မြန်မာစစ်ရေးပဋိပက္ခ လက်နက်ကိုင်အဖွဲ့တွေကို တရုတ်စွက်ဖက်မှု “မေးမြန်းခန်း”

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ လုံခြုံရေးယူနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စစ်သားများ

စစ်ရေး အောင်မြင်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ် KIO/KIA ကို တာဝန်ရှိသူ အဖြစ် တရုတ်နိုင်ငံက ညှိနှိုင်း စကားပြော လာရသလို အာရက္ခတပ်တော် AA ကလည်း တရုတ်အတွက် အရေးပါတဲ့မြို့တွေဖြစ်တဲ့ စစ်တွေနဲ့ကျောက်ဖြူနဲ့ ပတ်သက်ပြီး ညှိနှိုင်းတာတွေ လုပ်လာရဖို့ ရှိတယ်လို့ ဝါရင့် မြန်မာ့အရေး ကျွမ်းကျင်သူ တဦးက ပြောလိုက်ပါတယ်။ စစ်ရေးအရ နယ်မြေတွေ သိမ်းပိုက်နိုင်ဖို့ အပြင် ရေရှည်ဆက်ထိန်းချုပ်ထားနိုင်ဖို့က ပိုအရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။ တိုင်းရင်းသား အဖွဲ့တွေရဲ့ စစ်ရေး အလားအလာနဲ့ ပတ်သက်ပြီး ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ (CSIS) ရဲ့ အရှေ့တောင်အာရှလေ့လာရေး အစီအစဥ်က သုတေသီ မိုက်ကယ်မာတင် (Michael Martin) ကို ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ အခုလတ်တလောမှာပဲ တရုတ်အရာရှိတွေနဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ (N’Ban La) တို့ တွေ့ဆုံမှုတွေ ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တဲ့ သတင်းတွေ ဖြစ်လာပါတယ်။ ဒါက အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးလို ကိစ္စရပ်မျိုးတွေမှာ KIO/KIA ကို State Actor တရားဝင် အစိုးရ အုပ်ချုပ်မှု ပုံစံမျိုး အဖြစ် အသိအမှတ်ပြုလာတဲ့ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှု အပြောင်းအလဲ အချက်ပြချက်လို့ ယူဆနိုင်ပါသလား။

မိုက်ကယ်မာတင် (သုတေသီ၊ CSIS)။ ။ အရွေ့အပြောင်း တခုလား ဒါမှမဟုတ် သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင် အတွက် ချိန်ညှိမှုတခုခု လုပ်တာလား ဆိုတာ အတိအကျပြောရခက်ပါတယ်။ တရုတ်က အဲဒီမှာ လုပ်ပိုင်ခွင့်တွေ ရချင်တယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနဲ့ သူတို့ နိုင်ငံသားတွေအတွက် လုံခြုံမှု လိုချင်တယ်။

တခြားတဘက်မှာလည်း တရုတ်နိုင်ငံက မြန်မာစစ်တပ်နဲ့က ခိုင်မာတဲ့ ဆက်ဆံရေး တခုကို ဆယ်စုနှစ်များစွာ ဖော်ဆောင်ထားသလို တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် လက်နက်နဲ့ တခြား အထောက်အပံ့တွေ ပေးနေပါတယ်။

အချိန်ကာလတခု ရှိလာချိန်မှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့မှာ အနိမ့်ဆုံး အဆင့် အပေါ့စား လက်နက်တွေ ထုတ်နိုင်တဲ့ ကိုယ်ပိုင်လက်နက် ထုတ်လုပ်ရေး စက်ရုံတွေ ရှိလာပါတယ်။ ဆိုတော့ သူတို့က အရင် နှစ် ၃၀ လောက်ကလို တရုတ်အပေါ် စစ်ရေးအရ မှီခိုအားထားရတာမျိုး သိပ်မရှိတော့ပါဘူး။ ဒါက သူတို့ အပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုကို အားလျော့စေပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျနော် KIO ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့အခါ သူတို့က “တရုတ်နဲ့ ဆက်ဆံရေး တရပ် ထားရှိဖို့က ကျနော်တို့ရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်လို့ တရုတ်နဲ့ ဆက်ဆံရေးကရှိရမယ်” လို့ ပြောကြပါတယ်။ သူတို့ အဆိုအရတော့ “တရုတ်က သူတို့ကို ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး ညွှန်ကြားနေတာမျိုးတော့ မဟုတ်ဘူး” လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိ အခြေအနေ အပေါ် ကျနော့်ရဲ့ ရှုမြင်ချက်ကတော့ KIA ကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရဖို့ တရုတ်က ဖိအားပေးနေတာမှာ KIA ကို သူတို့ရဲ့ ထိုးစစ်တွေ ရပ်တန့်ဖို့ ဒါမှမဟုတ် သူတို့ ထိန်းချုပ်ထားပြီး ဒေသတချို့ကနေ ဆုတ်ခွာဖို့တွေ ပြောနိုင်ပါတယ်။ ဒါပေမယ့် KIA က လည်း “ဒါကို မလုပ်နိုင်ဘူး” လို့ ယဉ်ယဉ်ကျေးကျေး ပြန်ပြောပါမယ်။

တခါ တရုတ်က ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ကုန်သွယ်ရေးကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့ပါတယ်။ KIA ကလည်း တရုတ်နိုင်ငံအတွက် ပိုပြီး အရေးပါတဲ့ နယ်မြေတွေကို သိမ်းပိုက်ပြလိုက်ပါတယ်။

အဲဒီအခါမှာတော့ တရုတ်နိုင်ငံဘက်က “ညှိကြရအောင်” ဆိုတဲ့ သဘော ဖြစ်လာတာပါ။ “ နယ်စပ် ပြန်ဖွင့်နိုင်ဖို့နဲ့ တရုတ်က သူဆန္ဒရှိတဲ့အတိုင်း ဆက်ပြီး ဝင်ရောက်ခွင့်ရအောင် KIO ကို အဲဒီဒေသတွေမှာ တရားဝင် တာဝန်ရှိသူ အဖြစ် အတူ လက်တွဲ လုပ်ကိုင်နိုင်ဖို့ “စကားပြောကြစို့” ဆိုပြီး ဖြစ်လာပါတယ်။ ကျနော့်အမြင်အရအတော့ ဒါက [တရုတ်နိုင်ငံအတွက်] သိပ်ကို လက်တွေ့ကျတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့၊ နိုင်ငံတကာ သံခင်းတမန်ခင်းတွေမှာဆိုရင် ပြောကြတာက အခြေခံ စည်းမျဉ်းမှာကိုက အစိုးရချင်း ဆက်ဆံရေးကို ပိုလိုလားကြတယ်လို့ ပြောကြပါတယ်။ မစ္စတာ မာတင် ထောက်ပြသလိုပဲ ဗဟိုအစိုးရကလည်း အားနည်းနေတယ်၊ အထူးသဖြင့် နယ်စပ်ဒေသမှာ နယ်မြေတွေ လက်လွတ်ဆုံးရှုံးနေရတယ်။ ဒီတော့ ကချင် KIO/KIA ရဲ့ အခြေအနေကို ကြည့်ရင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ပဋိပက္ခမှာ အလားအလာရှိတဲ့ အောင်နိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားတဲ့ ဗျူဟာကို ထင်ဟပ်နေပါသလား။ ဆိုလိုတာက အာဖဂန်နစ္စတန်မှာလိုမျိုး တာလီဘန်တွေကို စပြီး အသိအမှတ်ပြုသလိုမျိုး တရုတ်က KIA ကို အဲဒီဒေသမှာ အလားအလာရှိတဲ့ အောင်နိုင်သူအဖြစ် ရှုမြင်လာတဲ့ သဘောလား။

မိုက်ကယ်မာတင် (သုတေသီ၊ CSIS)။ ။ အာဖဂန်နစ္စတန်အခြေအနေတော့ ကျနော် အများကြီး မသိပေမယ့် ကျနော် ပြောနိုင်တာတခုကတော့ တရုတ်က သူ့အတွက် အဆုံးအရှုံးမကြီးအောင် ဘက်ပေါင်းစုံက ဆောင်ရွက်နေတယ် ဆိုတာပါ။ သူ့အကျိုးစီးပွားအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကိုလည်း ဆက်ပြီး အတိုင်းအတာတခုအထိ လက်တွဲ လုပ်ဆောင်မှာပါပဲ။ ကျောထောက်နောက်ခံ အရင်းအမြစ်တွေ ပေးပါတယ်။ တပြိုင်တည်းမှာ KIA က သတ္တုတူးဖော်ရေး လုပ်ငန်းတွေနဲ့ နယ်စပ်ဒေသ အသီးသီးကို ထိန်းချုပ်ထားတယ်ဆိုတာကို တရုတ်က အသိအမှတ်ပြုပါတယ်။ လက်တွေ့ လိုအပ်ချက် အရ တရုတ်က သူတို့နဲ့လည်း ဆက်ဆံရမှာပါ။

ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ (CSIS) ရဲ့ အရှေ့တောင်အာရှလေ့လာရေး အစီအစဥ်က သုတေသီ မိုက်ကယ်မာတင်

