သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးသင့် ရခိုင်ပြည်နယ်မှာ ဆက်သွယ်ရေးတွေပြတ်တောက်


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ အခုလို ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေအခက်ကြုံနေရပြီး အကူအညီပေးရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်ကတင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ကရင်နီခေါ် ကယားပြည်နယ်အပါအဝင်၊ မြန်မာနိုင်ငံအနှံ့က စစ်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက် နေတာပါ။ တိုက်ပွဲတွေကြောင့် ဆက်သွယ်ရေးစနစ် ထိခိုက်ပျက်စီးတာတွေရှိသလို စစ်ကောင်စီဘက်က ဆက်သွယ်ရေးလမ်းကြောင်းတွေကို တမင် ဖြတ်တောက်ထားတာလို့ ဒေသခံတွေက ပြောဆိုနေပါတယ်။

“ လက်ရှိ MPTရယ်၊ Ooredooရယ်၊ ATOM အဲဒီလိုင်းတွေက လုံးဝ ပြတ်တောက်သွားတဲ့ အနေအထားမှာရှိတယ်။ Mytel ကကျတော့ဖုန်းပြောလို့နည်းနည်းလောက်ရသေးတယ်၊ အင်တာနက်လိုင်းကတော့ လုံးဝသုံးလို့အဆင်မပြေဘူးဟုတ်။”

လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီပိုင်တဲ့ Mytel ဆင်းကဒ်တခုသာဖုန်းခေါ်လို့ ရနေသေး တာပါ။ ဒါပေမဲ့လည်း Mytel လို ဖုန်းလိုင်းတွေတောင် နေရာတိုင်း သုံးမရသလို အင်တာနက်လိုင်းတွေလည်း လုံးဝသုံးမရဘူးလို့ဒေသခံတွေက ပြောဆိုကြပါတယ်။

ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို သက်ဆိုင်ရာ ဆက်သွယ်ရေးဌာနတွေက ဖြတ်တောက်ထားတာမျိုးမဟုတ်ပဲ၊ အထူးသဖြင့် တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့လိုက်တာကြောင့် တာဝါတိုင်တွေ ပုံမှန်အလုပ်လုပ်ဖို့ လိုအပ်တဲ့ အခြေခံ ထောက်ပို့ပစ္စည်းတွေ ပြတ်တောက် ကုန်တာကြောင့်ပါ။

“ ကျမသိသလောက်ဆိုရင်တော့ လမ်းခရီးပြတ်တောက်မှုတွေကြောင့် ဆီတွေပြတ်တယ်၊ တာဝါတိုင်တွေမှာ ဆီမဖြည့်နိုင်တဲ့အတွက် နယ်တွေမှာ ပြတ်သွားတာက တလကျော် လောက်ရှိနေပြီ၊ အခုဆိုလို့ရှိရင် မြို့တော် စစ်တွေအထိ ပြတ်တောက် တာတွေဖြစ်နေတယ်၊ စစ်တွေမှာကျတော့ သုံးရက်လောက်ရှိပြီပေါ့ဟုတ်။”

ပုံမှန် ဆက်သွယ်ရေးစနစ် ရပ်ဆိုင်းသွားတာကြောင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်ကုန်သလို လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတယ်လို့ ရခိုင်ဒေသတွင်း စစ်ဘေး ဒုက္ခသည်ကူညီရေးလုပ်ဆောင်နေတဲ့ အမျိုးသမီးတဦးကပြောပါတယ်။

“ အခက်အခဲကြုံရတယ်၊ အခုလက်ရှိစစ်ရှောင်နေတဲ့ သူတွေကို ကူညီတဲ့နေရာမှာကော ကျမတို့ ရုံးပိုင်းဆိုင်ရာ လုပ်တဲ့ နေရာတွေမှာရော အကုန်လုံး၊ နိုင်ငံတကာအဖွဲ့တွေနဲ့ ဆက်ဆံတဲ့နေရာမှာရော၊ အကုန်လုံး အခက်အခဲကြုံနေတယ်။ ကျမတို့ဒီရှိနေတဲ့ ငွေရေးကြေးရေးတွေကို ဒီ လူသားချင်းစာနာမှု လုပ်ငန်းတွေလုပ်ဆောင်ဖို့ အတွက်လည်း ကျေးရွာတွေနဲ့ လုံးဝကိုဆက်သွယ်လို့မရဘူး၊ တကယ့် အခက်အခဲဖြစ်နေတဲ့ ကျေးရွာတွေကို ကျမတို့ လုပ်ဆောင်လို့မရဘူး၊ တခြားသတင်းအချက်အလက်တွေ၊ ဘယ်နေရာမှာ ဘာဖြစ်နေလဲ၊ ဘယ်တွေ လုပ်ဆောင်ရမလဲဆိုတာ မသိရ မလုပ်ရ အဲလိုတွေဖြစ်နေကြတယ်။”

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်လိုဒေသမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွင်းမှာရှိတဲ့ ပြည်သူတွေ အချိန်နဲ့တပြေးညီ သတင်းမရနိုင်ပဲ စိုးရိမ်ပူပန်နေရတယ်လို့လည်း ပြောပါတယ်။

“ တိုက်ပွဲကာလမှာ အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေက ရှိနေရမှာ ဒီဟာတွေကို ဖြတ်တောက်လိုက်တာ၊ စစ်ကောင်စီက လူ့အခွင့်အရေးကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်၊ အကုန်လုံး မျက်စိပိတ် နားပိတ်ဖြစ်သလို ခံစားရတယ်၊ ရခိုင်တပြည်နယ်လုံး တိုက်ပွဲက နေရာတိုင်းမှာ ဖြစ်နေတဲ့ အခါကျတော့ ဘယ်ဒေသမှာ ဘယ်လိုဖြစ်နေလဲ ကိုယ့်မိသားစုတွေ ဘယ်လိုဖြစ်နေလဲဘာမှအဆက်အသွယ်မရတဲ့ အခြေအနေမျိုးတွေဖြစ်နေတယ်။”

ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာနဲ့ ပတ်သတ်ပြီးတော့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ထားတာမျိုးမတွေ့ရသေးပါဘူး။

စစ်ကောင်စီနဲ့ AAရက္ခိုင်တပ်တော်ကြား တနေ့ထက်တနေ့ တိုက်ပွဲတွေ ပြင်းထန်လာနေသလို တိုက်ပွဲဖြစ်တဲ့ ဒေသတွေလည်း တစတစ ပိုကျယ်ပြန့်လာနေတာပါ။ အထူးသဖြင့် ရသေ့တောင်၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေမှာ ဒီရက်ပိုင်း တိုက်ပွဲတွေအကြီး အကျယ်ဖြစ်နေပါတယ်။

ဒါ့အပြင် ကျောက်တော်နဲ့ဆက်စပ်နေတဲ့ ပလက်ဝမြို့နယ် တခုလုံးကိုလည်း AA တပ်က အပြီးပိုင် ထိန်းချုပ်ထားနိုင်ပြီဖြစ်သလို လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းထားနိုင်တယ်လို့ AA ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စခန်းတွေ တခုပြီးတခု ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချတာတွေ များလာနေတယ်လို့ AA ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG