"AA နဲ့ KIA အပေါ် တရုတ်ဖိအား အကန့်အသတ်ရှိ" သုတေသီတွေယူဆ

တိုင်းရင်းသား အဖွဲ့တွေ အပေါ် တရုတ်နိုင်ငံရဲ့ဖိအားက အမြင့်ဆုံး အဆင့် ကျရောက်နေပေမယ့် အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အပေါ် သက်ရောက်မှုမှာတော့ အကန့်အသတ်ရှိတယ်လို့ နိုင်ငံရေးသုတေသီတွေက ဗွီအိုအေကို ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကတဆင့် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြောက်ပိုင်း ညီနောင် တိုင်းရင်းသား နှစ်ဖွဲ့က ဆက်တိုက် ထုတ်ပြန်လာအပြီး နောက်ဆက်တွဲမှာ ဖိအားနဲ့ တည်ဆောက်မယ့် မြန်မာ့ငြိမ်းချမ်းရေးအလားအလာကို ကိုငြိမ်းချမ်းအေး စုစည်းတင်ပြထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလ အစောပိုင်းက သွားခဲ့တဲ့ တရုတ်ပြည်ခရီးစဥ်အပြီးမှာ မနှစ်အောက်တိုဘာကတည်းက ထိုးစစ်ဆင်နေတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် အဖွဲ့ထဲက တအောင်း အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လို့ ခေါ်တဲ့ ကိုးကန့် တပ်ဖွဲ့တွေက တရုတ် အကူအညီနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဆန္ဒရှိကြောင်း ဆက်တိုက် ထုတ်ဖော်လာကြပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာ TNLA တအောင်းအဖွဲ့က တရုတ်အစိုးရရဲ့ နယ်စပ်တည်ငြိမ်ရေး ကြိုးပမ်းချက်တွေကို လေးစားအသိအမှတ်ပြုတဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးရေး စတင်ကြေညာခဲ့ပါတယ်။ အဲဒီနောက် တပတ်ကျော်အကြာ ဒီဇင်ဘာ ၃ ရက်မှာ MNDAA ကိုးကန့်အဖွဲ့ကလည်း တရုတ်အစိုးရရဲ့ ကြားဝင်ဖျန်ဖြေမှုအောက်မှာ သူတို့သိမ်းထားတဲ့အရင် စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဖြစ်ခဲ့တဲ့ လားရှိုးမြို့အရေးအပါအဝင် ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ အဖြေရှာမယ်လို့ ကြေညာလာတာပါ။

ဒါဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံလူထု ထိခိုက်နစ်နာနေရတာတွေကို ငဲ့ညှာလို့ဆိုပြီး TNLA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားသလို MNDAA ကလည်း ဝေဟင်နဲ့ မြေပြင်က စစ်ကောင်စီရဲ့ ထိုးစစ်ဆင်နေတာတွေ ရပ်ရမယ်လို့တောင်းဆိုထားပေမယ့် တရုတ်နိုင်ငံဘက်က နယ်စပ်တလျှောက် ကုန်သွယ်ရေးတားမြစ်တာ အပါအဝင် ပိတ်ဆို့ဖိအားပေးချက်တွေကို ဖော်ပြမထားပါဘူး။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ နိုင်ငံရေး အထူးပြု ပါရဂူဘွဲ့ ကျမ်းပြု သုတေသီ တဦးကတော့ တရုတ်ရဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပေါ် ဖိအားက "လတ်တလောကာလတွေထဲမှာ အပြင်းထန်ဆုံး ကျရောက်နေတယ်" လို့ ဗွီအိုအေကို ပြောပါတယ်။ “TNLA နဲ့ MNDAA လိုမျိုး တရုတ်နယ်စပ်နားက အဖွဲ့တွေအပေါ် ဖိအားတွေက ပြင်းထန်နေတယ်” လို့ သူက သုံးသပ်ပါတယ်။

Your browser doesn’t support HTML5

"AA နဲ့ KIA အပေါ် တရုတ်ဖိအား အကန့်အသတ်ရှိ" သုတေသီတွေယူဆ

ဝါရင့် မြန်မာ့နိုင်ငံရေး သုတေသီဦးသန်းစိုးနိုင်ကတော့ တရုတ်ရဲ့ တိုင်းရင်းသားအဖွဲ့တွေအပေါ် တဘက်သတ် ဖိအားပေးလာတာအပါအဝင် ပြောင်းလဲလာနေတဲ့ ရပ်တည်ချက်က အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုတွေရဲ့ အောင်ပွဲအရှိန်အဟုန်ကြောင့်လို့ ရှုမြင်ပါတယ်။