တကယ်လို့ KIO/KIA ကသာ တရုတ် လိုချင်တာ ဆက်လုပ်ခွင့်ပေးတဲ့ အစီအစဉ်မျိုး ကမ်းလှမ်းရင် တရုတ်အာဏာပိုင်တွေက “အိုကေ” လို့ ပြောမှာပါ။ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်၊ နယ်မြေတွေ ဒီလိုပဲ ဟိုဘက်က သိမ်းလိုက်၊ ဒီဘက်က သိမ်းလိုက် ဖြစ်နေမယ်၊ အဲဒီလို အခြေအနေမျိုးမှာ ရှေ့မှာ ဆိုရင် မေးရမယ့် မေးခွန်းက ဘက် တဘက် ဘက်က အနိုင်ရမလား၊ မရဘူးလား ဆိုတာပါ။ ကျနော့်အထင် ဖြစ်နိုင်ခြေအများဆုံးကတော့ တဘက်တည်းက အောင်ပွဲခံတာမျိုး မဟုတ်ဘဲ အောက်ပွဲရ အဖွဲ့အသီးသီး ဖြစ်လာမှာပါ။ အဲဒီအခါမှာ အဲဒီ အုပ်စု တခုစီက ဒါက ဘယ်လို အဓိပ္ပာယ်ဆောင်သလဲ ဆိုတာကို ဆုံးဖြတ်ရပါမယ်။

ဒီနေရာမှာ ကချင်ကို ဥပမာ အဖြစ် ကြည့်ရအောင်ပါ။ ကချင်နဲ့ ပတ်သက်ပြီးတော့ ကျနော်နားလည်တာက KIA နဲ့ KIO တို့ဟာ သမိုင်းကြောင်းအရ ကချင်ပိုင် နယ်မြေလို့ သတ်မှတ် ခေါ်ဝေါ်တဲ့ ဒေသတွေကို ထိန်းချုပ်ချင်ကြပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ တချို့က စစ်ကိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းက အစိတ်အပိုင်းတချို့ကိုလည်း ကချင် နယ်မြေအဖြစ် စဥ်းစားထားတာပါ။

ဆိုတော့ Kachin Land ကချင်ပြည် လို့ ဆိုကြပါစို့ အဲဒီလို ခေါ်မယ်ဆိုရင် ကချင်ပြည်ရဲ့ တစိတ်တပိုင်းလို့ ယူဆထားတဲ့ အဲဒီနယ်မြေတွေကို သိမ်းဖို့ သူတို့ စစ်ရေးအရ ဆက်ကြိုးစားမှာလား။ ကချင်ပြည် အဖြစ် သူတို့ သတ်မှတ်ထားတဲ့ နယ်မြေတွေကို အောင်မြင်ပြီးရင်ကော သူတို့ဘာဆက်လုပ်ကြမလဲ။ ရပ်သွားမလား၊ “အိုကေ၊ ငါတို့ လိုချင်တာတွေ ရပြီ။ ကချင်မှာ ဆယ်စုနှစ်နဲ့ချီပြီး ရှိနေပြီး ဖြစ်တဲ့ အစိုးရ ယန္တရားတွေကို အခု ဆက်ပြီး တိုးချဲ့ဆောင်ရွက်မယ်” ဆိုတာမျိုး ပြောနိုင်ပါတယ်။ သဘောကတော့ တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုတော့ “ ခင်ဗျားတို့ လွတ်မြောက်ရေးအတွက် ဆုမွန်ကောင်းတောင်းပါတယ်” ပေါ့။ “လွတ်မြောက်ရေးတိုက်ပွဲ ကံကောင်းပါစေ” ဆိုတာမျိုးပေါ့။ “ငါတို့တော့ အောင်မြင်ပြီ၊ ပြီးပြီ” ဒါမျိုး ပြောနိုင်ပါတယ်။

ဒါမှမဟုတ် “ကောင်းပြီ၊ ငါတို့ နိုင်ပြီ။ ငါတို့နယ်မြေထဲမှာ အင်အားခိုင်မာအောင် လုပ်မယ်။ ဒါပေမယ့် တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ အထူးသဖြင့် MNDAA ကိုးကန့်၊ TNLA တအာင်း၊ AA အာရက္ခတပ်တော်၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့လို သူတို့နဲ့ နွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ အဖွဲ့တွေကို “ခင်ဗျားတို့ လွတ်မြောက်ဖို့ ခင်ဗျားတို့ရဲ့ တိုက်ပွဲမှာ ဆက်ပြီးကူညီမယ်” ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အဓိက အာရုံစိုက်မှာကတော့ ကချင်မှာပဲ ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။

