အလွှာစုံကို ထိခိုက်နေတဲ့ စက်သုံးဆီရှားပါးမှု

စက်သုံးဆီရှားပါးချိန် ရန်ကုန်မြို့ရှိ ဓါတ်ဆီဆိုင်တဆိုင်မှာ ဆီထည့်နေကြသူများ (ဩဂုတ် ၁၆၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ စက်သုံးဆီ အခက်အခဲ ဆိုးရွားနေပြီး လက်ရှိ ကျောင်းဖယ်ရီကားတချို့ ရပ်နားထားရသလို၊ ခရီးသည်ပို့ဆောင်ပေးနေတဲ့ အငှားယာဉ်ငယ်တချို့လည်း ရပ်ထားရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ဗွီအိုအေကိုပြောပါတယ်။ စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်နဲ့ မန္တလေးမှာ စက်သုံးဆီကို လိုသလောက် ဝယ်မရတာ၊ ရှားပါးပြတ်လပ်နေတာဟာ ရက်ပေါင်း၂၀ နီးပါးရှိနေတာပါ။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကိုအခြေခံပြီး တင်ပြထားပါတယ်။

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပြင် အခြား နေရာတော်တော်များများမှာ စက်သုံးဆီပြတ်လပ်တာနဲ့ လိုသလောက်ဝယ်မရတဲ့ အခြေအနေတွေ ကြုံနေရတာ ရက် ၂၀ ဝန်းကျင်ရှိနေပြီး ဒီလောက်ထိ အခြေအနေဆိုးရွားတာမျိုးမကြုံခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တချို့တွေ ဓါတ်ဆီ ရနိုင်ဖို့အတွက် ညအိပ်တန်းစီစောင့်ဆိုင်းရတဲ့ အခြေအနေတွေကို မြင်တွေ့ကြရပါတယ်။

လူဦးရေထူထပ်ပြီး ယာဉ်အသွားအလာများပြားတဲ့ ရန်ကုန်မြို့မှာလည်း အခုရက်ပိုင်းထဲ ဆီဆိုင်တွေမှာ တန်းစီနေတဲ့ ယာဉ်တန်းကလွဲရင် လမ်းပေါ်မှာသွားလာနေတဲ့ ယာဉ်တွေနည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီပြတ်လပ်လို့ ကျောင်းကားတချို့လည်း အကြိုအပို့ရပ်ထားတယ်လို့ ကျောင်းသားမိဘတဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျမလည်း သမီးကို နေ့တိုင်း ကျောင်းကြို၊ ကျောင်းပို့ လုပ်နေတာပေါ့နော်။ အခု သမီးတို့ကျောင်းမှာဆိုရင် တချို့ကျောင်းကားတွေက ခဏနားထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီအခက်အခဲက တော်တော်ဖြစ်နေတာ။ ညအိပ်ပြီး စောင့်ရတာရှိတယ်။ ပြီးတော့ မနက်ပို့ပြီးတော့ ပြန်မကြိုနိုင်တာတွေ ရှိတယ်ပေါ့နော်။ အဲလိုမျိုး အခက်အခဲတွေတော့ရှိတယ်။ ကျမဆိုလည်း ဒီနေ့မနက် ကျောင်းပို့ဖို့အတွက်ကို မနေ့ညက ဆီဆိုင် ၃ဆိုင်ပတ်ပြီးတော့ တန်းစီလိုက်တာ တဆိုင်မှမရလိုက်ဘူး။ အခု အိမ်မပြန်ဘဲနဲ့ ကျောင်းမှာ ထိုင်စောင့်နေရတယ်။ အပြန် ဆီမရှိမှာစိုးလို့။ အခုချိန်ထိ ကျမကားရပ်နေတဲ့ဘေးမှာ ဓာတ်ဆီကားတွေ ပေးနေတာရှိတယ်။ ကျမရောက်နေတာ မနက် ၉နာရီကနေ အခုနေ့လည် ၂နာရီကျော်တဲ့အထိ ကားတန်းကမပြတ်သေးဘူး။ ဒီနေ့အထိ ဆီတန်းစီတဲ့ နေရာတွေမှာကတော့ ကားတွေက အများကြီးရှိနေတုန်းပဲ။"

ဆီဆိုင်တွေမှာ ကိုယ့်အလှည့်ရောက်ဖို့ တနေကုန်အောင် စောင့်ဆိုင်းရတဲ့အပြင် အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာလို့ ပြောပါတယ်။

