အမေဇုံသစ်တောအတွက် အဆိုးဝါးဆုံးနှစ် ၂၀၂၄ 

ဘရာဇီးပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (IBAMA) က အမေဇုံသစ်တော အတွင်း တရားမဝင် ရွှေတွင်းတွေကို စစ်ဆေး နှိမ်နင်းနေတဲ့ မှတ်တမ်းဓာတ်ပုံ။ နို၀င်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ - REUTERS/Adriano Machado

ဒီနှစ် ၂၀၂၄ ခုနှစ်ဟာ အမေဇုံအမြဲစိမ်း သစ်တောကြီးအတွက် သဘာဝ ဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကို တွန်းလှန်ရာမှာအရေးပါတဲ့ အပင်နဲ့ သတ္တဝါမျိုးစိတ် အများအပြားကိုလည်း ထိခိုက် ပျက်ဆီးစေခဲ့တာပါ။

၂၀၂၄ မှာ ပြင်းထန်လှတဲ့ တောမီးလောင်ကျွမ်းမှုတွေ သာမက မိုးခေါင်ရေရှားမှုကိုပါ ဆိုးဆိုးဝါးဝါး ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မိုးခေါင်ရေရှားတဲ့ ဒဏ်ကို ခံရသလို၊ နောက်ဆက်တွဲ တောမီးလောင်ကျွမ်းမှုကလည်း ၂၀၀၅ ခုနှစ် နောက်ပိုင်းကစလို့ ဒီနှစ်ဟာ အဆိုးရွားဆုံး နှစ် ဖြစ်ခဲ့ပါတယ်။ တောမီးကြောင့် သစ်တောပြုန်းတီးမှုကိုလည်း ကြုံရသလို၊ တချို့ သစ်တောပြုန်းတီးမှုတွေကတော့ လူတွေက ကျွဲနွား မွေးမြူရေးခြံတွေ ဆောက်ဖို့အတွက် တမင် ရည်ရွယ်ချက်နဲ့ ရှင်းလင်း မီးရှို့ခဲ့တယ်လို့ ယူဆရပါတယ်။

အမေဇုံသစ်တောကြီးဟာ အကျယ်အဝန်း အားဖြင့် အိန္ဒိယနိုင်ငံရဲ့ နှစ်ဆ ရှိပြီး ဘရာဇီးလ်နဲ့ အိမ်နီးချင်း နိုင်ငံပေါင်း ၈ နိုင်ငံနဲ့ နယ်မြေတခု တို့မှာ ဖြန့်ကြက်တည်ရှိတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အမြောက်အမြောက်ကို ထိန်းချုပ်ထားရာ တောအုပ်ကြီးလည်း ဖြစ်ပါတယ်။ ဒီအမေဇုံ တောကြီးထဲမှာ ကမ္ဘာ့ရေချို ပမာဏရဲ့ ၂၀ % လောက်နဲ့ လူသိများတဲ့ သစ်ပင်မျိုးစိတ်ပေါင်း ၁ သောင်း ၆ ထောင် အပါအဝင် အံ့မခမ်း ဇီဝ မျိုးစိတ်ပေါင်းများစွာ ရှိပါတယ်။

Your browser doesn’t support HTML5

၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆိုးရွားလှတဲ့ သဘာဝဘေးအန္တရာယ်များ (ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ)

ဒါပေမဲ့ အစိုးရတွေကတော့ ဒီတောအုပ်ကြီးကို ထိန်းသိမ်းဖို့ပဲဖြစ်ဖြစ်၊ ဌာနတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ပဲ ဖြစ်ဖြစ် စိတ်မဝင်စားကြဘဲ၊ သူတို့ ခေါင်းပုံဖြတ် အမြတ်ထုတ်လို့ရမယ့် နေရာတခုအဖြစ်သာ အစဉ်အဆက် မြင်ခဲ့ကြပါတယ်။ ဒီလိုအမြတ်ထုတ်ရာမှာတော့ လူတဦးချင်းအရရော၊ အုပ်စုဖွဲ့ အစီအစဉ်ချ ကျူးလွန်တာတွေပါ ရှိနေပြီး စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဆိုးရွားလာနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။