"တရုတ်ရဲ့ ရပ်တည်ချက်ပြောင်းလဲလာတာက အဓိကအားဖြင့်တော့ နွေဦးတော်လှန်ရေး အင်အားစုတွေ အောင်ပွဲရလာတာ၊ နောက် ၁၀၂၇ ရှမ်းမြောက် စစ်ရေးစီမံကိန်းရဲ့ အောက်က အောက်ပွဲတွေမှာ သမိုင်းမှာ မကြုံဖူးလောက်အောင် အောင်ပွဲတွေ ရရှိလာမှုက နောက်ဆုံး အရှေ့မြောက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသွားရတဲ့ အထိတွေ့လာရတဲ့အခါမှာ စစ်ကောင်စီအနေနဲ့ ဒီစစ်ပွဲမှာ ဆက်လက်ပြီး ရပ်တည်နိုင်ဖို့ အတွက် အခက်အခဲ ရှိနေတယ်။ အဲ့တော့ စစ်ကောင်စီ ပြိုလဲသွားနိုင်တယ်ဆိုတာကို သူတို့ သဘောပေါက်လာပါတယ်။ အဲဒီ သဘောပေါက်မှုအပေါ်မှာ စစ်ကောင်စီ ပြိုလဲသွားလို့ မဖြစ်ဘူးဆိုတဲ့ အမြင်စိုက်ထူ လာပါတယ်။ ပြိုလဲသွားလို့ မဖြစ်ဘူးဆိုတာက နိုင်ငံရေး အရတရုတ်က ထောက်ခံတာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ အမိန့်ပေးလို့ရတဲ့ စစ်တပ်မရှိဘူး။ ပါတီပဲရှိတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တော့ အားကိုးလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် စစ်တပ်ပဲ အားကိုးရမယ်။ စစ်တပ်ကို တည့်မတ်အောင် ထူပေးရမယ် ဆိုတဲ့အမြင် ရှိပါတယ်။"

တရုတ်ပြည် ခရီးစဥ်အပြီး နိုဝင်ဘာ ၁၉ ရက်က ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ သူတို့ အပေါ် “တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ထောက်ခံနေကြောင်း” အထင်အရှား တွေ့မြင်ခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောပါတယ်။ ဒါပေမယ့် လေ့လာသူတွေကတော့ တရုတ်နိုင်ငံဟာ စစ်ကောင်စီ အပေါ် ထောက်ခံပေးတယ် ဆိုတာထက် အကျိုးစီးပွား အတွက် မြန်မာနယ်စပ် တလျှောက် တည်ငြိမ်ရေး ရှေးရှုတာလို့ သုံးသပ်ကြပါတယ်။ စစ်ခေါင်းဆောင်ရဲ့ တရုတ်ပြည်ခရီး အပါအဝင် စစ်ကောင်စီဘက်ကို ပို ရပ်တည် ထောက်ခံတဲ့ သဘောထားတွေ ထင်ထင်ရှားရှား ထုတ်ဖော်ပြသလာတာကလည်း မဟာဗျူဟာကျ နိုင်ငံရေးနဲ့ စီးပွားရေး စိုးရိမ်ချက်တွေကြောင့်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

“စစ်တပ်ကို တည့်မတ်အောင် ထူပေးတဲ့နေရာမှာ သူ့အနေနဲ့ ဦးတည်ချက် တချို့ ရှိပါတယ်။ ဦးတည်ချက် တခုကတော့ တိုင်းပြည် ဖရိုဖရဲ ဖြစ်လို့ရှိရင် အနောက်နိုင်ငံက ဒီမိုကရေစီအင်အားစုတွေ ဒီတော်လှန်ရေး အောင်ပွဲနဲ့အတူ ပါလာမှာကို တရုတ်ကအတော်လေး စိုးရိမ်ပါတယ်။ နောက်တခုကတော့ တရုတ်က သူ့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေအကောင်အထည်ဖော်ဖို့က စစ်ကောင်စီက အတော်လေးကို ပူးပေါင်းဆောင်ရွက်လို့ ကောင်းတဲ့ အဖွဲ့အစည်းလို့ ယူဆလာခဲ့ပါတယ်။ ဒါကလည်း လက်တွေ့အားဖြင့် တရုတ် တောင်းသမျှ ပေးပြီးတော့ တရုတ်လိုချင်တာမှန်သမျှ ခေါင်းညိတ်သဘောတူနေတဲ့ အစိုးရမျိုး ဖြစ်တဲ့ အခါကျတော့ အဲဒီလို အင်အားစုမျိုးနဲ့ ဆက်ဆံရတာ တရုတ် အတွက် သူလိုချင်တာတွေ ရဖို့ အတွက် အတော်လေး အာမခံချက်ရှိတဲ့ အတွက် ဒီစစ်တပ် ပြိုကွဲသွားလို့ တော့မဖြစ်ဘူးလို့ ယူဆပါတယ်။”

