့ ဒီ ကျောက်ဂူဒေသထဲက ထမင်းပေါင်းရွာမှာ လေကြောင်းတိုက်ခိုက်မှု ဗုံးကျတာပေါ့လေ။ ဒီမှာတော့ နေအိမ်အဆောက်အဦ ပျက်စီးတာ ရှိတယ်။ ပြီးတော့ အရပ်သားတယောက် သေဆုံးတာ ရှိတယ်ဗျ။ ”
ဒီလ ၁၈ ရက်နေ့မှာတော့ ရှမ်းတောင်နဲ့ ရှမ်းမြောက် ဆက်သွယ်ရေးမှာ အဓိကကျတဲ့ ကျောက်ဂူရွာ တံတားဟာလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ပျက်ဆီးသွားကြောင်း ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။
ဒီတံတား ပျက်စီးသွားတာကြောင့် ကျောက်ဂူဘက်မှာ ရပ်စောက်ဘက် အသွားကားတွေကိုသာ သွားခွင့်ပြုပြီး ရပ်စောက်က ကျောက်ဂူဘက်သွားမယ့် ကားတွေကိုတော့ ပိတ်ပင်ထားကြောင်းလည်း ဖော်ပြပါတယ်။
ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့ DPLF အကြား ဒီလ ၉ ရက်နေ့က စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။ ၁၀ ရက်နေ့မှာ တိုက်ပွဲတွေ ငြိမ်သက်ပြီး ၁၈ ရက်နေ့မှာ ပြန်လည် ပြင်းထန်လာတာလည်း ဖြစ်ပါတယ်။ လောလောဆည် ရပ်စောက်မြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA တပ်တွေအပြင် စစ်ကောင်စီတပ်တွေလည်း လှုပ်ရှားနေတာပါ။
SEE ALSO: ကလေးမြို့ ရှားတောရွာစစ်ရှောင်များ အကူအညီများလိုအပ်
ဒီလို လှုပ်ရှားနေတဲ့အဖွဲ့တွေက ဒေသခံနဲ့ ခရီးသွားတွေကို အခွန် အဆမတန် ကောက်ယူတာတွေလည်း ရှိနေကြောင်း ရပ်စောက်ဒေသခံတဦးက ပြောပါတယ်။
“ ရွာကလည်းဗျာ အခုက ရှမ်းရော၊ ပအိုဝ်းရော၊ ရှမ်း ၂ ဖွဲ့ရော၊ ရှမ်း ၂ ဖွဲ့ဆိုတာ RCSS နဲ့ SSPP နဲ့ အဲဒီကောင်တွေကလည်း မတည့်၊ ပအိုဝ်းကလည်း တဖွဲ့၊ စစ်တပ်ကလည်း ရှိသေးတယ်။ ရဲကလည်း ရှိသေးတယ်။ သူတို့အချင်းချင်းကို ရှုပ်နေပြီး၊ ရွာသားတွေနဲ့ ကလယ်ကလယ်ကို ဖြစ်နေတာ။ ဟိုဟာတောင်း၊ ဒီဟာတောင်းနဲ့ လမ်းမှာ ပိတ်ပြီးတော့လေ အဲလို။ ကားတွေလည်း တောင်း အဲလို တောင်းကြတာ မချောင်ဘူး။”
၁၀၂၇ ဒုတိယလှိုင်းမှာ TNLA တအန်းနဲ့ MNDAA ကိုးကန့်တပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုစတဲ့မြို့တွေကို ထိန်းချုပ်လိုက်တဲ့နောက်၊ မူဆယ်-လားရှိုး-မန္တလေး လမ်းမကြီးကို အသုံးမပြုနိုင်တော့ဘဲ ကုန်သွယ်ရေးနဲ့ စစ်ရှောင်တွေဟာ ရှမ်းတောင်နဲ့ ဆက်သွယ်ထားတဲ့လမ်းတွေကို အဓိက အားထားလာရတာပါ။
ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူ- အင်တောလမ်းကတော့ လက်ရှိ TNLA တအန်း-ပလောင်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ နောင်ချိုမြု့ိနယ် တောင်ခမ်းဒေသနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကို အဓိက ဆက်သွယ်ထားတဲ့ လမ်းလည်းဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်ဘက်ကို စစ်ကူပေးပို့ရာမှာ အဓိကကျတဲ့ လမ်းဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့လည်း ရှမ်းမြောက်ကနေ ရှမ်းတောင်ကို ထိုးဖောက်ပြီ မြန်မာပြည် အလယ်ပိုင်း အထူးသဖြင့် နေပြည်တော်ကို ဝင်ရောက်ဖို့အတွက် အရေးပါတဲ့ လမ်းဖြစ်နေတာပါ။ လက်ရှိ ရပ်စောက်မြို့နယ်တွင်း တိုက်ပွဲတွေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။