MyTel ကို ကန် ဒဏ်ခတ် အရေးယူ

Mytel လုပ်ငန်းစုအခမ်းအနားမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ယခင်ပုံဟောင်း)

မြန်မာနိုင်ငံက တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီလီမိတက် မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလ ၆ ရက်မှာ စတင် အသက်ဝင်တဲ့ ဒီစည်းမျဉ်း သတ်မှတ်ချက်ထဲမှာတော့ မြန်မာနိုင်ငံက လုပ်ငန်းကြီး တခု အပါအဝင် လုပ်ငန်းပေါင်း ၁၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းပြီး ကုန်ထုတ်လုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာဗျူရို BIS က ပို့ကုန် စည်းမျဉ်းသတ်မှတ်ချက်တွေကို ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူးပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ စွမ်းအင်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ERC - သုံးစွဲသူရေးရာ သုံးသပ်ရေးကော်မတီက မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ကွဲလွဲဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အခြေခံပြီး အခုလို သတ်မှတ်တာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အထူးသဖြင့်တော့ မိုင်တဲလ် လုပ်ငန်းဟာ မြန်မာစစ်ကောင်စီကို ဘဏ္ဍာရေးနဲ့ ထောက်လှမ်းစောင့်ကြည့်ရေး ဝန်ဆောင်မှုတွေ ပေးနေကြောင်း၊ ဒါကြောင့်လည်း စစ်ကောင်စီအနေနဲ့ သူတို့ ပစ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့တွေကို ခြေရာခံ ဖော်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နိုင်စေတာကြောင့် ဒဏ်ခတ်မှု စာရင်းထဲ ထည့်သွင်းတာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ဒီလုပ်ငန်းကြီးထံ ပစ္စည်းတွေ တင်ပို့မယ့်၊ ပြန်လည် တင်ပို့မယ့်၊ လွှဲပြောင်းပေးရေး အတွက် ခွင့်ပြုချက်လိုအပ်ပြီး ဒီခွင့်ပြုချက် လိုင်စင် လျှောက်ထားမှုတွေကိုလည်း ငြင်းပယ်ချက်အဖြစ် သတ်မှတ်သုံးသပ်မှာ ဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။

Your browser doesn’t support HTML5

MyTel ကို ကန် ဒဏ်ခတ် အရေးယူ