ဝါရင့် တရုတ်-မြန်မာ အရေးနဲ့ နိုင်ငံရေး လေ့လာသူ ဒေါက်တာလှကျော်ဇောကလည်း တရုတ်နိုင်ငံရဲ့ မူဝါဒက ပထဝီနိုင်ငံရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်အဓိကထား ကြည့်တယ် ဆိုတာကို သဘောတူပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတည်ငြိမ်ရေး အတွက် ဖိအားပေးချက်ကတော့ နှစ်ဘက်လုံးကို ဖြစ်တယ်လို့ ယူဆပါတယ်။

“တကယ်တော့ တရုတ်က ဘက်စုံကို ဖိအားပေးနေတာပဲ။ စစ်တပ်ကိုလည်း ဖိအားပေးနေတာပဲ။ တရုတ်နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ ပြောသွားတာကတော့ ဗမာပြည်မှာ နိုင်ငံရေးသမားတွေ အားလုံး ညီညီညာညာ စုစုစည်းစည်း ဆွေးနွေးတိုင်ပင် ပြီးတော့ တိုင်းပြည်ရဲ့ အုပ်ချုပ်မှုစနစ်တွေကို ပြန်ပြီး စဥ်းစားဖို၊ ပြန်ပြီး ညီညီညွတ်ညွတ်ဖြစ်ဖို့ Political Reconciliation [နိုင်ငံရေးအရ ရင်ကြားစေ့ဖို့] ပေါ့ဗျာ၊ အဲ့ဒါ ပြန်လုပ်ဖို့ အများကြီး လိုအပ်ပါတယ်တဲ့။ အဲဒီလို ဆွေးနွေးတိုင်ပင်ဖို့ နည်းလမ်းတွေ ရှာဖို့ လိုပါတယ်လို့ ပြောသွားတယ်။ အဲ့တော့ တရုတ်ရဲ့ ဗျူဟာကိုက အာဆီယံနိုင်ငံ ၁၀ နိုင်ငံစလုံးပါတဲ့ Supply Chain [ထောက်ပံ့ရေး ကွင်းဆက်ကြီး] တခုလုံးဖြစ်အောင် ကြိုးစားနေတာပဲ။ အဲဒီမှာ ဗမာပြည်က တည်ငြိမ်အေးချမ်း ဖို့အတွက် တွန်းတွန်းတိုက်တိုက် လုပ်နေတာ။”

Your browser doesn’t support HTML5

ကိုးကန့်တပ်ဖွဲ့ NUG နဲ့ မကင်းနိုင်ဟု နိုင်ငံရေးအကဲခတ်သုံးသပ် "မေးမြန်းခန်း"

တရုတ်ဖိအား သက်ရောက်မှု

သုတေသန အဖွဲ့တွေရဲ့ လေ့လာချက်တွေမှာလည်း တရုတ်ရဲ့ ပိတ်ဆို့ အရေးယူမှုက တိုင်းရင်းသား အဖွဲ့တွေကို စစ်ရေးအရရော နိုင်ငံရေးအရပါ အားနည်းသွားစေပြီး စစ်ရပ်ရေး တောင်းဆိုချက်တွေကို မဖြစ်မနေ လိုက်လျောဖို့ အလားအလာပိုများလာစေတယ်လို့ ထောက်ပြကြပါတယ်။

နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု (IISS) ရဲ့ ဇူလိုင်လက စာတမ်းတခုမှာ တိုင်းရင်းသားအဖွဲ့တွေရဲ့ ထိုးစစ်တွေကို တုံ့ပြန်တဲ့ အနေနဲ့ တရုတ်က နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို ကန့်သတ်ထားကြောင်း ဖော်ပြထားသလို စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေး ဖိအားပေးဖို့ ရှမ်း မြောက်ပိုင်း က နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ရည်ရွယ်ချက် ရှိရှိနဲ့ ပိတ်ထားကြောင်း Observer Research Foundation (OSF) သုတေသန အဖွဲ့က ထောက်ပြပါတယ်။

MNDAA ကိုးကန့်တပ်မတော်ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်နိုင်ငံမှာနေအိမ်အကျယ်ချုပ်နဲ့ ချုပ်နှောင်ထားတယ်ဆိုတဲ့သတင်းတွေ နိုဝင်ဘာလတုန်းက ထွက်ခဲ့တဲ့ အထိ တရုတ်ဖိအားက ပြင်းထန်တယ် ဆိုပြီး လေ့လာသူတွေက ဆိုကြပေမယ့် အဲဒီစွပ်စွဲချက်ကို တရုတ်အာဏာပိုင်တွေကတော့ ငြင်းပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပေါ် သက်ရောက်နိုင်မှု

ဦးသန်းစိုးနိုင်ကတော့ နယ်စပ်က နောက်ထပ် အင်အားကြီး တဖွဲ့ ဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အပေါ် မှာလည်း မတူတဲ့ အတိုင်းအတာနဲ့ တရုတ်ရဲ့ ဖိအားတွေ ကျရောက်နေတယ်လို့ ထောက်ပြပါတယ်။