အဲဒီမေးခွန်းတွေဟာ အခုအချိန်မှာ အားလုံးစဉ်းစားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ နယ်မြေအလိုက် လွှမ်းမိုးထားတဲ့ တိုင်းရင်းသားလက်ရုံးအဖွဲ့အစည်းက သူတို့နယ်မြေလို့ မှတ်ယူထားတဲ့ ဒေသတွေကို ထိန်းချုပ်ပြီးသွားရင် ဘာဖြစ်မလဲ ဆိုတာပါ။ သူတို့ဘာဆက်လုပ်ကြမလဲ ဆိုတာပါ။

Your browser doesn’t support HTML5

ကချင်စစ်နဲ့ တရုတ်ညှိုနှိုင်းမှု KPICT အတွင်းရေးမှူးနဲ့ မေးမြန်းခန်း

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့၊ အလားတူ အခြေအနေမျိုး ရှိတဲ့ ရခိုင် ဘက်ကို ကျနော် ဆက်မေးချင်ပါတယ်။ အာရက္ခတပ်တပ်တော် (AA) က အခုဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ပို နီးကပ်တဲ့ အမ်းနဲ့ တောင်ကုတ်မြို့နယ်တွေ အထိ ရခိုင်တောင်ပိုင်းကို ဖြန့်ကျက် ရောက်ရှိနေပါပြီ။ အဲဒီ လမ်းကြောင်းကနေ ဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်းကို ဝင်နိုင်လို့ မဟာဗျူဟာအရ အလွန်အရေးပါ ပါတယ်။ ဆိုတော့ မေးခွန်းက AA ရဲ့ စစ်ရေးလှုပ်ရှားမှုဟာ အထူးသဖြင့် ဖြစ်လာနိုင်ခြေရှိတဲ့ တရုတ်ဖိအားအောက်မှာ ဘယ်လောက်ကြာကြာ ဆက်ရပ်တည်နိုင်မလဲ ဆိုတာပါ။

မိုက်ကယ်မာတင် (သုတေသီ၊ CSIS)။ ။ ရခိုင်ကိစ္စက “ထူးခြား အတက်ကြွဆုံး” လို့ ပြောရမှာပါ။ အခြေခံကျကျ ပြောရရင် AA က ရခိုင်က မြို့နယ်အားလုံးကို သိမ်းပိုက်ဖို့ ဦးတည်နေပုံရပါတယ်။ ခြွင်းချက်ကတော့ စစ်တွေ နဲ့ ကျောက်ဖြူ မြို့နယ်တွေပါ။ အဲဒီမှာ စစ်တပ်က တော်တော်လေး အားကောင်းပါတယ်။ စစ်ကောင်စီ တပ်တွေက အဲဒီမှာ အတော် အားကောင်းကောင်းနဲ့ အထိုင်ချထားပါတယ်။ သူတို့ကို ဝေဟင်ကနေ ထောက်ပံ့ပေးနိုင်နေဆဲပါ။ တကယ်တော့ ပင်လယ်လမ်းကြောင်းကနေ ထောက်ပို့ လုပ်နိုင်ရမှာပါ၊ ဒါပေမယ့် ဒီလို လုပ်နိုင်ပုံတော့ မရပါဘူး။ မျှော်လင့်ထားကြတာကတော့ အဲဒီ ဒေသ နှစ်ခုကို AA က သိမ်းပိုက်နိုင်ဖို့ပါ။ ဒါပေမယ့် ဒါက အချိန်ကြာပြီး ခက်ခဲမယ့် တိုက်ပွဲကြီး ဖြစ်လာမှာပါ။

တချို့ထင်ကြေးပေးချက်တွေလည်း ရှိပါတယ်။ AA က [စစ်ကောင်စီကို] အဲဒီမှာ ပေးနေထားပြီး ချင်းပြည်နယ်ရဲ့ တစိတ်တပိုင်းဖြစ်ခဲ့တဲ့ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်နယ်မြေလို့ သူတို့ သတ်မှတ် ယူဆထားတဲ့ ကျန်နယ်မြေတွေကို စုစည်းထိန်းချုပ်သွားဖို့ လုပ်လာနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ပြောခဲ့တဲ့ ကချင် ဖြစ်စဥ်မှာလိုပဲ အာရက္ခတပ်တော် AA က မကွေးတိုင်းထဲက အစိတ်အပိုင်းတချို့ကို ရက္ခိုင့်နယ်မြေအဖြစ် ယူဆနိုင်ပါသလား။ သူတို့ ဒါကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားမှာလား။ သမိုင်းထဲက ရခိုင်ပိုင်နက်အဖြစ် မှတ်ယူမလား။ ဒါမှမဟုတ် ဗမာ နယ်မြေ အဖြစ် ယူဆမလား။ ဒီလို ယူဆမယ်ဆိုရင် အဲဒီ အတိုင်း ချန်ထားမလား။ နယ်စပ်မှာပဲ ရပ်လိုက်မလား။

ပြီးတော့ ရခိုင်ပြည်ကို စုစည်းနိုင်အောင်လုပ်ပြီးရင်လည်း မေးစရာ ဖြစ်လာတာက ဒါကို ဘယ်လို သဘောဆောင်လဲဆိုတာပါ။

ဆိုလိုတာက ကျနော် ကြိုတင် စိတ်ကူးကြည့်တာကတော့ သူတို့ကြေညာချက် ထုတ်ပါမယ်။ ပိုပြီး လွတ်လပ်မှုနဲ့ သီးခြားရပ်တည်ခွင့်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရခိုင်ပြည် အဖြစ် ကြေညာပါမယ်။ ဒါပေမယ့် ဒါက အနာဂတ်မှာ မြန်မာနိုင်ငံ ဒါမှမဟုတ် ဗမာနိုင်ငံရဲ့ တစိတ်တပိုင်းဖြစ်သလားဆိုတဲ့ အကြောင်းကိုတော့ ရေရေရာရာ မပြောထားတဲ့ ကြေငြာချက်မျိုး ထုတ်လာနိုင်ပါတယ်။ သူတို့က ရှေ့မှာ ဖြစ်လာနိုင်တဲ့ အခြေအနေအပေါ် မူတည်ပြီ “စောင့်ကြည့်မယ့် ချဉ်းကပ်မှု” မျိုး လုပ်ကောင်း လုပ်နိုင်ပါတယ်။

တရုတ်ရဲ့ လွှမ်းမိုးကို ပြောရင်လည်း သူတို့က တရုတ်နိုင်ငံနဲ့ အလှမ်းဝေးတဲ့ အနေအထားလို့ ပြောကြပါတယ်။ အာရက္ခတပ်တော် အပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးနိုင်မှုက အတော်လေး အားနည်းပါတယ်။ ရိက္ခာ၊ ပစ္စည်း၊ အရင်းအမြစ်တွေရရှိရေးမှာ သူတို့ဘာသာ ရပ်တည်နိုင်တဲ့ အနေအထား ဖြစ်လာပါတယ်။

အဲဒီ အတိုင်းသား မှန်ရင်တော့ စစ်တွေနဲ့ ကျောက်ဖြူ လို ကိစ္စရပ်တွေကို အတိအကျ တရုတ်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဒီနေရာတွေကို သိမ်းခွင့်ပေးမယ် ဆိုရင် “ခင်ဗျားတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ငန်းတွေကို ကာကွယ်ပေးမယ်၊ ခင်ဗျားတို့ လိုလားတဲ့ အတိုင်း ဆိပ်ကမ်းနဲ့ စက်မှုဇုန်တွေကို ကာကွယ်ပေးမယ့် လုံခြုံရေးဝန်ထမ်းတွေ ထားရှိခွင့်ကို ပေးမယ်” ဆိုတာမျိုးတွေ အထိ ညှိနှိုင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။

အခုလောလောဆယ် ဒါမျိုးကိစ္စတွေကို ဖွင့် မဆွေးနွေးသေးဘူး ဆိုရင်တောင်မှ အနာဂတ်မှာတော့ AA အနေနဲ့ တရုတ်နိုင်ငံအတွက် အရမ်းအရေးကြီးတဲ့ အဲဒီနေရာနှစ်ခုနဲ့ ပတ်သက်ပြီး အလေးအနက်ထားပြီး ညှိနှိုင်းမှုတွေ လုပ်ရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

Your browser doesn’t support HTML5

အငြင်းပွားဖွယ် တရုတ်-မြန်မာပူးတွဲလုံခြုံရေးအဆိုပြုချက်

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဆိုတော့ သူတို့ မြော်မြင်ချက်မှာ နယ်မြေထိန်းချုပ်နိုင်ရေးကို အဓိက ထားပြီး နေပြည်တော်က အုပ်ချုပ်ရေးယန္တရားကိုကျ ထည့် မစဉ်းစားကြတော့ဘူးလား။ နေပြည်တော် အုပ်ချုပ်ရေး ရှိနေသရွေ့ သူတို့ နယ်မြေ ထိန်းချုပ်မှု ဟာ နေပြည်တော် ရဲ့ ဖိအား အောက်မှာ ရှိနေ ပြီး သူတို့ ဖြစ်ချင်သလို ဖြစ်မလာ နိုင်ဘူး လို့ တချို့က ထောက်ပြကြပါတယ်။ လွတ်လပ်တဲ့ ပြည် အဖြစ် ရပ်တည်နိုင်ဖို့ကို ပါ။ ဒါကြောင့် ဗမာ အများစုဘက်ကလည်း အာရက္ခတပ်တော် AA ကို ခုခံတော်လှန်ရေး လှုပ်ရှားမှုမှာ ဆက် ပါဝင်ဖို့ မျှော်လင့်ကြတယ်လို့ ပြောကြပါတယ္။ ကျွမ်းကျင်သူ ပညာရှင်အနေနဲ့ အကဲ ဖြတ်မယ် ဆိုရင် ဒါက AA အတွက် အဓိပ္ပာယ်ရှိလား။