"အခုက တချို့ဆိုင်တွေကတော့ ၅သောင်းထည့်ပေးတယ်။ ဒါပေမဲ့ အပြည့်ထည့်ပေးတဲ့ ဆိုင်ကတော့ နည်းသေးတယ်ပေါ့နော်။ အခုဒီနားက ကျမတွေ့နေတဲ့ ဆိုင်ကတော့ ၃သောင်းဖိုး ထည့်ပေးတယ်လို့ပြောတယ်။ ကျောင်းမှာဆိုရင် ကြိုတဲ့အချိန်ဆိုရင် ကားကြပ်ပြီးတော့ အလုအယက်ကြိုရတာမျိုး ရှိတယ်လေ။ အခုဆိုရင် ကျောင်းကားတွေတောင် နည်းနည်းရှင်းနေတယ်။ တချို့ကျောင်းကားတွေလည်း မနက်လိုက်ပို့တယ်၊ ညနေလာမကြိုနိုင်ဘူး။ တချို့ကျတော့ ၁ရက်၊ ၂ရက် နားမယ်ဆိုပြီး ပြောထားတာရှိတယ်။ ကျမဆိုရင် တနင်္ဂနွေနေ့က ဆီအပြည့်ထည့်ထားလို့ ဒီနေ့အထိကို အကြိုအပို့လုပ်နိုင်တာ။ ဒါတောင် အခု တတုံးပဲကျန်တော့ အခြေအနေက သိပ်မကောင်းတော့ဘူး။"

စက်သုံးဆီရှားပါးချိန် ရန်ကုန်မြို့ရှိ ဓါတ်ဆီဆိုင်တဆိုင်မှာ ဆီထည့်ရန် စောင့်နေကြည့် မော်တော်ယာဉ်များ (ဩဂုတ် ၁၆၊ ၂၀၂၄)

စက်သုံးဆီလိုသလောက် မရနိုင်တဲ့အခက်အခဲက ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး ဒီကနေ့အထိ ကြုံတွေ့နေရတာပါ။ ဒီအခြေအနေတွေကြောင့် ခရီးသည်ပို့ဆောင်ပေးနေတဲ့ အငှားယာဉ်ငယ်လုပ်ငန်းတချို့လည်း ယာယီရပ်နားထားရပါတယ်။ ဆီဆိုင်တွေမှာ ရောင်းပေးသလောက် ခရီးသည်ပို့နေရင်း လမ်းတလျှောက်ဖြည့်သွားရတယ်လို့ ရန်ကုန်-ကော့သောင်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"တချို့ကားတွေကတော့ လောလောဆယ် ခဏနားထားတယ်။ တချို့ကားတွေလည်း စားဖို့လိုတာကို။ ဒါကြောင့် ထွက်တဲ့ကားလည်း ထွက်တယ်၊ နားတဲ့ကားလည်း နားတယ်။ ဆီကတော့ ရသလောက် ဆိုင်ကရောင်းပေးသလောက် ထည့်တယ်။ သူတို့ ဆီသွားတန်းစီနေတာပေါ့။ တန်းစီပြီးတာနဲ့ တလမ်းလုံး ရသလောက် နည်းနည်းစီထည့်ရတာ။ ကားတွေလည်း ရတဲ့ငွေနည်းသွားတယ်၊ ဆီစျေးက များနေတော့။ ကားတွေက ထွက်တော့ထွက်ပါတယ်။"

စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး ဌာနကတော့ စက်သုံးဆီပြတ်လပ်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေကို မယုံကြဖို့နဲ့ ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီသုံးစွဲနိုင်ဖို့ကို သီလဝါဆိပ်ကမ်းမှာ ကြိုတင်သိုလှောင်ထားကြောင်း ပြောဆိုထားပါတယ်။ ကိုယ်တိုင်ကြုံတွေ့သူတွေကတော့ ဩဂုတ်လ ၁၆ ရက်၊ ဒီကနေ့အထိ စက်သုံးဆီဝယ်ယူနိုင်ဖို့ တန်းစီစောင့်ဆိုင်းရတာအပြင် လိုသလောက် ဝယ်မရဘဲ အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဗွီအိုအေကို ပြောဆိုခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အလွှာစုံကို ထိခိုက်နေတဲ့ စက်သုံးဆီရှားပါးမှု