“ဒါက သိပ်ပြီးတော့ ညီနောင်သုံးဖော်လောက် မပေါ်လွင်ပေမယ့် KIA အပေါ်လည်း တရုတ်ကဖိအားပေးတာတွေ တွေ့ပါတယ်။ အထူးသဖြင့်အထူးဒေသ (၁)၊ ပန်ဝါ ဒေသက ပြည်သူတွေ တရုတ်ပြည်ထဲကို ထွက်ပြေးဖို့ကြိုးပမ်းတဲ့ အချိန်မှာ နယ်စပ်ဒေသ တံခါးတွေ အကုန်ပိတ်လိုက်ပါတယ်။ နယ်စပ်ဒေသ ကုန်သွယ်ရေး ထွက်ပေါက်တွေ အားလုံးကိုလည်း ပိတ်တဲ့ ကိစ္စတွေ လုပ်ပါတယ်။ အဲဒီလို လုပ်တဲ့ ဆိုတာက KIA ထဲမှာ ရှိနေတဲ့ လိုအပ်ချက်တွေ ပေါ့ဗျာ၊ ပြည်သူ လူထုရဲ့ နေထိုင်စားသောက်မှုကနေ စပြီးတော့ စစ်လက်နက် ပစ္စည်းထုတ်လုပ်မှု အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေတင်သွင်းမှုကိုလုံးဝ ရပ်ဆိုင်းပစ်လိုက်တဲ့ အနေအထား တွေ ရှိပါတယ်။ အဲဒါတွေ အားလုံးဟာ KIA ကိုလည်း ဖိအားပေးတဲ့ သဘောပါပဲ။“

ဒါပေမယ့် KIA ကတော့ လက်ရှိအချိန်အထိ စစ်ကောင်စီကို ဆက်တိုက်နေတာပါ။ တရုတ် စီးပွားရေး လုပ်ငန်းတွေ အတွက် အရေးပါတဲ့ မြေရှား သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အခြေတည်ရာ ချီဖွေ ပန်ဝါ ဒေသအပါအဝင် နယ်စပ်တလျှောက်က အချက်အချာကျတဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး နေရာတွေကို သိမ်းပိုက်ထားသလို နယ်စပ်နဲ့ မိုင် ၄၀ လောက် အကွာမှာ ရှိတဲ့ ဗန်းမော်လို မြို့ကြီး အထိ KIA ထိုးစစ်က ရောက်လာနေတာပါ။

ဒေါက်တာလှကျော်ဇောကတော့ KIA ဟာ မြေရှား သတ္တုသိုက်တွေကို ထိန်းချုပ်ထားလို့ သူ့မှာ တရုတ်နဲ့ အပေး၊ အယူလုပ်နိုင်တဲ့ ပါဝါ ရှိတယ်လို့ ထောက်ပြပါတယ်။

“တရုတ်က ဖွင့်ခိုင်းပေမယ့်လည်း KIA က မဖွင့်ဘူး။ KIA က ပြောတာက ကျန်တဲ့ဟာတွေ အားလုံး ဖွင့်ပေးရမယ်၊ နယ်စပ်မှာ ရှိတဲ့ဟာတွေ အားလုံးဖွင့်ပေးရမယ်ပေါ့ဗျာ။ နယ်စပ်မှာ ရှိတဲ့ဟာတွေ အားလုံးဖွင့်ပေးရင်တော့ သူလည်း ဖွင့်ပေးမယ်။ အဲ့တော့ အလဲအလှယ် လုပ်နိုင်တာ ဒါရှိတယ်လေ။ KIA က နောက် leverage [အားသာချက်] တခု ရှိသေးတယ်။ သူအခု သိမ်းထားတဲ့ နေရာတွေကို ပြန်ကြည့်၊ နယ်စပ်မျဥ်းပေါ်မှာ နယ်စပ်နဲ့ ကပ်နေတာ။ အဲ့တာတွေကို စစ်တပ်က လာပြီး ဗုံးကြဲလို့ မရဘူး။ [ဒီအချက်မှာ] MNDAA ထက် သာတယ်။ "

Your browser doesn’t support HTML5

KIO/ KIA ထိန်းချုပ်လိုက်တဲ့ ပန်ဝါ  အခြေအနေ

KIA အပေါ် တရုတ်ရဲ့ ဖိအားရှိပေမယ့် တန်ပြန်နိုင်တဲ့ အချက်တွေ ရှိတယ် ဆိုတာကို ဦးသန်းစိုးနိုင်ကလည်း သဘောတူပါတယ်။ ၁၉၆၀ ခုနှစ်များကတည်းက တော်လှန်ရေးလုပ်လာခဲ့တဲ့ နိုင်ငံရေး အစဥ်အလာအပြင် တရုတ်စီးပွားရေး အကျိုးအမြတ်ဖြစ်တဲ့ ကျောက်စိမ်းနဲ့ မြေရှား တူးဖော်ရေးလုပ်ငန်းတွေကို KIA က ထိန်းချုပ်ထားနိုင်တာကို ထောက်ပြပါတယ်။

“KIA က စီးပွားရေးအရ တရုတ်ကိုမှီခိုနေရတာမဟုတ်ဘဲနဲ့ တရုတ်နိုင်ငံကသာ KIA ကို စီးပွားရေးအရ မှီခိုနေရတာ။ အထူးသဖြင့် ဖားကန့်ဒေသပေါ့ဗျာ။ ဖားကန့်ဒေသက အကောင်းဆုံးထွက်လာတဲ့ ကျောက်တွေကို KIA ရဲ့ ခေါင်းဆောင်မှု KIA ရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ ကြီးကြပ်မှုအောက်ကနေ တရုတ်နိုင်ငံကို ဝင်တာ ဖြစ်ပါတယ်။ အလားတူအခုနောက်ဆုံးဆိုလို့ ရှိရင်လည်း အထူးဒေသ (၁) ကို တိုက်တဲ့ တိုက်ပွဲ ဆိုတာလည်း တရုတ် အတွက် သိပ်ပြီးတော့ လိုအပ်နေတဲ့ မြေရှားသတ္တု ထုတ်လုပ်ရေး လုပ်ငန်းတွေကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ စီးပွားရေးအရ ပြောမယ်ဆိုလို့ရှိရင် MNDAA ကိုးကန့်တို့၊ TNLA တို့ ထက်စာလို့ ရှိရင် KIA က တရုတ်ကို ပြန်ပြီး ပညာပေးနိုင်တဲ့ ဖိအားပေးနိုင်တဲ့၊ တုံ့ပြန်နိုင်တဲ့ အစွမ်းအစနဲ့ အခြေအနေ ပိုပြီး ကြီးတဲ့ အတွက် KIA နဲ့ ဆက်ဆံတဲ့နေရာမှာ တစုံတရာ တရုတ်ပြည်က သတိထားပြီး ဆက်ဆံလေ့ရှိတယ် ဆိုတာ တွေ့ရပါတယ်။”

အာရက္ခတပ်တော် (AA) အပေါ် သက်ရောက်နိုင်မှု

ဒါ့အပြင် တရုတ် ဖိအားက မြောက်ပိုင်းညီနောင် အဖွဲ့ဝင် အာရက္ခတပ်တော် (AA) အပေါ်မှာလည်း သက်ရောက်မှု ကွဲပြားနေတယ်လို့ လေ့လာသူ နှစ်ယောက်စလုံးက ရှုမြင်ကြပါတယ်။

AA ဟာ တရုတ်နယ်စပ်နဲ့ ဝေးကွာတဲ့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်မှာ ထိုးစစ်တွေ ဆက်တိုက် လုပ်နေတာမှာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရခိုင်တောင်ပိုင်း အမ်းမြို့အထိ ရောက်လာနေပါတယ်။ ပြီးခဲ့တဲ့ တနှစ် အတွင်း ရခိုင်က မြို့နယ် ၁၀ မြို့နယ်နဲ့ ချင်းပြည် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသလို ရခိုင်က ကျန်တဲ့မြိုနယ် ၇ မြို့နယ်ထဲက ၄ မြို့နယ်မှာလည်း အများစု ထိန်းချုပ်ထားကြောင်းAA က တရားဝင်ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG) ရဲ့ ဩဂုတ်လက စာတမ်းတစောင်မှာလည်း ၂၀၂၃ ခုနှစ် နှောင်းပိုင်းက ပြန်စခဲ့တဲ့ တကျော့ပြန် ရခိုင်စစ်ပွဲမှာ အာရက္ခတပ်တော် (AA) ဟာ လအနည်းငယ်အတွင်းမှာတင် ကျယ်ပြန့်တဲ့ ထိန်းချုပ်နယ်မြေ တခုကို တည်ဆောက်နိုင်ခဲ့ပြီး ရခိုင် အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသ အများစုကို သိမ်းပိုက်ထားကာ ရခိုင်ဒေသအားလုံးနီးပါးကို လွှမ်းခြုံ စိုးမိုးထားလို့ စစ်ကောင်စီကို ရခိုင်ပြည်ကနေ မောင်းထုတ်နိုင်ခါနီး အနေအထား အဖြစ် ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) ဟာ နယ်မြေ ပထဝီဒေသသ အချက်အချာ ကျမှု၊ တရုတ်နိုင်ငံအတွက် ကမ္ဘာနဲ့ချီပြီး အရေးပါတဲ့ Belt and Road Initiative (BRI) လို့ခေါ်တဲ့ ခါးပတ်လမ်း စီမံကိန်း‌အောက်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှုနေရာတွေကို ထိန်းချုပ်ထားတဲ့ အပြင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံလို အိမ်နီးချင်းတွေနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး လမ်းဖွင့်နိုင်တာကြောင့် AA အပေါ် တရုတ်ရဲ့ လွှမ်းမိုးနိုင်မှုက အကန့်အသတ် ရှိတယ်လို့ ဗွီအိုအေက မေးမြန်းတဲ့ နိုင်ငံရေး သုတေသီတွေ အားလုံးက တညီတညွတ်တည်း ရှုမြင်ကြပါတယ်။