မိုက်ကယ်မာတင် (သုတေသီ၊ CSIS)။ ။ အာရက္ခတပ်တော် ခုခံတော်လှန်ရေး အင်အားစု အစိတ်အပိုင်း အဖြစ် ပါဝင်ဖို့က ဘယ်လို ကမ်းလှမ်းမှုတွေ ရှိလဲ ဆိုတာအပေါ် မူတည်ပါတယ်။

လွန်ခဲ့တဲ့ လပိုင်း အခြေအနေ၊ ၂၀၂၄ ခုနှစ်အစောပိုင်းကို ကြည့်ပါ။ TNLA ၊ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နေပြည်တော်ဘက်ကို ဦးတည်ပြီး လှုပ်ရှားခဲ့တာကို ထင်ထင်ရှားရှား ရှိခဲ့ပါတယ်။ ကချင် KIA ဘက်ကလည်း အလားတူ လှုပ်ရှားတဲ့ အရိပ်အယောင်တချို့ရှိခဲ့ပါတယ်။

ကျနော် မတူညီတဲ့ ချင်း အဖွဲ့နှစ်ဖွဲ့လည်းနဲ့ စကားပြော ဖြစ်ခဲ့ပါတယ်။ သူတို့ကလည်း သူတို့ဘက်ခြမ်း ဝင်နိုင်မယ့် သဘောမျိုး ပြောပါတယ်။ ဒါဆို နေပြည်တော်ကို ဘေးပတ်လည် ဝိုင်း ပြီး ဖိအားပေးနိုင်ဖို့ AA အာရက္ခတပ်တော် ကရော ပါဝင်မလားဆိုတဲ့ မေးခွန်းက ရှိလာပါတယ်။

အဲဒီအချိန်မှာပဲ တရုတ်နိုင်ငံက ကြားဝင် စွက်ဖက်ပြီး TNLA နဲ့ MNDAA ကို နောက်ပြန်ဆုတ်ဖို့ တားပါတယ်။ အလားတူပဲ မန္တလေးကို လမ်းကြောင်းအမျိုးမျိုးကနေ ဝင်ပြီး ဖိအားပေးနိုင်မယ့် အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာလည်း တရုတ်နိုင်ငံက ပါလာပါတယ်။ တရုတ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နေပြည်တော်ကို ဆက်ပြီး ဖိအားမပေးဖို့နဲ့ မန္တလေးကို မသိမ်းဖို့ နားချနိုင်ခဲ့ပုံရပါတယ်။ ဆက်ပြီး တွန်းမယ် ဆိုရင် ပိုပြီး ထိန်းချုပ်ရခက်တဲ့ ပဋိပက္ခတွေ ဖြစ်ကောင်းဖြစ်သွားနိုင်လို့ပါ။ ထိန်းချုပ်နိုင်ပြီဆိုရင်တောင် မေးရမယ့် မေးခွန်းက ဆက်ပြီး ထိန်းချုပ်ထားနိုင်မလား ဆိုတာပါ။

မြဝတီ မြို့သိမ်း ဖြစ်စဥ်ကို ကြည့်ပါ။ သူတို့ သိမ်းနိုင်ပေမယ့် မထိန်းနိုင်ပါဘူး။ အဲဒီအကြောင်း လူတွေနဲ့ ကျနော် စကားပြောဖြစ်ပါတယ်။ ဒါက စစ်ရေးအရ မှားယွင်းတဲ့ လုပ်ရပ်ပါ။ ဆက်ထိန်းထားနိုင်မယ်ဆိုတာ လုံးဝ မသေချာဘဲနဲ့ နယ်မြေတွေကို သိမ်းယူတာမျိုး မလုပ်ဖို့ပါ။

