ပုလောမြို့နယ် ကျေးရွာတွေ စစ်ကောင်စီ လေကြောင်းကတိုက်ခိုက် 

ပုလောမြို့

တနင်္သာရီတိုင်း ပုလောမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ပုလောဒေသမှာ ဒီသီတင်းပတ်ထဲ ဒေသခံ ၃၀ လောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီကနေ့ အောက်တိုဘာလ ၁၆ရက်နေ့မှာတော့လေကြောင်းကနေ စစ်ကောင်စီက ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်လို့ ဒေသခံတဦးက VOAကိုပြောပါတယ်။

"လက်ရှိမှာတော့ တိုက်ပွဲတွေက နေရာစုံပါပဲ ဒီနေ့ပုလောဘက်မှာဆိုရင် လေကြောင်းကနေ တိုက်ခိုက်တာတွေရှိတယ် ၊ ပလော ကြဲ ကျေးရွာဘက် မှာပါ၊ မီးလောင်ချောင်းနဲ့ နီးပါတယ်၊တော်တော်လေး တိုက်ပွဲကတော့ပြင်းထန်နေပါတယ် အခုဖြစ်နေတုန်းပါပဲ လေကြောင်းတိုက်ခိုက်နေတာ"

အောက်တိုဘာလ ၁၄ရက်နေ့တုန်းကတော့ ခပ်နီကျေးရွာအုပ်စု ခေါင်းလောင်းကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ရွာသား ၃၀နီးပါကို ဖမ်းဆီးထားတယ်လို့ ဒေသခံက ပြောပြပါတယ်။

"ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့တုန်းကလည်းခပ်နီကျေးရွာအုပ်စု တောင်ခေါင်းလောင်း ကျေးရွာတွေဘက်မှာလည်း ရွာထဲကို စစ်ကြောင်းဝင်ပြီးအရပ်သားတွေ ဖမ်းဆီးတာ၊ အိမ်တွေထဲကပြည်သူပိုင်ပစ္စည်းတွေယူတာ ရှိတယ် ရွာအနီးကမ်းနဘေးကလူနေအိမ်တွေမှာလည်း စစ်ကြောင်းတွေတပ်စွဲထားတယ်၊ ရွာသား ၃၀ဝန်းကျင်လောက်ဖမ်းထားတယ် ၊ သက်ကြီးရွယ်အိုတွေကိုတော့ပြန်လွှတ်ပေးတယ် ။ လူငယ်တွေကိုတော့ဖမ်းထားတယ် ၊ တချို့လူငယ်တွေကိုတော့လက်ပြန်ကြိုးတုတ်ပြီး ဖမ်းချုပ်ထားတယ်"

၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း အရပ်သားသေဆုံးမှု စုစုပေါင်း ၂၀ ဦးအထိ ရှိပြီး စစ်ကောင်စီတပ်တွေက သတ်ဖြတ်မှုကြောင့် သေဆုံးရတာများတယ်လို့ တနင်္သာရီတိုင်းအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ စစ်ဘေးရှောင်ဦးရေ စတဲ့ သတင်းအချက်အလက်တွေ ကောက်ယူနေတဲ့ FE5 တနင်္သာရီ အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ့ထုတ်ပြန်ချက်ထဲ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးချိန် ပစ်သတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်းတိုက်ခိုက်မှု ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကြောင့် သေဆုံးသူ ၁၇ဦးထိရှိတယ်လို့ ဆိုပါတယ် ။

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာဘက်မှာတော့ စစ်ကောင်စီတပ်က ရွာသားသုံးဦးကို ဖမ်းဆီးပြီးလက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားနဲ့သတ်ဖြတ်ထားကြောင်း၊ အလောင်းတွေကိုတော့ မောင်းမကန်စခန်းအနီးက စစ်ကောင်စီ တပ်စွဲထားတဲ့ရေတွင်းကနေ ပြန်တွေ့ခဲ့ပါတယ်။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဒလန်ရှင်းလင်းရေးသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူတချို့လည်းရှိတယ်လို့ အချက်အလက်ကောက်ယူတဲ့အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အခုဆိုရင်လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ဦးရေ ၆သောင်းနီးပါးရှိလာပြီလို့လည်း ဒေသတွင်း စစ်ဘေးရှောင် ကူညီနေသူတွေကလည်း ပြောပါတယ်။ တနင်္သာရီတိုင်း လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Your browser doesn’t support HTML5

ပုလောမြို့နယ် ကျေးရွာတွေ စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်