အမည်မဖော်လိုတဲ့ မြန်မာ သုတေသီကတော့ “တရုတ်ရဲ့ အကျိုးစီးပွား အခြေခံ တည်ငြိမ်ရေး လိုလားမှုက အခုလောလောဆယ်မှာ တခြားဒေသတွေထက် မြန်မာနိုင်ငံ မြောက်ပိုင်းကို အာရုံစိုက်နေတာကြောင့် AAအ အပေါ် တရုတ် ဖိအားက လက်ရှိ အချိန်မှာ မရှိဘူး” လို့ ယူဆပါတယ်။

“ပထဝီဝင် အကွာအဝေး၊ စစ်ရေးနဲ့ စီးပွားရေး သီးခြား ရပ်တည်နိုင်မှု အနေအထားကြောင့် တရုတ်နိုင်ငံက AA အပေါ်မှာ သတိကြီးကြီးနဲ့ ချဉ်းကပ်နေတယ်” လို့ ဦးသန်းစိုးနိုင်ကလည်း ထောက်ပြပါတယ်။

“AA ပြဿနာက တရုတ် အတွက် ပိုပြီးတော့ ခက်ခဲ ရှုပ်ထွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွား အများစုက ရခိုင်ပြည်နယ် ကျောက်ဖြူမှာ ရှိနေတာကိုး။ AA ဟာ တရုတ်နိုင်ငံနဲ့လည်း ကီလိုမီတာ ၂,၀၀၀ လောက်ဝေးတဲ့ မြေအနေအထား ဆက်ဆံရေးရှိနေတဲ့အပြင် တရုတ်နဲ့မဆက်ဆံလည်း AA ကို တရုတ်ရဲ့စီးပွားရေး ပြိုင်ဘက် အိန္ဒိယက ဆက်ဆံဖို့ရှိပါတယ်။ နောက် ဘင်္ဂလားဒေ့ရှ်ကလည်း ဆက်ဆံနိုင်တာတွေ ရှိပါတယ်။ ပြောရလို့ရှိရင် AA အနေနဲ့က တရုတ်ပြည်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့က ကင်းလွတ်ရုံတင်မကဘူး သူက သီးခြား ရပ်တည်နိုင်တဲ့ စီးပွားရေးနဲ့စစ်ရေးအနေအထား ရှိနေတဲ့ အောက်မှာ AA နဲ့ ပတ်သက်လို့တရုတ်က အထူးသတိထား ကိုင်တွယ်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်တုန်းက ရိုဟင်ဂျာကိစ္စကို တရုတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရလည်း ပြောင်းသွားတဲ့အခါမှာ အခုအချိန်မှာတော့ ဒီကိစ္စကို တရုတ်က ပါဝင်ပတ်သက်တဲ့ လေသံသိပ်ပြီးတော့ မထွက်ရဲတော့ပါဘူး။”

ဒေါက်တာလှကျော်ဇောကတော့ AA မှာ အားသာချက်၊ အားနည်းချက် နှစ်ခုလုံး ရှိနေတယ်လို့ ရှုမြင်ပါတယ်။

“AA မှာ အားကောင်းချက်လည်း ရှိတယ်။ အားနည်းချက်လည်း ရှိတယ်။ MNDAA ကိုးကန့် တို့ ကချင် KIA တို့က ကျောပေးထားရတာက တရုတ်နိုင်ငံကို ကျောပေးထားရတာ။ အဲဒါက အားကောင်းချက်လို့ ပြောလို့ရတာပေါ့။ အားနည်းချက်ကတော့ တရုတ်ကဖိအားပေးရင် ကိုယ်ကလှုပ်ရှားရတာပေါ့။ AA ကျတဲ့ အခါကျတဲ့ သူက တရုတ်ကိုကျော ပေးထားတာမဟုတ်ဘူး။ သူက နည်းနည်းပို လွတ်လပ်တယ်လို့ ထင်တယ်။ လုံခြုံရေး အရကတော့ ကိုးကန့်တို့လောက် အာမခံချက် မရှိဘူး။ ကိုးကန့်တို့ KIA ကချင်တို့ကတော့ ဘာပဲ ဖြစ်ဖြစ် သူတို့က တရုတ်ကိုကျောပေးထားရတော့ ဗမာစစ်တပ်က လေယာဥ်ပျံနဲ့ ဗုံးကြဲတာတို့ ဘာတို့ မလုပ်နိုင်ပေမယ့် AA ကျတော့ သူတို့ လုပ်ကောင်း လုပ်နိုင်တယ်။ AA မှာ အားကောင်းချက်တခုက သူ့ကို ရခိုင်လူမျိုးတွေက တော်တော်များများ ထောက်ခံတာဗျာ။”

ဒီလို အကန့်အသတ် တွေ ရှိပေမယ့် AA အပေါ်မှာလည်း တရုတ်ဘက်က ကိုင်တွယ်ဖို့ ကြိုးစားလာနိုင်ခြေကို ဦးသန်းစိုးနိုင် အခုလို သုံးသပ်ပါတယ်။

“ရခိုင်ကိစ္စကတော့ ပိုပြီးတော့တရုတ် အတွက် ကိုင်တွယ်ရခက်ခဲတဲ့ ကိစ္စ ဖြစ်ပါတယ်။ ရခိုင်ကို လုပ်နိုင်တာ တခုပဲရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ FPNCC လို့ခေါ်တဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ကနေ တဆင့် ရခိုင်ကို ကြီးကြပ်တာ၊ လမ်းညွန်တာ တောင်းဆိုတာတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း အခုကျောက်ဖြူဒေသမှာရှိနေတဲ့ သူ့အကျိုးစီးပွားတွေ ကာကွယ်ဖို့အတွက် ဗိုလ်မင်းအောင်လှိုင်က တရုတ်နဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ ထူထောင်ရေးဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတရပ်စုဆောင်းချထားဖို့ ပြင်ဆင်လာတယ်လို့ ယုံပါတယ်။”

Your browser doesn’t support HTML5

အငြင်းပွားဖွယ် တရုတ်-မြန်မာပူးတွဲလုံခြုံရေးအဆိုပြုချက်

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှု

ဒီလို မတူကွဲပြားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အနေအထားမှာ တရုတ်လိုလားတဲ့ တည်ငြိမ်ရေးက ဘယ်လိုအလားအလာ ရှိနေပါသလဲ။ တရုတ်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖိအားတွေ လျော့နိုင်ဖို့ ယာယီ အပစ်ရပ်ရေးတချို့ ဖြစ်လာနိုင်ပေမယ့် ပြင်ပ ဖိအားကြောင့် ဖြစ်လာတဲ့ ဆွေးနွေးပွဲတွေမှာ ဖက်ဒရယ် အုပ်ချုပ်ရေး စနစ်လို နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ကတော့ ခက်ခဲနေဦးမယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။ တရုတ်တွန်းအားပေးချက်က ငြိမ်းချမ်းရေး အဆင့်မဟုတ်တောင် တည်ငြိမ်ရေး အဆင့် အထိ ဖြစ်နိုင်မလား ဆိုတာကိုတော့ ဦးသန်းစိုးနိုင်က အခုလို သုံးသပ်ပါတယ်။

“မဖြစ်နိုင်ပါဘူး ခင်ဗျာ။ မဖြစ်နိုင်ဘူး ဆိုတာက ကျနော်တို့ ဗမာပြည်မှာ ဖြစ်ခဲ့တဲ့ နှစ် ၇၀ ပြည်တွင်းစစ် ပြဿနာမှာ တလျှောက်လုံး အောင်ပွဲမရတာက တိုင်းရင်းသားတွေနဲ့ မြန်မာအမျိုးသား ပြည်သူတွေကြားထဲမှာ အပြန်အလှန် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ ဖြစ်လာခဲ့တာက အခြေခံ အချက်ပါ။ ဒါပေမယ့် အဲဒီစည်းရိုးကြီးကျိုးပေါက်သွားပါပြီ။ အခုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုက မြန်မာတိုင်းရင်းသားဒေသကို ဂယက်ရိုက်တယ်။ အကူအညီပေးတယ်။ အလားတူ မြန်မာတိုင်းရင်းသား နေရာ အသီးသီးကလည်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို တုံ့ပြန်အန်တုတဲ့ တိုက်ပွဲတွေ အတော်လေး ဖြစ်နေပါတယ်။”

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ခုခံတော်လှန်ရေး အင်အားစုတွေရဲ့ အနေအထားကလည်း တိုင်းရင်းသား အဖွဲ့တွေထက် မြန်မာ နိုင်ငံအလယ်ပိုင်း အညာဒေသရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကပဲ ရှေ့မှာ အဓိက ကျလာမယ်လို့ ဦးသန်းစိုးနိုင်က ယူဆပါတယ်။

“အခု စစ်ရေး အခြေအနေတခုလုံး ခြုံကြည့်မယ်ဆိုရင် ရှမ်းပြည်နဲ့ပတ်သက်တဲ့ ပြဿနာဟာ အခြေခံအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အသာစီးရပြီး ပြီးမြောက်သလောက် ရှိသွားပါပြီ။ အခုက ရှမ်းပြည်ပဲ ဖြစ်ဖြစ် ကချင်ပြည်ပဲ ဖြစ်ဖြစ် ရခိုင်ပဲ ဖြစ်ဖြစ် တိုင်းရင်းသား အင်အားစုတွေက ဒေသအတော်များများကို စိုးမိုးထားနိုင်တဲ့ အခြေအနေအောက်မှာ မြန်မာအမျိုးသား ဒေသတွေရဲ့ အုံကြွ လှုပ်ရှားမှုက နွေဦးတော်လှန်ရေး အတွက် အဆုံးအဖြတ်ပေးမယ့် အခန်းကို တွန်းတင်မယ့် အနေအထား ဖြစ်ပါတယ်။ အဲဒီလို အချိန်မှာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဒီစစ်ရေးအရ တိုက်ရိုက်ပါဝင် တ်သက်ဖို့ မသင့်လျော်တဲ့ အနေအထားတွေ ရှိပါတယ်။ ဆိုလိုတာက ဒီအ‌ညာဒေသရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေဟာ နွေဦးတော်လှန်ရေးကို အဆုံးဖြတ် ပေးမယ့် အင်အားစုတွေ ဖြစ်ပါတယ်။ အဲဒီ အင်အားစုတွေ အနေနဲ့ စစ်ရေးအရ အကူအညီ တိုင်းရင်းသားတွေ ဆီက နေ တိုက်ရိုက် ရယူရေးထက် မိမိဒေသထဲမှာရှိနေတဲ့ ပြည်သူလူထုကိုယ်တိုင် နိုးကြွထကြွ ပုန်ကန်လာဖို့ အုံကြွမှုကြီးတွေ ဖြစ်လာဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။”

Your browser doesn’t support HTML5

မြန်မာနိုင်ငံ အလှည့်အပြောင်း အလားအလာ “မေးမြန်းခန်း”

၂၀၂၅ ခုနှစ် အလားအလာ

ဒီလို စစ်ပွဲရပ်ဖို့ မရေမရာတဲ့ အနေအထားမှာ တဘက်မှာလည်း နိုင်ငံရေးအရ ထွက်ပေါက်အဖြစ် မျှော်လင့်ချက်နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အာမခံချက်ကို တရုတ်ကလိုက်လျောပြီး တွန်းတွန်းတိုက်တိုက် လုပ်နေတယ်လို့ လေ့လာသူတွေကရှုမြင်ကြပါတယ်။ ဒါပေမယ့်အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲက အဓိပ္ပာယ်ရှိတဲ့အပြောင်းအလဲကို ယူဆောင်လာမလား ဆိုတာကတော့ သံသယမေးခွန်းတွေ ရှိနေပါတယ်။

“ရွေးကောက်ပွဲက မြန်မာနိုင်ငံကို တည်ငြိမ်အောင် လုပ်နိုင်မယ်လို့ တရုတ်က ယုံကြည်နေပုံရပြီး ဒါက မြန်မာ့ အရေးပကတိ ခြေအနေတခုလုံးအပေါ် အခြေခံကျကျ နားလည်မှု လွဲမှားနေတဲ့ တရုတ်ရဲ့ တွက်ချက်မှုကို ထင်ဟပ်နေတယ်” လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ အထက်မှာ သုံးသပ်ခဲ့တဲ့ ပါရဂူကျမ်းပြု မြန်မာသုတေသီက ထောက်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ချက်တွေကို အထူးသဖြင့် စစ်ခေါင်းဆောင်ရဲ့ တရုတ်ပြည် ခရီးစဥ်အပြီးမှာ ဆက်တိုက် တွေ့လာရပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နည်းပညာအကူအညီတွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ကောင်စီက မကြခဏ ထုတ်ပြန်လေ့ရှိသလို နောက်ထပ် အဓိက မဟာမိတ်နိုင်ငံဖြစ်တဲ့ ရုရှားရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး နားလည်မှုစာချွန်လွှာ (MOU) ထိုးပြီး လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံကတော့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တွေ့ဆုံဆွေးနွေးရေး ထုတ်ပြန်ချက်တွေကို ကြိုဆိုပြီး မြန်မာပြည် မြောက်ပိုင်းက ဖြစ်ပေါ် တိုးတက်မှုတွေကို အမြဲမပြတ် စောင့်ကြည့်နေကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian က ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပြီး တရုတ် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ထမ်မံသတိပေးကာ မြန်မာနိုင်ငံ မြောက်ပိုင်းက ငြိမ်းချမ်းရေး ဖြစ်စဥ် တွေမှာ ဆက်လက် အကူအညီပေးသွားမယ်လို့ ပြောထားပါတယ်။