မန္တလေး ဆိုရင်တော့ စစ်ရေးအရ သိမ်းပိုက်နိုင်ဖို့ ခက်ခဲတဲ့ ရည်မှန်းချက်တခု ဖြစ်သလို သိမ်းပိုင်ပြီးရင်တောင်မှ စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ် လုပ်လာမှာမို့ ဆက်ထိန်းချုပ်ထားနိုင်ဖို့က ခက်ခဲမှာပါ။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့ နယ်မြေတွေ ဆက်ထိန်းသိမ်းနိုင်တဲ့ အကြောင်း ပြောတော့ လားရှိုး ကိစ္စလည်း မေးချင်ပါတယ်။ အခု MNDAA နဲ့ စစ်ကောင်စီကြား ဆွေးနွေးညှိနှိုင်းမှုတွေမှာ အပေးအယူ လုပ်ဖို့ စကားပြောကြတာမှာ အဓိက လားရှိုးလည်း ပါပါတယ်။ MNDAA ရဲ့ မီဒီယာနဲ့ ထုတ်ပြန်ချက်တွေကိုကြည့်ရင် သူတို့ လားရှိုးမှာ အုပ်ချုပ်ရေး ထူထောင်ဖို့ လုပ်နေတယ်။ အခြေခံ ဝန်ဆောင်မှုတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးဆောင်ဖို့ ကြိုးစားနေကြတယ်။ တဘက်မှာလည်း လားရှိုးက MNDAA လက်အောက်မှာ ရှိနေသရွေ့တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကလည်း သူအတွက် သမိုင်းကြောင်း မကောင်းနိုင်လို့ MNDAA နဲ့ အပေးအယူလုပ်ဖို့က မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားလာပါတယ်။ ဆိုတော့ ကျွမ်းကျင်သူ အမြင်နဲ့ ဆိုရင် တရုတ်ရဲ့ ဖျန်ဖြေမှုပဲ ဆိုဆို ဖိအားပဲ ပြောပြော အဲဒီလို အခြေအနေမှာ MNDDA အနေနဲ့ လားရှိုးကို ဘယ်လိုမျိုး ရေရှည်ထိန်းချုပ် ထားနိုင်မလဲ။

မိုက်ကယ်မာတင် (သုတေသီ၊ CSIS)။ ။ ဟုတ်ပါတယ်၊ သူတို့ ဒါကို လုပ်နေပါတယ်။ တရုတ်ဘက်ကလည်း ငါတို့ ဖြစ်စေချင်တာကတော့ လားရှိုးကနေ မင်းတို့ ဆုတ်ပေးဖို့ပါပဲ။ ဒါပေမယ့် ဒါက “မဖြစ်နိုင်ဘူး”တုံ့ပြန်ချက်ပဲ ပြန်ရပါတယ်။ MNDAA ဘက်ကလည်း သဘော ပြောရရင် “ငါတို့က ဒီကို ရောက်နေပြီ။ ငါတို့ သိမ်းထားပြီးသား။ ငါတို့ ဆက်ပြီး ထိန်းချုပ်နိုင်ဖို့ လုပ်နေတယ်” လို့ တုံ့ပြန်မှာပါပဲ။

ကျနော့်မှာ အဖြေမရှိပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတခုက လားရှိုးမှာကလည်း ‘ဝ’ တပ်ဖွဲ့တွေလည်း ရှိနေတာပါ။ UWSA ‘ဝ’ တပ်ဖွဲ့က TNLA နဲ့ MNDAA တို့နဲ့က သမိုင်းကြောင်းအရ လက်တွဲလုပ်ဆောင်ခဲ့ကြတာကြောင့် ဘယ်လောက် အတိုင်းအတာနဲ့ အဲဒီမှာ ထိန်းချုပ်နိုင်ဖို့ အကူအညီ ပေးနေလဲ ဆိုတာပါ။

TNLA နဲ့ MNDAA တို့ဘက်က တရုတ်ကို ကမ်းလှမ်းနေပုံရတာကတော့ “ကျနော်တို့ ဒီမှာ ရပ်ထားမယ်။ နေပြည်တော် ဒါမှမဟုတ် မန္တလေးကို ဆက်တွန်းမှာ မဟုတ်ဘူး။ နယ်မြေတွေလည်း ထပ်သိမ်းဖို့ မကြိုးစားဘူး။ လားရှိုး အပါအဝင် အခု သိမ်းထားတဲ့ နယ်မြေတွေ တိုက်ခိုက်ခံရရင်တော့ ကိုယ့်ကိုယ်ကို ကာကွယ်သွားမယ်” ဆိုပြီး ညှိနှိုင်းတာမျိုး လုပ်နိုင်ပါတယ်။

SEE ALSO: "AA နဲ့ KIA အပေါ် တရုတ်ဖိအား အကန့်အသတ်ရှိ" သုတေသီတွေယူဆ

လွန်ခဲ့တဲ့ နှစ်အတော်ကြာ အာဏာမသိမ်းခင် က ကျနော် TNLA နဲ့ MNDAA ကိုယ်စားလှယ်တွေနဲ့ အာဏာမသိမ်းခင်က ကျနော် တွေ့ဆုံ စကားပြောဖူးပါတယ်။ သူတို့က ရှင်းရှင်းပဲ ပြောပါတယ်။ “ကျနော်တို့ တရုတ်နိုင်ငံကို အားကိုးရတယ်” လို့ သူတို့ ပြောပါတယ်။ “တရုတ်နိုင်ငံက စစ်ရေးထောက်ပံ့မှု၊ စစ်ရေးလေ့ကျင့်မှု၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ တခြား အကူအညီတွေ ပံ့ပိုးပေးနေတဲ့ နိုင်ငံဖြစ်လို့ တရုတ်ကို လျစ်လျူရှုလို့ မရဘူး။ ဒါပေမယ့် ငါတို့က တရုတ်ရဲ့ လက်အောက်ခံမဟုတ်ဘူး။ ငါတို့ လုပ်စရာရှိတာ လုပ်မယ်။ တရုတ်နဲ့ အတတ်နိုင်ဆုံးအနေအထားမှာ အကောင်းဆုံး ဆက်ဆံတယ်” ဆိုပြီး ပြောကြပါတယ်။

ပြီးတော့ တရုတ်ဘက်က ပြန်ကြည့်ရင်လည်း သူတို့ရဲ့ လွှမ်းမိုး စွမ်းဆောင်နိုင်မှု အကန့်အသတ်ကို စတင်သဘောပေါက်လာမယ်လို့ ကျနော်ထင်ပါတယ်။ ခုခံရေးလှုပ်ရှားမှုက ပိုပိုပြီး တိုးလာလေ၊ တရုတ်ရဲ့ လွှမ်းမိုးနိုင်မှုက အချိန်ကြာလာတာနဲ့အမျှ လျော့ပါးလာလေပါပဲ။

စောစောက ပြောခဲ့သလိုပဲ KIA က အခုဆိုရင် ကိုယ်ပိုင်လက်နက်တွေ ထုတ်နိုင်ပြီ။ ဒါက တရုတ်ရဲ့ လွှမ်းမိုးမှုကို လျော့စေပါတယ်။ KIA သူတို့နဲ့ အရင်ကတည်းက ဆက်ဆံလာခဲ့တဲ့ TNLA နဲ့ MNDAA တို့ကို ထောက်ပံ့ပေးိုင်ပါတယ်။ အဲဒီလိုသာ လုပ်ဖို့ ဆုံးဖြတ်ခဲ့ရင်ပေါ့။ ဒါ့အပြင် ကိုယ်ပိုင်လက်နက်တွေ အများကြီးထုတ်နေတဲ့ UWSA ‘ဝ’ တပ်ဖွဲ့လည်း ရှိနေပါတယ်။

ဆိုတော့ တရုတ်ကတော့ အရင်တုန်းကလောက် သူတို့ စည်းရုံးသိမ်းသွင်း နားချလို့ မရတော့ဘူး ဆိုတာ သိလာမှာပါ။ ပြောရရင် ဒါက ဘယ်လောက် စည်းရုံးနိုင်မလဲဆိုတဲ ကိစ္စပါ။ တချို့ကျတော့လည်း တရုတ်က ဘာလုပ်ရမယ်ဆိုတာကို အတင်းအကျပ် ပြောလေ့ရှိတယ်ဆိုပြီး ကျနော် အထင် လွဲမှားတဲ့ ယူဆချက်တွေ ရှိနေပါတယ်။ တချို့ တရုတ်အရာရှိတွေက အဲဒီလို အထက်စီးကနေ ဆက်ဆံတာမျိုး ရှိနိုင်ပါတယ်။

ဒါပေမယ့် ကျ‌နော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ စကားပြောတဲ့ အတိုင်း သူတို့က ပြုံးပြီး [ကျနော့်ကို] ကို ပြန်ပြောလေ့ရှိပါတယ်။ “ဟုတ်တယ်၊ တရုတ်တွေက ဒီလိုပဲ” လို့ ပြောကြပါတယ်။ "ဒါပေမယ့် ကျနော်တို့က တရုတ်နိုင်ငံရဲ့ အဲဒီလို သံတမန်ရေး ဆက်ဆံမျိုးကို ဘယ်လို တုံ့ပြန် ကိုင်တွဲ မလဲ ဆိုတာကို သိပြီးသားပါ” ဆိုပြီး ကျနော့်ကို ပြန် ဖြေလေ့ရှိပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်ရေးပဋိပက္ခ လက်နက်ကိုင်အဖွဲ့တွေကို တရုတ်စွက်ဖက်မှု “မေးမြန်းခန်း”